သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကျောင်းပစ်ခတ်မှု ဖလော်ရီဒါ မြန်မာမိသားစု စိုးရိမ်


ဖေဖော်ဝါရီ ၁၄ ရက်နေ့တုန်းက Parkland မြို့က အထက်တန်းကျောင်း တကျောင်းမှာ ပစ်ခတ်မှု ဖြစ်စဉ်

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Parkland မြို့က အထက်တန်းကျောင်း တကျောင်းမှာ လူငယ်တဦးရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသူကျောင်းသားတွေ အပါဝင် လူ(၁၇)ဦး သေဆုံးခဲ့ပြီးနောက် အဲဒီဒေသက လူ့အဖွဲ့အစည်းကြားမှာ စိုးရိမ်မှုနဲ့ နေထိုင်နေရတယ်လို့ Parkland မြို့နဲ့ မလှမ်းမကမ်းမှာ နေထိုင်တဲ့ ဆူရှီလုပ်ငန်းရှင် မြန်မာတဦးက ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ လက်နက်ထိန်းချုပ် ရေးကို တင်းကြပ်စွာ လုပ်ဆောင်ဖို့ လိုတယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတာပါ။ Parkland မြို့နားမှာနေထိုင်တဲ့ ကိုကျော်မိုးသူ ခေါ် ကိုဖီဖီကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ကိုဖီဖီတို့နေတဲ့ ဖလော်ရီဒါ Parkland မြို့က ကျောင်းတခုမှာ လူငယ်တယောက်က သေနတ်နဲ့ဝင်ပစ်ပြီး လူ(၁၇)ယောက် သေဆုံးတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ကိုဖီးဖီးတို့ စိတ်ထဲမှာ ဘယ်လို စိုးရိမ်ပူပန်မှုတွေ ဖြစ်ရလဲ။

ကိုဖီဖီ။ ။ စိုးရိမ်တာပေါ့၊ ကိုယ့်မှာလဲ သမီး ၂ယောက်က အထက်တန်းကျောင်း သွားနေတာဆိုတော့ .. စိုးရိမ်တာပေါ့။ ဒီအထက်တန်း ကျောင်းတွေက ဝင်တဲ့အချိန်မှာ ကျောပိုးအိတ် Backpack တွေကို အကုန်လုံးကို စစ်တယ်။ စစ်တဲ့ကြားထဲက သူက (သေနတ်သမားက) အနောက်ပေါက်ကနေ ဝင်လာတာဆိုတော့ လွတ်သွားတာပေါ့။ စိုးရိမ်ရပါတယ်။

မေး။ ။ သမီး ၂ယောက်ကလည်း နေ့စဉ် ကျောင်းသွားနေရတာဆိုတော့ တဖက်မှာလည်း မိဘတွေက အလုပ်လုပ်နေရတော့ သူတို့ ကျောင်းသွားနေတဲ့ အချိန်မှာ စိတ်အေးလက်အေးရော ရှိရဲ့လားခင်ဗျ။

ကိုဖီဖီ။ ။ ဘယ်ရှိမတုန်း၊ စိတ်က ဘယ်ဖြောင့်မတုန်း။ အဲဒီ ပစ်တယ်ကြားတဲ့နေက ဆိုရင်ပဲ .. အထက်တန်းကျောင်းဆိုတော့ ဘယ်နားမှန်းလဲ မသိတော့ ပထမဦးဆုံး ကိုယ့်သမီးကျောင်းလားဆိုပြီး စိုးရိမ်မိတာပေါ့။ ဒါပေမယ့် နဲနဲလှမ်းတဲ့နေရာ ဖြစ်နေတယ်။ ဆုံးသွားတဲ့ ကျောင်းသားတွေရဲ့ မိဘတွေအတွက် ကိုယ်ချင်းစာပါတယ်။

မေး ။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဒီပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်းမှာပေါ့ အဲဒီ ဖလော်ရီဒါက လူ့အဖွဲ့အစည်း အသိုင်းဝိုင်းကြားမှာရော ဘယ်လို ပြောဆို ဝေဖန်မှုတွေ ရှိနေပါလဲ။

ကိုဖီဖီ။ ။ အခုမနက်ပဲ သတင်းမှာကြားတာတော့ ဟို လက်နက်ကို ထိန်းချုပ်ဖို့ပေါ့နော် … Gun Control လုပ်ဖို့ကိုပဲ ကျောင်းသားမိဘ တွေက ပြောနေကြပါတယ်။ ဖလော်ရီဒါမှာ သေနတ်ဝယ်ရတာ အရမ်းလွယ်တယ်။ သေနတ်တွေက အပြင်မှာ အလွယ်တကူ ပျံ့နေတာပဲ။

မေး ။ ။ ဟုတ်ကဲ့၊ ဒီနေရာမှာပေါ့လေ .. ဖလော်ရီဒါပြည်နယ် ဥပဒေအရဆိုရင် အသက်(၂၁)နှစ်ပြည့်မှ ဘီယာတို့ အရက်တို့ ဝယ်လို့ရပြီးတော့ ၊ သေနတ်ကိုကျတော့ အသက်(၁၈)နှစ်ပြည့်တာနဲ့ အလွယ်တကူ ဝယ်လို့ရတဲ့အနေအထား ရှိတာကိုသိရတော့ ဒီပေါ်မှာရော ဘာများပြောချင်တာ ရှိပါသလဲ။

ကိုဖီဖီ။ ။ အဲဒီအတွက်ကို Gun Control လုပ်စေချင်တာပေါ့နော်။ သေနတ်က Criminal Record ရှိတဲ့လူ (ရာဇ၀တ်မှု ကျူးလွန်ဖူးသူ)က ဝယ်လို့မရဘူး။ ဒါပေမဲ့ Record မရှိတဲ့သူ တယောက်က ဝယ်ပြီးတော့ အပြင်မှာ အခြားလူတယောက်ကို ပြန်ရောင်းလို့ရတယ်။ နောက်ကြောင်းရာဇ၀င် ကင်းရှင်းမှု ရှိ/မရှိ Background Check မလိုပဲနဲ့ ရောင်းလို့ရတယ်။ အဲဒီတော့ လူကောင်းတယောက်က ဝယ်ပြီးတော့ ဒီလူဆိုးတယောက်ကို မသိပဲနဲ့ ရောင်းလိုက်မိရင်လည်း ဒါတွေက အများကြီး ပြဿနာရှိတယ်။

မေး ။ ။ ဆိုတော့ ဖလော်ရီဒါမှာ လက်နက်တွေကို ဘယ်လောက်ထိ အလွယ်တကူ ဝယ်လို့ရလဲ။

ကိုဖီဖီ။ ။ ၀ယ်လို့ရတာပေါ့ လက်နက်တွေ၊ ဈေးကွက်အနေထားကလည်း ဈေးပေါပေါတွေပဲ။ ဒီ Gun Shop တွေလဲရှိတယ်၊ Gun Shop ကတော့ Background Check နဲ့ဝယ်ရတာပေါ့။ ဒါပေမယ့် Gun Show မှာကျတော့၊ သေနတ် အရောင်းပြပွဲလုပ်ပြီးတော့ အဲဒီမှာ ကိုယ်ပိုင်တဲ့ သေနတ်တွေလည်း သွားပြီးရောင်း.. ၊ ပြီးရင် ကိုယ်ကြိုက်တဲ့ဟာ ပြန်ဝယ် - ဝယ်လို့ရတယ်။ ဘာမှ Background Check မလိုဘူး၊ ဘာအစစ်အဆေးမှလဲ မရှိဘူး။ ဒါ တရားဝင် Gun Show လုပ်ပြီး ရောင်းနေကြတာ။

မေး ။ ။ အခုလိုမျိုး ဖလော်ရီဒါ သေနတ်ပစ်ခတ်မှု ဖြစ်အပြီးမှာ သမ္မတ Donald Trump ကရော၊ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးကပါ ဒီသေနတ်ထိန်းချုပ်ရေး ကိစ္စအပေါ်မှာ အလေးထားပြောတာမျိုး မရှိပဲနဲ့ .. ကျောင်းတွေမှာ စိတ်ကျန်းမာရေးကို အဓိကဦးစားပေး ဖြေရှင်းရမယ်လို့ ပြောသွားတဲ့အပေါ်မှာရော ဘာများမှတ်ချက်ပေးချင်ပါသလဲ။

ကိုဖီဖီ။ ။ သူတို့ သားသမီးတွေ မသေသေးလို့ပေါ့။ အဲဒီအတွက်ကို ကျနော်က ဒေါသထွက် စိတ်တိုနေတာ။ ပြစ်မှုကင်းရှင်းကြောင်း ရောဂါ မရှိကြောင်း အဲဒါတွေအကုန်လုံး Background Check လုပ်ရတယ်။ Background Check နဲ့ Gun Control မလုပ်သရွေ့ကတော့ ပစ်ခတ်မှုတွေက တချိန်လုံး ဖြစ်နေမှာပဲ။

မေး ။ ။ နောက်တခုကလေ .. သမ္မတ Trump ရဲ့ ရီပတ်ဘလစ်ကန် အစိုးရက Gun Control ကို ထိန်းချုပ်ဖို့အတွက် သိပ်ပြီးတော့ အသံ မထွက်တာက ဘာ့ကြောင့်လို့ ယူဆပါသလဲ။

ကိုဖီဖီ။ ။ ကျနော့်ရဲ့ ယူဆချက်ကတော့ သေနတ်ထုတ်တဲ့ ကုမ္ပဏီတွေက ရီပတ်ဘလစ်ကန်တွေကို ပိုက်ဆံတွေ အရမ်းထောက်ပံ့ ထားတော့ သူတို့ကုမ္ပဏီအတွက် ကာကွယ်ပြီးတော့ လုပ်ပေးနေရတယ်လို့ပဲ ထင်ပါတယ်။

Parkland မြို့နားမှာနေထိုင်တဲ့ ကိုကျော်မိုးသူ ခေါ် ကိုဖီဖီကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG