သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ခေါင်းဆောင်တွေ ဖို့ဝိန်းဆွေးနွေးပွဲတက်ရောက်


ဖို့ဝိန်းမြို့မှာကျင်းပနေတဲ့ ၈၈ မျိုးဆက်ညီလာခံ။ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၃)။ ဓာတ်ပုံ - အတာ
ဖို့ဝိန်းမြို့မှာကျင်းပနေတဲ့ ၈၈ မျိုးဆက်ညီလာခံ။ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၃)။ ဓာတ်ပုံ - အတာ
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနေအထား စစ်စစ်မှန်မှန် ပြောင်းလဲဖို့ လိုနေသေးတယ်လို့ အမေရိကန်ပြည်ထောင်စုက ိုရောက်လာတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေက ပြောပါတယ်။ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများ အားလုံး ပါဝင်တဲ့လမ်းစဉ်တခုကို ချမှတ်နိုင်ဖို့ အပါအဝင် ဆွေးနွေးမှုတွေလုပ်ဖို့ ကိုမင်းဇေယျဦးဆောင်တဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေဟာ အမေရိကန်ပြည်ထောင်စုကို ရောက်နေပြီး မနေ့ကတော့ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်အောင် က ဖို့ဝိန်းမြို့မှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့တာတွေကို ခုလိုပြောပါတယ်။

“ဒီနေ့က နိုင်ငံတကာ ၈၈ မျိုးဆက်ညီလာခံပါ။ ဖို့ဝိန်းမြို့မှာလုပ်တယ်။ အဲဒီမှာ ကိုမင်းဇေယျက ပြောသွားတာက မြန်မာပြည်ထဲမှာ လက်ရှိနိုင်ငံရေးအနေအထားက စစ်စစ်မှန်မှန် ပြောင်းလဲဖို့ဆိုတဲ့ဟာက လိုအပ်လိမ့်ဦးမယ်လို့ သူက ပြောသွားပါတယ်။ မြန်မာပြည်ထဲကို သူတို့ပြန်သွားတဲ့အခါမှာ ပြောနိုင်ဖို့အတွက် သူတို့က အားလုံးကလည်း အသိပေးပါ။ နိုင်ငံရေးအရဘာတွေလုပ်ဖို့ လိုမလဲ၊ လိုအပ်တာတွေကိုလည်း အကြံပေးပါဆိုပြီးတော့ ဒီ ညီလာခံကို တက်ရောက်လာတဲ့ ပြည်တွင်းက ကျောင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။ သူတို့ပြောတဲ့အထဲမှာ နောက်တခုကတော့ ပြည်ပမှာ ရောက်ရှိနေတဲ့သူတွေအနေနဲ့လည်း အတတ်နိုင်ဆုံး စည်းလုံးညီညွတ်ရေးရအောင် တည်ဆောက်ပြီးတော့မှပဲ လုပ်စရာရှိတဲ့အလုပ်တွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့လည်း ပြောဆိုသွားပါတယ်။

“ဒီ ညီလာခံကို ပြည်တွင်းမှာရှိတဲ့ ကျောင်းသားတချို့ကလည်း အင်တာနက်ကိုအသုံးပြုပြီးတော့ ဝင်ရောက်ဆွေးနွေးပါတယ်။ ပြီးတော့ သူတို့ ဒီမှာ ဘာတွေ ဆွေးနွေးတယ်ဆိုတာကို ပြည်တွင်းက ကျောင်းသားတချို့က ကြားနိုင်သလိုပဲ၊ ပြည်တွင်းက ကျောင်းသားတွေကလည်း အင်တာနက်ကနေတဆင့် သူတို့တွေရဲ့ သဘောထားတွေကို ပြောဆိုဆွေးနွေးတာတွေလည်း ရှိပါတယ်။”

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကနေရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းဇေယျက အခုလို ပြောပါတယ်။

“ဒီနေ့ပွဲကတော့ ဖို့ဝိန်းမှာရှိတဲ့ ၈၈ မျိုးဆက်တွေကလုပ်တဲ့ ညီလာခံပါ။ ညီလာခံဖွင့်ပွဲ ပေါ့နော်။ ကျနော်တို့ ဆွေးနွေးပွဲဝိုင်းတွေပေါ့နော်။ ဝိုင်းလေးတွေ ခွဲ ခွဲပြီးတော့ ဆွေးနွေး နေကြတယ်။ ခေါင်းစဉ် ၅ ခုပေးပြီးတော့ ဆွေးနွေးနေကြတယ်။ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်တဲ့ ညီညွတ်ရေးလမ်းစဉ် တခုကို အဖြေရှာရန်ပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ အဓိပ္ပာယ်ပြည့်ဝသော ပြုပြင်ပြောင်းလဲရေး လမ်းစဉ်တို့ကို နှိုင်းယှဉ် ဆွေးနွေးရန်ပေါ့။ နံပါတ် (၃) ကတော့ နိုင်ငံရေးယုံကြည်ချက်နဲ့ ပြည်ပကိုရောက်ရှိနေကြတဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူများရဲ့ မူလနိုင်ငံသားဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးသွားရန်။ နံပါတ် (၄) ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ကူးပြောင်းရေးကာလတွင် ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန်၊ နောက်ဆုံးခေါင်းစဉ်ကတော့ လူမျိုးစုရေးရာများနှင့် ပတ်သက်၍ ခိုင်မာသောယုံကြည်ချက်များကို ဖော်ပြနိုင်ရေးအတွက် ဆွေးနွေးရန် ဆိုတဲ့၊ အဲဒီခေါင်းစဉ် ၅ ခုကို ဆွေးနွေးပွဲဝိုင်းလေးတွေ လုပ်ပြီးတော့ ဆွေးနွေးနေကြတယ်။”

ပြည်ပမှာရောက်နေတဲ့ ၈၈ မျိုးဆက်တွေနဲ့ပတ်သက်ပြီးတော့ရော ကိုမင်းဇေယျရဲ့အမြင်ကို သိပါရစေခင်ဗျ။

“စိတ်ဓာတ်ပိုင်းဆိုင်ရာအရကတော့ ယခင်အတိုင်းပါပဲ။ very strong ပါ။ ဆိုတော့ အားရစရာကောင်းပါတယ်။ နောက်ပြီးတော့ ဒီညီလာခံလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ပြည်ပရောက်နေတဲ့ ၈၈ မျိုးဆက်တွေကို တစုတစည်းတည်း ဖြစ်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့အတွက် စုစည်းတဲ့၊ ရည်ရွယ်တဲ့ ပထမဆုံးခြေလှမ်း လို့ပဲ ကျနော် မြင်ပါတယ်။ ဒီလိုခြေလှမ်းမျိုးတွေကို တခြားဒေသ အသီးသီးမှာ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ပြည်ပရောက် ၈၈ မျိုးဆက်တွေကို စုစည်းနိုင်မယ်လို့ ကျနော်မျှော်လင့်ထားပါတယ်။”

ဒီပွဲပြီးရင် အမေရိကန်ပြည်ထောင်စုမှာ တခြား ဘာတွေ လုပ်သွားဖို့ရှိပါသေးလဲ။

“ကျနော်တို့က ဒီညနေမှာ LA ကို ပြန်မယ်။ ၇ ရက်နေ့မှာ မြန်မာမိသားစုတွေကို ကျနော်တို့ တွေ့ဆုံပွဲရှိပါတယ်။ တခါ ကျနော်တို့ နယူးယောက်ကိုသွားမယ်။ ဝါရှင်တန်ကို ဝင်မယ်။ ပြီးတော့မှ မြောက်ကာရိုလိုင်းနား နဲ့ ဘက်ဖဲလိုးကို ကျနော်တို့ ဆက်ပြီးတော့ သွားမှာပါ။ အားလုံးခရီးစဉ်အချိန် တပတ်ကျော်ကျော်လောက် ကျန်ပါသေးတယ်။”
XS
SM
MD
LG