လာမယ့် နိုဝင်ဘာလ မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စတင်နေချိန်မှာ ဘာသာရေးကို နည်းလမ်းတခု အနေနဲ့သုံးပြီး သွေးခွဲမှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ချေကို စိုးရိမ်ပူပန်တဲ့အကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး အပါအဝင် အနောက်နိုင်ငံ သံရုံး ၉ ရုံးကနေ ပူးတွဲထုတ်ပြန်ကြေညာပါတယ်။
ရွေးကောက်ပွဲ စည်းမျဉ်းနဲ့ ဥပဒေတွေကို အသုံးပြုတဲ့နေရာမှာ လူမျိုး၊ ဘာသာ၊ နိုင်ငံရေးပါတီမရွေး မျှတမှုရှိစေဖို့နဲ့ တသမတ်တည်း ရှိဖို့၊ ပွင့်လင်းမြင်သာမှု ရှိဖို့တွေကိုလည်း တိုက်တွန်း တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ သွေးကွဲမှုနဲ့ အရပ်ဘက် ပဋိပက္ခတွေ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့ဖူးတဲ့အတွက် ရွေးကောက်ပွဲ ငြိမ်းချမ်းပြီး အားလုံး ပါဝင်နိုင်ဖို့၊ သည်းခံစိတ်၊ အပြန်အလှန် လေးစားစိတ်နဲ့ ကျောသားရင်သား မခွဲခြားဘဲ မျှတမှုရှိတဲ့ တရားဥပဒေ ဖြစ်ရေး၊ အသိအမြင် ကျယ်ပြန့်လာစေရေး၊ နှိုးဆော်ပေးပါဆိုပြီး မြန်မာအစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်နဲ့ ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံသားအားလုံးကို တိုက်တွန်းထားပါတယ်။
သြစတြေးလျသံရုံး၊ ကနေဒါသံရုံး၊ ဒိန်းမတ်သံရုံး၊ ပြင်သစ်သံရုံး၊ နော်ဝေးသံရုံး၊ ဂျပန်သံရုံး၊ ဆွီဒင်သံရုံး၊ ဗြိတိလျှသံရုံးနဲ့ အမေရိကန်သံရုံးတို့က ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နိုင်ငံများဆိုပြီး ရွေးကောက်ပွဲနဲ့ စပ်လျဉ်းတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘာသာရေးနဲ့ လူမျိုးရေး ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့တာကြောင့်၊ အလားတူ ထပ်ဖြစ်လာမှာကို နိုင်ငံတကာက စိုးရိမ်နေခဲ့တာပါ။