သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လမြိုင်နဲ့ Fort Wayne တို့ ချစ်ကြည်ရင်းနှီးမှုမြို့တော် ဖြစ်ရေးဆွေးနွေး


 မော်လမြိုင်မြို့နှင့် အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန့်မြို့တို့အကြား ချစ်ကြည်ရင်းနှီးမှုမြို့တော်ထူထောင်ထားသည့် Fort Wayne Sister Cities International Inc အဖွဲ့သည် မြန်မာ သံအမတ်ကြီးနှင့်တွေ့ဆုံ (Myanmar Embassy Washington DC)
မော်လမြိုင်မြို့နှင့် အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန့်မြို့တို့အကြား ချစ်ကြည်ရင်းနှီးမှုမြို့တော်ထူထောင်ထားသည့် Fort Wayne Sister Cities International Inc အဖွဲ့သည် မြန်မာ သံအမတ်ကြီးနှင့်တွေ့ဆုံ (Myanmar Embassy Washington DC)

ဖို့ဒ်ဝိန်းနဲ့ မော်လမြိုင် မြို့နှစ်မြို့ကို Sister Cities ခေါ် ချစ်ကြည်ရင်းနှီးမှုမြို့တော် အဆင့်ရောက်ဖို့အမေရိကန်ဆိုင်ရာ မြန်မာအသံအမတ်ကြီးနဲ့တွေ့ဆုံဆွေးခဲ့ကြောင်း ဖို့ဒ်ဝိန်းမြို့ Sister Cities ဖြစ်မြောက်ရေးတာဝန်ရှိသူတွေက ဗွီအိုအေကိုပြောပါ တယ်။ မြို့နှစ်မြို့မှာနေထိုင်တဲ့ ပြည်သူ အချင်းချင်းအပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် အနာဂတ် အစီအစဉ်တွေရှိနေတယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် မှာ မြန်မာဒုက္ခသည် သောင်းနဲ့ ချီအခြေချ နေထိုင်တဲ့ ဖို့ဒ်ဝိန်းနဲ့ မြန်မာနိုင်ငံ မွန်ပြည်နယ်မြို့တော် မော်လမြိုင် တို့ကို Sister Cities ဖြစ်ရေး နှစ်နဲ့ချီကြိုးပမ်းလာရာမှာ ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလာမှာ Friendship မိတ်ဖက်အဆင့်အဖြစ် နှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့တာပါ။ အခု နောက်တဆင့် Sister Cities ဖြစ်ဖို့အတွက် အမေရိ ကန်ပြည်ထောင်စု ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မျိုးထွဋ် နဲ့ ပြီးခဲ့တဲ့ စနေနေ့က ဝါရှင်တန်ဒီစီ မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဖို့ဒ်ဝိန်းမြို့ရဲ့ International Sister Cities ဥက္ကဋ္ဌ Dorothy Kittaka ကဗွီအိုအေကို ပြောပါတယ်။

“နောက်လဆိုရင် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်လွဲှပြောင်းပေးအပ်ခံရမယ့် လက်ရှိ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ အချိန် တနာရီခွဲကြာအောင် ကျမတို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်တုန်းက ပထမဆုံးအကြိမ်တွေ့ဆုံပွဲမှာ သူကပဲ Sister Cities အဖြစ် မော်လမြိုင်အပြင် ပဲခူးကိုပါ ထည့်သွင်းစဉ်းစားဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် ကျမတို့ ပဲခူးမြို့ကို သွားရောက်လေ့လာခဲ့ပါသေးတယ်။ ဒါပေမဲ့ ဖို့ဒ်ဝိန်းက မြန်မာတွေရဲ့ ဆန္ဒမဲအရ မော်လမြိုင်မြို့ကိုပဲ ရွေးချယ်ခဲ့ကြတာပါ။ အစိုးရအချင်းချင်းမဟုတ်ပဲ ပြည်သူအချင်းချင်း ဘယ်လိုအကျိုးပြုဆောင်ရွက်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ Sister Cities ဖြစ်မြောက်ရေးကျမတို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။”

ဝါရှင်တန်ဒီစီမှာ ဇူလိုင် (၁၃- ၁၆)ရက်နေ့ထိကျင်းပတဲ့ နိုင်ငံတကာ Sister Cities အနှစ် (၆၀)ပြည့်အခမ်းအနား တက်ရောက်လာတဲ့ Fort Wayne Sister Cities International Inc (FWSCll) အဖွဲ့ဟာ ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ မြန်မာသံရုံးမှာ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာသံအမတ်ကြီးနဲ့ တာဝန်ရှိသူတွေဘက်ကလည်း အကြံအဉာဏ်တွေပေးခဲ့တာနဲ့ ပတ်သက်လို့ ဖို့ဒ်ဝိန်းနဲ့ မော်လမြိုင် Sister Cities ဖြစ်မြောက်ရေး ဥက္ကဌ ဒေါ်မင်းမင်းထွေးငယ်က ဗွီအိုအေကို ပြောပါတယ်။

“ဒီသံရုံးက တာဝန်ရှိတဲ့လူတွေအားလုံးက welcome ဖြစ်တယ်။ ဆက်ပြီးတော့ လုပ်သွားဖို့လည်း အားပေးတယ်။ အကြံအဉာဏ်တွေလည်းပြုတယ်။ အဓိကတော့ ကျမတို့ ၂ နိုင်ငံ ကူးလူးဆက်ဆံတဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေအောင် သူတို့ဘက်က လုပ်ပေးနိုင်တဲ့ဟာတွေ အကြံပေးနိုင်တဲ့ဟာတွေကို သူတို့လုပ်ပေးခဲ့ပါတယ်။”

လက်ရှိ Frienship မိတ်ဖက်အဆင့်မှာလည်း မကြာခင်အနာဂတ် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အကူအညီတွေပေးနိုင်ရေး အစီအစဉ်တွေရှိနေကြောင်း Dorothy Kittaka ကအခုလို ပြောပါတယ်။

“လာမယ့်တနှစ် နှစ်နှစ်အတွင်း ဒီက ဆရာမတွေကနေ မော်လမြိုင်ကိုသွားပြီး အင်္ဂလိပ်စာ သင်ကြားပေး နိုင်မယ်လို့ ကျမတို့မျှော်လင့်ထားပါတယ်။ ကျမတို့ မော်လမြိုင် မသွားခင်မှာ အမေရိကန် လုပ်ငန်းရှင်တွေနဲ့ အရင်တွေ့ဆုံပြီး အဲဒီမှာ ရင်းနှီးမြှုပ်နှံမှုဖို့အတွက် အဆက်အသွယ်တွေရရှိနိုင်ဖို့ ဆွေးနွေးခဲ့တာပါ။ အခုဆိုရင် Franklin Electric ကုမ္ပဏီ ဟာ မော်လမြိုင်မှာရှိတဲ့ စီပွားရေးလုပ်ငန်းတချိုနဲ့ ချိတ်ဆက်မိနေပါပြီ။ နောက်ပိုင်းမှာလည်း မော်လမြိုင်မြို့က တက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေကို သွားရောက် ပညာသင်ကြားပေးမယ့်အစီအစဉ်မျိုးတွေ၊ နောက် ဆေးရုံမှာ ရေသန့်စင်ကိရိယာတပ်ဆင်ပေးဖို့ စတာတွေကူညီဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ်တွေရှိနေပါတယ်။”

Sister Cities ဖြစ်မြောက်ရေး အဓိကလိုအပ်ချက်တွေကိုတော့ ဒေါ်မင်းမင်းထွေးငယ်က အခုလိုပြောပါတယ်။

“ကျမတို့ ဒီအလုပ်တွေက Citizen အချင်းချင်း ရင်းနှီး ပရဟိတအလုပ်တွေ Volunteer အလုပ်တွေဖြစ်တယ်။ ပညာရေး၊ လူမှုရေး၊စီးပွားရေး ၊ ယုံကြည်မှု ဒါတွေကို လဲလှယ်ကြတာ။ ဆိုတော့ ဒီအပေါ်မှာ ဘယ်အရာမှ တဦးတယောက်ထဲလုပ်လို့မရဘူး။ ၂ နိုင်ငံလုံးနဲ့ ပူးပေါင်းပြီးလုပ်ရတာဖြစ်တယ်။ တကယ်ပဲ ၂ နိုင်ငံရဲ့အကျိုး၊ ယဉ်ကျေးမှုကို လဲလှယ်ကြတယ်။အကျိုးရှိစေချင်တယ်ဆိုရင်တော့ အားလုံး ဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်တယ်။ ပြီးတော့ ဒီအလုပ်တွေက အချိန်ပေးရတဲ့အလုပ်တွေဖြစ်တယ်။ တယောက်နဲ့တယောက် တနိုင်ငံနဲ့ တနိုင်ငံ ၊ အဖွဲ့အစည်းတခုနဲ့တခု ၊ ကျမတို့ နားလည်မှု ရင်းနှီးမှု၊ ယုံကြည်မှုတွေ ဒါတွေတည်ဆောက်ရပါတယ်။ အဲဒါတော့ အချိန်ပေးရပါတယ် ဒီအလုပ်တွေက။

မေး။ ။ ဟုတ်ကဲ့ ဒါဆိုရင် ဖို့ဒ်ဝိန်းနဲ့ မော်လမြိုင်က Friendship အဆင့်ကနေ Sister Cities ဖြစ်ဖို့ ဘယ်လိုအဆင့်တွေ ဆောင်ရွက်ဖို့ လိုနေသေးလဲရှင့်။

ဖြေ။ ။ အခုက မြန်မာပြည်လည်း အစိုးရအပြောင်းအလဲဖြစ်တော့ အခုတက်လာတဲ့အစိုးရတွေနဲ့ ဆက်သွယ်ဖို့လိုတယ်။ ပြီးတော့ ဒီဘက်က နိုင်ငံက မြို့ဝန်တွေနဲ့ သူတို့ကလည်း ထက်ပြီးတော့ Agreement ထပ်လုပ်ဖို့အတွက်လိုတယ်။ ကျမတို့အဲဒီအဆင့်ရောက်ဖို့အတွက် ဆက်ပြီးတော့ ကြိုးစားရမှာပေါ့နော်။”

လက်ရှိ ဖို့ဒ်ဝိန်းမြို့ရဲ့ Sister Cities တွေအဖြစ် ဂျပန်၊ ပိုလန်၊ ဂျာမနီနဲ့ တရုတ် စတဲ့ ငါးနိုင်ငံမှာလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG