အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေခံခဲ့ရချိန်က တိုင်းပြည်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာလူမျိုး အများဆုံး နေထိုင်ရာ မြို့ဖြစ်ပါတယ်။ အခုလို မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့ အချိန်မှာ ဖို့ဝိန်းမြို့က မြန်မာအသိုင်းအဝိုင်းအနေနဲ့ မိမိတို့ဇာတိမြေကို ပြန်လည် အကူအညီပေးနိုင်ဖို့ မျှော်လင့်နေကြကြောင်း ဗွီအိုအေသတင်းထောက် Erikc Celeste ရဲ့သတင်းပေးပို့ချက်ကို မခွာညိုက ပြောပြပေးပါမယ်။
ဖို့ဝိန်းမြို့မှာ မြန်မာဒုက္ခသည်တွေအခြေချနေထိုင်ခဲ့တဲ့ ၂၅ နှစ်မြောက် ပြည့်ချိန်မှာ ကိုယ့်တိုင်းပြည်အတွက် ပြန်ပြီးတော့ ကူညီခွင့်ရတာ ဝမ်းသာတယ်လို့ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Burmese Advocacy Center အဖွဲ့ကို ပူးတွဲ တည်ထောင်သူ ဒေါ် မင်းမြင့်နန်းတင်က ပြောပါတယ်။
“ကျမတို့ ဖို့ဝိန်း၊ အင်ဒီယားနားပြည်နယ်နဲ့ မြန်မာနိုင်ငံက မော်လမြိုင်မြို့ မွန်ပြည်နယ်မြို့တော်နဲ့ပေါ့- Friendship စာချုပ် ချုပ်ဆိုတဲ့အဆင့်အထိ ရောက်သွား တာတော့ ကျမအနေနဲ့ အများကြီး ဝမ်းသာတယ်။ ဘာကြောင့်လဲ ဆိုတော့ နှစ်ရှည် ကာလမှာ မြန်မာနိုင်ငံအတွက် တတ်နိုင်သလောက် တဘက်တလမ်းကနေပြီးတော့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့သူတွေထဲမှာ အခုလို နှစ်ဦးနှစ်ဘက် အကျိုးရှိမယ့် - ပြည်သူတွေအတွက်ပေါ့နော် အကျိုးရှိမယ့်ကိစ္စကို လုပ်ဆောင်ခွင့်ရတာဟာ ကျမအနေနဲ့ အများကြီးဝမ်းသာပါတယ်။ ကိုယ့်အိပ်မက်တစ်ခုကို ဖော်ဆောင်ခွင့်ရတယ်လို့ ယုံကြည်ပါတယ်။”
ဖို့ဝိန်းမြို့မှာ မြန်မာလူမျိုး ၁ သောင်း အခြေချနေထိုင်ရေး မှာလည်း အဓိက အခန်းက ပါဝင်ဆောင်ရွက် ပေးခဲ့သူဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ The Friendship City အစီအစဉ်ဟာ Sister Cities ရဲ့ အဖွဲ့ခွဲငယ်တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မနှစ်တုန်းက ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲအပြီး အရပ်သား အစိုးရ တာဝန်လွှဲပြောင်းယူမယ့် အခုလိုအချိန်မျိုးမှာ အမေရိကန်မှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ အတွက်လည်း အပြောင်းအလဲတွေ အများကြီး ရှိလာနေပါပြီ။ မြန်မာဒုက္ခသည်အတော်များများဟာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေရှိနေကြပြီး ဒီလုပ်ငန်းတွေထဲမှာ ကုန်စုံဆိုင် ၁၃ ဆိုင်၊ စားသောက်ဆိုင်ကြီး ၃ ခု၊ ဆံပင်အလှပြင်ဆိုင် ၂ ခုနဲ့ ကားဝယ်ရောင်း လုပ်ငန်းကုမ္ပဏီ တစ်ခုတို့လည်း ပါဝင်ပါတယ်။ ဒုက္ခသည်မိသားစုတွေအတွင်းမှာ အမေရိကန်နိုင်ငံသားတွေ ဖြစ်လာကြပြီး အင်္ဂလိပ်စကားပြောတတ်တဲ့ မျိုးဆက်တစ်ဆက်ဆီ ကူးပြောင်းလာပြီဖြစ်တဲ့အကြောင်း Sister Cities ရဲ့ ဥက္ကဋ္ဌ Dorothy Kittaka က ပြောပါတယ်။
“ဒီမြို့မှာ သူတို့တွေက အောင်မြင်နေကြတယ်၊ ဒါကြောင့်လည်း ကိုယ့်ဇာတိနိုင်ငံကို ပြန်ပြီးကြည့်မယ်၊ အဲဒီမှာရှိနေတဲ့လူတွေနဲ့ဆက်သွယ်ပြီး ဘယ်လိုအကူအညီတွေ ပေးနိုင်မယ်ဆိုတာကို မေးမြန်းကြည့်ကြဖို့ ဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲတုန်းက Sister Cities ရဲ့ဒုတိယ ဥက္ကဋ္ဌ Tom Herr အပါအဝင် ဖို့ဝိန်း မြန်မာ အသိုင်းအဝိုင်းက အဖွဲ့ဝင် ၉ ဦးတို့ဟာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်အတွင်းက မော်လမြိုင်မြို့ကို သွားခဲ့ ပါတယ်။ သူတို့ရဲ့ ခရီးစဉ်အတွင်း ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ကို တခြားတခြားတိုင်းပြည်တစ်ခုကနေပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို လေ့လာနိုင်သလဲဆိုတာနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ ဆိုတာတွေကို လေ့လာခွင့်ရရှိရေး လက်မှတ်ရေးထိုးကြဖို့လည်း ပါဝင်ပါတယ်။
“သူတို့ဟာ အကူအညီတွေ သိပ်ကိုလိုအပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်း စာမျက်နှာသစ် စတဲ့အချိန်မှာ ကျနော်တို့တွေက ဘယ်လို အကူအညီတွေ ပေးနိုင် မှာလဲဆိုတာကို သူတို့အနေနဲ့ သိပ်ပြီးတော့ မျှော်လင့်ချက်ထားနေကြတယ်လို့ ကျနော် ထင်ပါတယ်။”
Sister Cities အဖွဲ့ဟာ သူတို့ ဘယ်လို ကူညီပေးနိုင်မလဲဆိုတာကို နေရာ အတော်များများမှာ သက်သေပြ နိုင်ခဲ့ပြီးပါပြီ။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက -စွမ်းအင်ရင်းမြစ် မရတဲ့ ဒေသတွေမှာ လျှပ်စစ်စွမ်းအင်ရဖို့နဲ့ သောက်သုံးရေ ထုတ်ယူနိုင်ရေးတွေ အပြင်ဒေသတွင်းဆေးရုံတွေမှာလိုအပ်နေတဲ့ ဆေးရုံသုံးပစ္စည်းသစ်တွေကို လှူဒါန်းကူညီပေးဖို့နဲ့ အင်္ဂလိပ်စာသင်တန်းတွေ ဖွင့်လှစ်ဖို့တွေကိုလည်း ကူညီပေးမှာ ဖြစ်ပါတယ်။
Sister Cities ရဲ့ဥက္ကဋ္ဌ Dorothy Kittaka က
“ဒီလိုနဲ့စပြီး မြန်မာနိုင်ငံမှာ အခုလိုသွားပြီး အတွေ့အကြုံတွေ ရကြမှာဖြစ်ပါ တယ်။ ကျောင်းတွေကိုသွားကြည့်မယ်။ ကိုယ့်နိုင်ငံကို ပြန်မြင်ရမယ်။ မြန်မာပြည် သူတွေကို ပြန်တွေ့ရမယ်။ လူတစ်ဦးချင်းစီအလိုက် အဆက်အသွယ်ရပြီး ကူညီနိုင်ကြမှာဖြစ်ပါတယ်။”
ဒီနှစ်ကုန်ပိုင်းလောက်မှာ ကော်မတီဥက္ကဋ္ဌ ဒေါ်မင်းမြင့်နန်းတင်ဟာ မြန်မာပြည်ကိုသွားရောက်ဖို့ စီစဉ်ထားပြီး သူ့ခရီးစဉ် ပြီးတဲ့နောက်၂၀၁၇ ခုနှစ်ကျရင် ဖို့ဝိန်းနဲ့ မော်လမြိုင်မြို့တို့က ကျောင်းသူကျောင်းသားတွေ ဖလှယ်ရေး အစီအစဉ် စတင်မှာ ဖြစ်ပါတယ်။