သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ကာတာ မြန်မာပြည်ရောက်


အမေရိကန်သမ္မတဟောင်း Jimmy Carter
အမေရိကန်သမ္မတဟောင်း Jimmy Carter
အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) ဟာ ဧပြီလ ၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိနေပြီး အခု နေပြည်တော်မှာ ရောက်ရှိနေပြီဖြစ် ပါတယ်။ ဒါဟာ မတ်လ ၂၉ ရက်နေ့ကနေ ဧပြီ ၆ ရက်နေ့အထိ နီပေါနဲ့ မြန်မာ နှစ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ နီပေါမှာ ရောက်ရှိနေတဲ့ သူ့ရဲ့ ကာတာစင်တာ အဖွဲ့အစည်းကနေ ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကို လေ့လာစောင့်ကြည့်မယ်လို့ သမ္မတဟောင်းက ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံ ကိုတော့ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) နဲ့ ဇနီးသည် ရိုစလင်း ကာတာ (Rosalynn Carter) တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နီပေါနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ခရီးစဉ်အတွင်း ပြုပြင်ပြောင်း လဲရေး ဖော်ဆောင်နေတဲ့ နီပေါနိုင်ငံမှာ ထိပ်တန်း အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ သလို၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေအပြင် သာမန်လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပဖြစ်မယ်လို့ ယူဆရတဲ့ ကာလကြာရှည် ဆိုင်းငံ့ခဲ့တဲ့
ရွေးကောက်ပွဲကိုလည်း သူ့ရဲ့ ကာတာစင်တာအနေနဲ့ စောင့်ကြည့်လေ့လာသွားမှာ ဖြစ် တယ်လို့ သမ္မတဟောင်း ကာတာက ပြောပါတယ်။ တနင်္လာနေ့က ခတ်မန်ဒူ မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကာတာက နီပေါနိုင်ငံမှာ မကြာသေးခင်က တိုးတက်မှုတွေ တွေ့ရှိခဲ့ရလို့ သူ့အနေနဲ့ အားတက်မိတဲ့အကြောင်းနဲ့ ဒီမိုကရေစီကို ဖော်
ဆောင်ဖို့ နီပေါနိုင်ငံရဲ့ သံဓိဌာန်ခိုင်မာမှုကိုလည်း ချီးကျူးတဲ့အကြောင်း သတင်းထောက်
တွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့လို့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးနဲ့ပတ်သက်လို့ လုပ်ဆောင်ချက်တွေ အများကြီး ကျန်နေသေးတယ်လို့ သူက ပြောပါတယ်။

“လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ခြင်း မရှိခဲ့တဲ့အတွက် ကျနော့်အနေနဲ့ သိပ်ကို စိတ်ပျက်မိပါတယ်။ လက်ရှိ အစီအစဉ်ကိုတော့ ယာယီအဖြစ် ကျနော် ရှုမြင်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တကြိမ်သုံး အရေးပေါ် အစီအစဉ်ပါပဲ။ နီပေါမှာ အများရှုမြင်ကြတယ်လို့ ကျနော်ထင်တဲ့အချက်ဖြစ်တဲ့ ကျနော်လည်း ထောက်ခံတဲ့အချက်က ရွေးကောက်ပွဲကို ဇွန်လမှာ ကျင်းပနိုင်မှာ မဟုတ်ပါဘူး။ မုတ်သုံရာသီအပြီးလောက်မှ ကျင်းပနိုင်မှာမို့ နိုဝင်ဘာလလောက် မှ ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။”

နီပေါနိုင်ငံဟာ အရင် ဘုရင် ဂျနန်ဒြာ (Gyanendra) ကို သူ့ရဲ့ အာဏာရှင် အုပ်ချုပ်မှုစနစ် စွန့်လွှတ်စေဖို့ လမ်းခင်းပေးရာ ရောက်စေခဲ့တဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က စလို့ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ရွေးကောက်ခံ လွှတ်တော်အနေနဲ့ ရာစုနှစ်နဲ့ချီ ရှိခဲ့တဲ့ ဘုရင်စနစ်ကို ဖျက်သိမ်းပြီး နိုင်ငံကို နီပေါသမ္မတနိုင်ငံအဖြစ် ထူထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

လွှတ်တော်မှာ ဘယ်နိုင်ငံရေး ပါတီကမှ အများစုနေရာ မရခဲ့ကြတဲ့အတွက်ကြောင့်လည်း ညွန့်ပေါင်းအစိုးရ အဆက်ဆက်ဟာ လအနည်းငယ်ပဲ သက်တမ်းခံခဲ့ရပါတယ်။

သမ္မတဟောင်း ဂျင်မီ ကာတာနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နီပေါခရီးစဉ်အပြီး မြန်မာနိုင်ငံ ကို ဆိုက်ရောက်ရာမှာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

သမ္မတဟောင်း ကာတာအနေနဲ့ မြန်မာနိုင်ငံမှာ ရောက်ရှိစဉ် သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ အစိုးရ ထိပ်တန်းအရာရှိတွေ အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး ပါတီခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေအပြင် သာမန် လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

သမ္မတဟောင်းကာတာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အချိန်ဟာ မတ်လ ၂၀ ရက်နေ့က မိတ္ထီလာကနေ စတင်ခဲ့တဲ့ မူဆလင်တွေအပေါ် အကြမ်းဖက်မှု ဖြစ်ပွားပြီးခဲ့တဲ့ ကာလနဲ့ လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

သမ္မတဟောင်းဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သတင်းမီဒီယာ ပွင့်လင်းမှုနဲ့ နိုင်
ငံရေး အကျဉ်းသားတွေ လွတ်မြောက်မှု အပါအဝင် စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလကို ဘယ်လို အကူအညီပေးနိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

သမ္မတဟောင်း ကာတာအနေနဲ့ လာမယ့် သောကြာနေ့ ဧပြီလ ၅ ရက်နေ့မှာတော့ ပတ်ခ် ရွိုင်ရယ်ဟိုတယ်မှာ ညနေပိုင်း ၇ နာရီ ၁၅ မိနစ်မှာ မိန့်ခွန်းပြောကြားဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ဒီ့နောက် သမ္မတဟောင်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံ ကနေ ထွက်ခွာမှာဖြစ်ပါတယ်။ သမ္မတဟောင်း ဂျင်မီ ကာတာ ထူထောင်ခဲ့တဲ့ ကာတာစင်တာဟာ နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတာဖြစ်ပြီး ကမ္ဘာတဝှမ်း ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာ
ခြင်းအားဖြင့် ဒီမိုကရေစီကို ထောက်ခံအားပေးနေတာလည်း ဖြစ်ပါတယ်။

အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်းဟာ ၁၉၈၁ ခုနှစ်မှာ အိမ်ဖြူတော်ကနေ ထွက်ခွာအပြီး ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့အတွက် အားကြိုးမာန်တက် ဆောင်ရွက်မှုကြောင့် သူဟာ ၂၀၀၁ ခုမှာ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG