သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးရွှေမောင်ပယ်ချခံရမှု ပြည်ပရိုဟင်ဂျာအဖွဲ့တွေ ရှုတ်ချ


နောက်တကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပယ်ချခံရတဲ့ ဦးရွှေမောင်
နောက်တကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပယ်ချခံရတဲ့ ဦးရွှေမောင်

မကြာခင်ကျင်းပတော့မယ် ၂၀၁၅ ရွေးကောက်ပွဲမှာ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရဲ့လျှောက်လွှာ ပယ်ချခံရတဲ့အပေါ် လူမျိုးရေးခွဲခြားမှုအဖြစ် ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ရှုတ်ချလိုက်ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေအရ ရခိုင်ပြည်နယ် တွင်းက White Card လို့ခေါ်တဲ့ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် မရှိတာကြောင့် နိုင်ငံတကာက မျှော်လင့်ထားသလို လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ လည်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်ရှင်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ကျရင် ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အမည်စာရင်း တင်သွင်းခဲ့ကြ သူတွေထဲက ကိုယ်စားလှယ်တချို့ရဲ့ လျှောက်လွှာတွေကို နိုင်ငံသားဖြစ်မှုနဲ့ ဆက်နွယ်ပြီး ဒေသဆိုင်ရာ ကော်မရှင်ရုံးတွေကနေ ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ လက်ရှိ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ ဦးရွှေမောင်လည်း ပါဝင်ပြီး သူဟာ မြန်မာနိုင်ငံသား မိဘနှစ်ဦးကမွေးဖွားသူမဟုတ်တဲ့အတွက် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (ဂ) အပိုဒ် (င) အရ ရွေးချယ်ပိုင်ခွင့်မရှိဘူးလို့ တိုင်ကြားခံခဲ့ရတာကြောင့် သူ့ရဲ့လျှောက်လွှာကို မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်ကနေ ပယ်ချခဲ့တာပါ။ ဒီလိုပယ်ချလိုက်တာဟာ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးရေးခွဲခြားမှုအဖြစ် ဥရောပရောက် ရိုဟင်ဂျာများကောင်စီ ERC က ကန့်ကွက်ခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ERC ဒုဥက္ကဌ ဦးလှတင် က -

“ဦးရွှေမောင်ဟာ လက်ရှိ ပြည်သူ့လွှတ်တော်အမတ်တယောက်၊ ပြီးတော့ ဦးရွှေမောင် ပညာသင်ထားတာကလည်း ရန်ကုန်စက်မှု တက္ကသိုလ်ကနေ ဘွဲ့ရထားတာ။ အဲဒီ ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတာက နိုင်ငံသားမဟုတ်တဲ့သူတွေ တက်ခွင့်မရှိတဲ့ တက္ကသိုလ်၊ အဲဒီကနေ ဘွဲ့ရထားတာ။ လက်ရှိလည်း သူက ပြည်သူ့လွှတ်တော်မှာ အမတ်တယောက်၊ မိဘတွေဆိုရင်လည်း နိုင်ငံသား စစ်စစ်တွေ၊ သူ့အဖေဆိုရင် ရဲအရာရှိတယောက်၊ သူ့အမေဆိုရင်လည်း ကျောက်တော်မှာ မွေးလာတာ၊ သူ့အဖိုးအဖွားတွေ ကလည်း ရခိုင်ပြည်မှာပဲမွေးပြီး ရခိုင်မှာပဲ နေလာတဲ့သူတွေ၊ သူတို့က နိုင်ငံသားစစ်စစ်တွေပါ။ ဒီဥစ္စာ လုံးဝ သံသယရှိစရာ မရှိပါဘူး။ အဲ့လိုလူကိုမှ သူတို့က နိုင်ငံသားမဟုတ်ဘူးဆိုပြီး ပယ်လိုက်တာက ဒါ တမင်သက်သက် လူမျိုးခွဲခြားတဲ့သဘော သက်ရောက်နေတယ်။”

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့တဲ့ ဦးရွှေမောင်ကို အခုတကြိမ်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်မှာကို ဟန့်တားရာ ရောက်တယ်လို့လည်း လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း-UK ရဲ့ဥက္ကဌဖြစ်သူ ဦးထွန်းခင် တို့လို လှုပ်ရှားသူတွေက မြင်ပါတယ်။

“ဦးရွှေမောင်အပါအဝင် တခြားကိုယ်စားလှယ်တွေ အကုန်လုံး သူတို့အဖေအမေတွေက NRC လို့ခေါ်တဲ့ အမျိုးသားမှတ်ပုံတင် ကဒ်တွေ ရှိပြီးသားဖြစ်ပါတယ်။ ၁၉၅၀ ကျော် ၆၀ ဝန်းကျင်လောက်မှာ NRC က နိုင်ငံသားအဖြစ် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ကိုင်ထားတဲ့ မှတ်ပုံတင်တခု သူတို့မှာရှိခဲ့ပါတယ်။ အဲ့ဒါကို အခုမှ နိုင်ငံသားမဟုတ်ဘူးဆိုတော့ ဒါဟာ လူမျိုးရေးခွဲခြားမှု၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံရေးမှာပါဝင်ခွင့်ကို သူတို့က တခါတည်းကို အပြီးသတ် ချုပ်ငြိမ်းတဲ့ပုံစံမျိုးနဲ့ လုပ်နေတယ်ဆိုတာ ပေါ်လွင် ပါတယ်။”

မေး - ဒါပေမဲ့ အခု ဒီဥပဒေအရဆိုရင် NLD က ကိုယ်စားလှယ်လောင်းတချို့ဆိုလည်း လျှောက်လွှာပယ်ခံရတဲ့အထဲမှာ ပါတယ်ပေါ့နော်။ ဒါက ရိုဟင်ဂျာကိုချည်း ပစ်မှတ်ထားတာမျိုးရော ဖြစ်နိုင်ပါ့မလားရှင့်။

ဖြေ - ကျနော်တို့ထင်သလောက်က ရိုဟင်ဂျာအပါအဝင် လူနည်းစုပေါ့နော်။ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် ပိုပြီး ဖိအားရောက် တာပေါ့နော်။ ဦးရွှေမောင်အပါအဝင် ဦးကျော်မင်း၊ ဦးအဘူတာဟဲ ဒီလူတွေအားလုံးက လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြီးတော့ ဦးကျော်မင်းဆိုရင်လည်း ၁၉၉၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအနေနဲ့ ပါဝင်ခဲ့တယ်။ အရင်က ဘာတခုမှ သူတို့မှာ အဟန့်အတား မရှိခဲ့ဘူး။ အခုက ရိုဟင်ဂျာတွေကို သူတို့က နိုင်ငံခြားအနေနဲ့ လုပ်ဖို့ စနစ်တကျ ရည်ရွယ်ထားတဲ့ အတွက် ပယ်ရခြင်းဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ လျှောက်လွှာပယ်ချခံရသူတွေထဲမှာတော့ - NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်နဲ့ ရခိုင်ပြည်နယ် မောင်တောခရိုင်ကနေ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ က အမျိုးသမီးကိုယ်စားလှယ် ဒေါ်ခင်ခင်လွင်တို့လည်း ပါဝင်ကြပါတယ်။ ဦးရွှေမောင် အပါအဝင် သူတို့ အားလုံးကတော့ - ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံ ဝင်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲမှာ အရင်က မဲပေးခွင့်ရရှိခဲ့တဲ့ White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေကို မြန်မာ သမ္မတအမိန့်နဲ့ တရားမဝင်တော့ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေသာ မဲပေးခွင့်ရတော့မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ပြဌာန်းလိုက်တာကြောင့် - သိန်းနဲ့ချီတဲ့ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ဆုံးရှုံးမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့လည်း မြန်မာရိုဟင်ဂျာများအသင်း-UK က ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ အခုလို ဆက်ပြောခဲ့ပါတယ်။

“ဒါက ဒီမိုကရေစီ လမ်းကြောင်းသွားတာ မဟုတ်ဘူး။ လူနည်းစုကို ဖိနှိပ်မှုဆိုတဲ့ အသွင်တခုကို ဆောင်နေတယ်။ ပြီးတော့ နိုင်ငံတကာ အနေနဲ့လည်း မြန်မာနိုင်ငံမှာ Free and Fair Election မဖြစ်နိုင်ဘူးဆိုတာ ကျနော် ထောက်ပြချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုဟင်ဂျာလူမျိုး ၁၃ သိန်းက မဲပေးပိုင်ခွင့် မရှိဘူးဆိုတဲ့နိုင်ငံတနိုင်ငံမှာ Free and Fair Election ဖြစ်နိုင်ပါ့ မလားဆိုတာ နိုင်ငံတကာကလည်း ဒါကို စဉ်းစားသင့်တယ်။ အမြန်ဆုံး ဖိအားပေးသင့်တယ်လို့ ကျနော် ထင်ပါတယ်။”

လောလောဆယ် ရခိုင်ပြည်နယ်မှာ White Card ကိုင်ဆောင်ထားသူ ၆ သိန်း ၆ သောင်းကျော်ရှိပြီး - White Card အစား နိုင်ငံသားစစ်ဆေးခံရမည့်သူလက်မှတ်တွေကို လာမယ့် ၃၁ ရက်နေ့အထိ ထုတ်ပေးသွားမှာဖြစ်ပေမဲ့ ၄ သိန်းနီးပါးလောက်ကပဲ လာရောက်အပ်နှံထားတယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ပြောဆိုထားပါ တယ်ရှင်။

XS
SM
MD
LG