သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမရပူရဆွမ်းကျွေး တစ်ထောင်နီးပါး အစာအဆိပ်သင့်


မန္တလေးတိုင်း အမရပူရမြို့က ပွဲတော်ဘုန်းကြီးကျောင်းတွင်း ပြုလုပ်တဲ့ အလှူကနေ ကျွေးမွေးတဲ့ အစားအစာကို စားမိတဲ့ လူပေါင်း တစ်ထောင်နီးပါးလောက် အစာအဆိပ်သင့်တာ ဖြစ်နေကြပါတယ်။ ဒီဘုန်းကြီးကျောင်းဝင်းအတွင်း မြစ်ရေတက်ချိန်က ဝင်ထားတဲ့ရေတွေဟာ ရေပုပ်တွေအဖြစ် တင်ကျန်နေသလို မသန့်ရှင်းတဲ့ရေနဲ့ ချက်ပြုတ်မိတဲ့ အစားအစာတွေကနေ အခုလို အဆိပ်သင့်တာ ဖြစ်တယ်လို့ လူနာတွေကို ကူညီပေးနေတဲ့ ဆရာဝန်တွေကပြောသလို များပြားတဲ့ လူနာတွေကြောင့် ဆေးဝါးအခက်အခဲလည်း ရှိနေတယ်လို့ ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

အမရပူရမြို့က ပွဲတော်နဲ့ ကြံတန်းရပ်မှာရှိတဲ့ ပွဲတော်ဘုန်းကြီးကျောင်းတွင်း ပြုလုပ်တဲ့ ရှင်ပြုနားသအလှူမှာ စတုဒီသာအဖြစ် နတ်သုဒ္ဒါနဲ့ ရေခဲမုန့်ကျွေးပြီး ဒီအလှူကိုလာစားကြတဲ့သူတွေ အစာအဆိပ်သင့်တာတွေ ဖြစ်နေကြတာပါ။ လူနာတွေဟာ ဒီကနေ့ နေ့လယ်ပိုင်းလောက်ကစပြီး ဗိုက်နာလာတာ၊ အန်တာ၊ ဝမ်းသွားတာမျိုးတွေအပြင် သွေးပေါင်ကျတာမျိုးတွေ ဖြစ်နေလို့ ဆေးခန်းကို လာပြကြပြီး သူတို့အားလုံးဟာ အလှူကကျွေးတဲ့ အစားအစာကို စားလာကြတဲ့ သူတွေချည်း ဖြစ်နေတာတွေ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ နောက်ပိုင်း ဆေးခန်းမှာ လူနာတွေ တဖြည်းဖြည်းနဲ့ မဆန့်တော့လို့ နောက်ဆုံး ပွဲတော်ဘုန်းကြီးကျောင်းဝင်းတွင်း ကူညီရေးဆေးခန်းဖွင့်ပြီး လူနာတွေကို ကြည့်ပေးနေရတယ်လို့ အဲဒီမှာကူညီပေးနေတဲ့ အမရသုခ အခမဲ့ဆေးခန်းက ဒေါက်တာ ဒေါ်ယုယုမေက ပြောပါတယ်။

“လူနာ ဘယ်လောက်လောက်ရှိလဲ ဆိုရင် ရွာလုံးကျွတ်ပဲ။ ကြံတန်းပွဲတော် အပြင်ကို သူတို့ဖိတ်ထားတဲ့ ပြင်ပဧည့်သည်တွေပေါ့လေ။ လူဦးရေကတော့ ထောင်ဂဏန်းလောက်တောင် ရောက်တော့မှာပဲ။ ကျမတို့ ဆေးခန်းက စာရင်းဇယားတောင် မှတ်ချိန်ကိုမရှိဘူး။ အမြန် အမြန်နဲ့ လုပ်နေရတဲ့အခါကျတော့။ ဆေးရုံကိုလည်း ပို့တယ်။ အမရပူရ ဆေးရုံမှာလဲ အပြည့်ပဲ။ နေရာကို မရှိတော့ဘူး။ တချို့ တောနေတဲ့သူတွေ၊ သွေးပေါင်ချိန် ကျနေတဲ့သူတွေကိုတော့ ကျမတို့ ကမ်းနားဆေးရုံကို လွှတ်တယ်။”

ပွဲတော် ဘုန်းကြီးကျောင်းဝင်းဟာ မကြာသေးခင်က မြစ်ရေလျှံတာကြောင့် ရေဝင်ထားတဲ့ ကျောင်းဝင်းတခု ဖြစ်သလို ခုချိန်ထိ ရေတွေဟာ ပြန်မကျသေးဘဲ ရေပုပ်တွေအဖြစ် တင်ကျန်နေတာ တွေ့နေရပြီး ဒီလိုဖြစ်ရတာဟာ မသန့်ရှင်တဲ့ရေကြောင့် ဖြစ်ဖို့များတယ်လို့လည်း ပြောပါတယ်။

“ပွဲတော် ကျောင်းဝင်းအတွင်းမှာက ရေဝင်တဲ့နေရာဖြစ်နေတယ်။ အခုဟာက မြစ်ရေ တိုးလာတဲ့အခါကျတော့ အဲဒီရေတွေက ရှိနေပြီးတော့ အဲဒီအနားမှာ အိမ်သာရှိတယ်။ အိမ်သာနဲ့ အသုံးပြုတဲ့ အဝီစိတွင်း ရေကန်ပါပဲ။ အိမ်သာနဲ့ ရေကန်က ၁၅ ပေလောက်ပဲ ကွာမယ်။ အဲဒီ ရေကန်နဲ့ ထမင်းဟင်းချက်တဲ့ နေရာကလည်း ၁၅ ပေလောက်ပဲ ထပ်ကွာမယ်။ အဲဒီ ရေကန်ရော၊ အိမ်သာရော ပတ်ဝန်းကျင်မှာက စိမ့်ရေတွေနဲ့ ညစ်ပတ်နေတာပေါ့နော်။ ပလက်စတစ်တွေ၊ ဘူးခွံတွေ၊ အဝတ်စုတ်တွေ အကုန်လုံး ညစ်ပတ်နေတဲ့ နေရာတွေပေါ့နော်။ အဲဒီတော့ အဝီစိတွင်းကလည်း စိမ့်ရေတွေကနေ ထွက်လာတဲ့ရေတွေ ဖြစ်မှာပေါ့နော်။ အဲဒီရေတွေကို အသုံးပြုပြီးတော့ ထမင်းဟင်း ချက်ရတာကိုး။”

အစာအဆိပ်သင့်တဲ့လူနာတွေ တဆထက်တဆ ပိုများပြားလာလို့ အကူအညီပေးတဲ့ လူမှုရေးဆေးခန်းတွေမှာ ရှိနေတဲ့ ဆေးဝါးနဲ့ ဓါတ်ဆားတွေ မလုံလောက်တော့ဘူးလို့ ဆရာဝန်တွေကပြောသလို သက်ဆိုင်ရာ အာဏာပိုင်တွေဆီကလည်း ခုချိန်ထိ အကူအညီလာပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

“အာဏာပိုင်တွေကတော့ ဘယ်သူရယ်လို့၊ ဘယ်ဝါရယ်လို့လဲ မပြောဘူး။ ဘုန်းကြီးကို မေးကြည့်တော့လဲ ကျုပ်ကိုလည်း ဘာမှမပြောဘူးတဲ့။ ဒါပေမဲ့လို့ ဝင်လိုက်ကြ၊ ထွက်လိုက်ကြနဲ့ ရဲတွေလည်း လာပြီးတော့ ဓါတ်ပုံတွေလည်း ရိုက်လိုက်ကြ၊ တောင်ကြည့်လိုက်ကြ မြောက်ကြည့်လိုက်ကြ၊ ဟိုဒီ လျှောက်ကြည့် လိုက်ကြနဲ့ အဲဒီလိုတော့ ကြည့်နေတာပဲ။ ဘုန်းဘုန်း ပတ်ဝန်းကျင်မှာ ဒီလူနာတွေ အန်သွားတဲ့ဟာတွေ၊ ဝမ်းလျှောပြီးတော့ လုံခြည်မှာ ပေပွပြီးတော့ ယင်ကောင်တွေ တလောင်းလောင်းနဲ့ပေါ့နော်၊ အဲဒါတွေကို သူတို့ ဆေးဖြန်းပေးမယ် မပြောဘူးလား၊ ဘာတွေများ လာလျှောက်ထားသေးလဲလို့ မေးတော့ ဘုန်းကြီးက ကျုပ်ကို ဘာမှမပြောဘူးတဲ့။ ကျုပ်လည်း ဘာမှမမေးဘူးတဲ့။ အဲဒီလို ပြောတာပဲ။ အခုကို ဓါတ်ဆားထုပ်က ပြတ်သွားပြီ။ ဓါတ်ဆားထုပ် ပြတ်သွားတော့ တောင်မြို့ထဲမှာ လိုက်ဝယ်တော့လည်း မရတော့ဘူး။ ကျမတို့ ဝယ်ထားတော့ အကုန် ပြတ်သွားပြီပေါ့နော်။ ဒရစ်စက်နဲ့ ပုလင်းတွေလည်း အကုန်ပြတ်သွားပြီ။ အဲဒီအခါကျတော့ အခု ကျမတို့ ဓါတ်ဆားထုပ်ရဖို့ရယ်၊ ဒီပတ်ဝန်းကျင်မှာရှိတဲ့ ရေတွေကို ကျမတို့ကို မသောက်ပါနဲ့ဦး ဆိုပြီးတော့ ကျမတို့က ရေသန့်လှူဖို့ကို ကြိုးစားနေတာပေါ့နော်။ ကျမတို့ အခု ပတ်ဝန်းကျင်မှာတော့ လူနာတွေ အန်ထားတဲ့ဟာတွေ၊ ရေတွေ ညစ်ပတ်နေတာတွေကို ဆေးဖြန်းဖို့လည်း ကျမတို့ အဖွဲ့တစ်ဖွဲ့ကို အကူအညီ တောင်းထားတယ်။”

ဒီကနေ့ အမရပူရမြို့နယ် ပွဲတော် ကြံတန်းရပ်မှာ ဖြစ်နေတဲ့ အစာအဆိပ်သင့် အခြေအနေတွေကို ကိုယ်တိုင် ကူညီပေးနေတဲ့ ဒေါက်တာဒေါ်ယုယုမေ ပြောပြခဲ့တာပါ။ အစာအဆိပ်သင့်ကြတဲ့ လူနာတွေထဲက အခြေအနေဆိုးသူတွေကို ကမ်းနားလမ်းက ကူးစက်ဆေးရုံ၊ အမရပူရဆေးရုံအပြင် မန္တလေးဆေးရုံတွေကို ပို့နေရသလို ဘုန်းကြီးကျောင်းဝင်း ထဲမှာလည်း ဆေးသွင်းပြီး ကုသပေးနေတာတွေနဲ့ ကူညီထားရပါတယ်။

XS
SM
MD
LG