သုံးရလွယ်ကူစေသည့် Link များ

နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံခြားသတင်းထောက်တွေ သတင်းယူနိုင်ဖို့ သက်တမ်းတစ်လရှိတဲ့ ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မနေ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲသတင်းယူဖို့ ကန့်သတ်ချက်တွေကို တွေ့နေရဆဲဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ တရားမျှတမှုရှိပါ့မလားဆိုတာ သူတို့အနေနဲ့ စိုးရိမ် မိကြောင်း CPJ ခေါ် သတင်းထောက်များကာကွယ်ပေးရေးကော်မတီကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ သတင်းဌာနတွေက နိုင်ငံခြား သတင်းထောက်တွေကို (၁) လ သက်တမ်းရှိ ပြည်ဝင်ခွင့်ဗီဇာ ထောက်ခံဆောင်ရွက်ပေးနေကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ အဲဒီမှာ နိုင်ငံခြား သတင်းထောက်တွေ သတင်းရယူနိုင်ဖို့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်းဖေါ်ပြထားပါတယ်။ အခုလို ရွေးကောက်ပွဲမှာသတင်းယူဖို့ နိုင်ငံခြားသတင်းထောက်တွေကို ခွင့်ပြုတာကိုကြိုဆိုပေမဲ့ သတင်းထောက်တွေအပေါ် ကန့်သတ်ချက်တွေကို တွေနေရဆဲဖြစ်သလို လက်တွေ့မှာ ရွေးကောက်ပွဲသတင်းတွေကို ဘယ်လောက်ထိ လွတ်လွတ်လပ်လပ်ယူခွင့်ရမလဲဆိုတဲ့အပေါ်မှာမူတည်နေမှာဖြစ်တယ်လို့ နယူးရောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များကာကွယ်ပေးရေးကော်မတီရဲ့ အာရှအစီအစဉ်လုပ်ငန်းညှိနှိုင်းရေးမှူး Bob Deitz ကဗွီအိုအေကိုပြောပါတယ်။

“နိုင်ငံခြားသတင်းထောက်တွေနဲ့ ပြည်တွင်းသတင်းထောက်တွေအပေါ်ထားတဲ့ ကန့်သတ်ချက်နဲ့ စည်းမျဉ်းတွေဟာ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့မှာ သူတို့ ဘယ်လောက် ထိထိရောက်ရောက်ဖြစ်အောင်ဆောင်ရွက်မလဲ၊ ဘယ်လိုကြားဝင်နှောင့်ယှက် ဟန့်တားမှုတွေရှိမလဲဆိုတဲ့ တကယ့်လက်တွေ့ လုပ်ဆောင်မယ့်အပေါ်မှာ မူတည်မှာဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ကျနော်တို့အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို လုပ်ပေးနိုင်ပါ့မလားဆိုတာ ကမ္ဘာကစောင့်ကြည့်နေပါတယ်။”

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ပြည်ဝင်ခွင့်ဗီဇာရတဲ့ နိုင်ငံခြား သတင်းထောက်တွေအနေနဲ့ ရွေးကောက်ပွဲကျင်းပချိန်မှာ မဲရုံပရဝုဏ်အတွင်း ဝင်ရောက်သတင်းယူမယ်ဆိုရင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွေရဲ့ခွင့်ပြုချက်ရဖို့လိုတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါဟာ ကန့်သတ်ချက်တခုလိုဖြစ်နေပြီး ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ သတင်းထောက်တွေအနေနဲ့ သတင်းတွေကို လွတ်လွတ်လပ်လပ်ယူခွင့်ရဖို့အရေးကြီးတယ်လို့ Bob Deitz ကပြောပါတယ်။

“အများလက်ခံတဲ့ခိုင်လုံတဲ့ရွေးကောက်ပွဲဖြစ်လာဖို့ သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍဟာ အလွန်အင်မတန်မှအရေးပါတယ်ဆိုတာကို အစိုးရအနေနဲ့ လက်ခံရမှာဖြစ်ပါတယ်။ ကန့်သတ်ချက်တွေကိုမြင်ရတဲ့အခါမှာ ကျနော်တို့စိုးရိမ်မိပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းယူရာမှာ ဘယ် အတိုင်းအတာထိ လွပ်လပ်ခွင့်ရမလဲ၊ မျှမျှတတဖြစ်ပါ့မလားဆိုတာ ကျင်းပမယ့်နေ့ကျရင်ဖြစ်ရပ်တွေအပေါ်မှာ မူတည်မှာဖြစ်ပါတယ်။”

ပြည်တွင်းမှာလည်း ရွေးကောက်ပွဲသတင်းယူမယ့်သတင်းထောက်တွေအတွက် ကန့်သတ်ချက်တွေရှိနေတယ်လို့ Mandalay Journalism School တာဝန်ခံ ကိုစန်းယုကျော်ကပြောပါတယ်။

“ပြည်တွင်းမှာလည်း ကျနော်တို့က သက်ဆိုင်ရာခရိုင် ကော်မရှင်ကို သွားတင်ရမယ်။ ကိုယ်ယူမယ့် မဲရုံရှိတဲ့ဒေသပေါ့နော်။ အဲဒီမှာလည်း အဲဒီကိုသွားယူဖို့ ပြည်တွင်းသတင်းထောက်တွေ တော်တော် အခက်အခဲတွေ့နေတယ်။ တစ်ခေါက်တည်းနဲ့သွားလို့မရဘူး၊ နှစ်ခေါက်သွားမှ အဆင်ပြေမှာ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားသားသတင်းထောက်တွေရော၊ ပြည်တွင်းသတင်းထောက်တွေရော သတင်းယူဖို့အခြေအနေက အခုနပြောသလို သူတို့ရဲ့ UEC ရဲ့လုပ်ဆောင်ချက်တွေ၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့လုပ်ဆောင်ချက်တွေက ကျနော်တို့ သတင်းသမားတွေအတွက် အခက်အခဲတွေ ပိုရှိစေတယ်လို့ ကျနော်မြင်တယ်။”
ရွေးကောက်ပွဲသတင်း ယူမယ့် နိုင်ငံခြားသတင်းထောက်တွေအတွက် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲ သတင်းရယူခွင့် အသိအမှတ်ပြု ကတ်ပြားတွေကို ထုတ်ပေးမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ သတင်းတွေကို ယူနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ထောက်ခံထားတဲ့ ပြည်ဝင်ခွင့်ဗီဇာထောက်ခံချက်စာကိုပါ တခါတည်းယူဆောင်ထားဖို့လိုကြောင်းနဲ့ တာဝန်ရှိသူတွေက တိုက်ပြီး စစ်ဆေးရာမှာ ပြသဖို့လိုတယ်လို့ ရေးသားထားပါတယ်။

အခုလို နိုင်ငံခြားသတင်းထောက်တွေကို ရွေးကောက်ပွဲမှာသတင်းယူခွင့်ကို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း မြန်မာအစိုးရက ခွင့်ပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG