သုံးရလွယ်ကူစေသည့် Link များ

ပညာရေးကိစ္စ ကျောင်းသားနဲ့အာဏာပိုင် သဘောတူညီမှုရ


(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြန်ဆင်ရေး ဒီကနေ့ ကျင်းပတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျောင်း သားတွေ တောင်းဆိုတဲ့ အချက်တွေကို အစိုးရနဲ့လွှတ်တော်ဘက်က လိုက်လျော သဘောတူလိုက်ပြီ ဖြစ်ပါ တယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦးထဲမှာ အစိုးရ၊ လွှတ်တော်၊ NNER ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ (ကွန်ယက်) နဲ့ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲ ဆက်လက် ကျင်းပနေဆဲဖြစ်ပါတယ်။

ဆွေးနွေးပွဲ နောက်ဆုံးရအခြေအနေ သိနိုင်ဖို့ လွှတ်တော်မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို မေးကြည့်တဲ့အခါ သူ့က ဆွေးနွေးပွဲ ရလဒ်တွေကို အခုလို စပြောပြပါတယ်။

ဖြေ။ ။ “ဟုတ်ကဲ့ခင်ဗျ၊ ဒီနေ့ ရန်ကုန်လွှတ်တော်မှာ ဆွေးနွေးတဲ့ ဆွေးနွေးပွဲက ကျောင်းသားတွေဖက်က တောင်းဆိုတဲ့အချက် (၁၁) ချက်စလုံးကို သဘောတူတယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ။ ဒီ (၁၁) ချက်ထဲမှာ ပါဝင်တဲ့ အသုံးအနှုန်းတချို့ကို ပြန်ပြီးတော့ အဖွဲ့တွေဖွဲ့ပြီးတော့ အသုံးအနှုန်းတချို့ကို ပြန်ပြီးတော့ ဆွေးနွေးတာကလွဲရင် (၁၁) ချက်လုံးကိုတော့ သဘောတူတယ်ဆိုတဲ့ အဆင့်ကိုတော့ ရောက်သွားပါပြီခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ပါရှင့်။ ဒီသဘောတူလိုက်တဲ့ (၁၁) ချက်ကို ဘယ်လိုဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိတယ်လို့ သိထားပါသလဲရှင့်။

ဖြေ။ ။ “အခုလောလောဆယ် ကျနော်တို့ သိထားသလောက်ကတော့ ဒီအထဲမှာပါတဲ့၊ ဆွေးနွေးပွဲထဲမှာပါတဲ့ သူတွေက ကော်မတီတွေဖွဲ့မယ်၊ နောက်ရက်တွေမှာ သူတို့ သက်ဆိုင်ရာ ကော်မတီတွေဖွဲ့ပြီးတော့ သက်ဆိုင်ရာ အချက်အလိုက် လွှတ်တော်နဲ့ဆိုင်ရင် လွှတ်တော်နဲ့ အစိုးရနဲ့ ဆိုင်တယ်ဆိုရင် အစိုးရနဲ့ NNER နဲ့ ပတ်သက်တယ်ဆိုရင် NNER နဲ့ သူတို့ ကော်မတီတွေ အသီးသီး ဖွဲ့ပြီးတော့ နောက်ရက်တွေမှာ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်လို့ ကျနော်တို့ နောက်ဆုံး အခြေအနေအရ သိထားရပါတယ်ခင်ဗျ။ ဆွေးနွေးတာတွေကလည်း အသေးစိတ် အချက်အလက်တွေပါမယ်။ နောက်ပြီးတော့ အသုံးအနှုန်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပါလိမ့်မယ်ခင်ဗျ။”

(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

မေး။ ။ ဟုတ်ကဲ့၊ အခုလက်ရှိ ဆွေးနွေးပွဲရဲ့ နောက်ဆုံး အခြေအနေကရော ဘယ်လိုများ ရှိပါသလဲရှင့်၊ ဘာအစီအစဉ်တွေ ဆက်ပြီး လုပ်ဖို့ ရှိပါသလဲ။

ဖြေ။ ။ “အခုလက်ရှိကတော့ သူတို့အထဲမှာ ဆက်ပြီးတော့ တချို့အချက်အလက်တွေကို ဆွေးနွေးနေတယ်လို့ သိထားရပါတယ်ခင်ဗျ။ ခနနေကျရင်တော့ နောက်ထပ် နာရီဝက် တနာရီလောက်ကြာတဲ့ အခါကျရင်တော့ သူတို့က အထဲမှာ သတင်းစာ ရှင်းလင်းပွဲတခု လုပ်ပြီးတော့ (၁၁) ချက် ဆွေးနွေးခဲ့တယ်ဆိုတဲ့ အကြောင်းတွေနဲ့ တခြား သတင်းထောက်တွေ သိလိုတာတွေကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖြေမယ်လို့ ကျနော်တို့ကို ပြောထားပါတယ်ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့၊ အခု ဒီ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ဘယ်အချိန်လောက်က စပြီးတော့ ဘယ်သူတွေ တက်ရောက်တာ တွေ့ရပါသလဲ ကိုစည်သူ။

ဖြေ။ ။ “ဒီနေ့လုပ်တဲ့ ၄ ပွင့်ဆိုင် အစည်းအဝေးကို မနက် ၁၀ နာရီလောက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ လုပ်ပါတယ်ခင်ဗျ။ အစိုးရဖက်က သမ္မတရုံးဝန်ကြီး ဦးလှထွန်း တက်တယ်။ ကျောင်းသားတွေဖက်က ကျောင်းသား ကိုယ်စားလှယ်တွေလာတယ်။ NNER က ကိုယ်စားလှယ်တွေတက်တယ်။ ပြီးတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ရွေးချယ်ပြီး စေလွှတ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပါပါတယ်ခင်ဗျ။ တဖွဲ့ကို သူတို့ ကနဦး သဘောတူထားတဲ့ အတိုင်းပဲ တဖွဲ့ကို အယောက် ၂၀ စီ တက်ပြီးတော့ Moderator ပွဲကို လာပြီးတော့ လေ့လာတဲ့လူ ၂ ယောက်၊ တယောက်က ဒေါက်တာ အောင်ထွန်းသက်၊ နောက်တယောက်က ဒေါက်တာ ကျော်သူဆိုတာ ပါပါတယ်ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ ကိုစည်သူရေ ပထမ ဒီ လေးပွင့်ဆိုင်က ရန်ကုန် စိန်ရတုခန်းမမှာလုပ်တယ်။ ဒုတိယက နေပြည်တော်မှာ လုပ်တယ်ပေါ့နော်။ နေပြည်တော်မှာ နည်းနည်း အခက်အခဲလေးတွေရှိလို့ သူတို့ ရက်ရွှေ့ဆိုင်းလိုက်ရတာရှိတော့ အခု တတိယအကြိမ်မြောက် ရန်ကုန်လွှတ်တော်မှာ ဆွေးနွေးပွဲလုပ်တော့ ဒီဆွေးနွေးပွဲကိုရော ကိုစည်သူတို့ မီဒီယာအနေနဲ့ပေါ့ ဒီဆွေးနွေးပွဲရဲ့ အနေအထားက ပြီးခဲ့တဲ့ ၂ ခုထက်စာရင် ဘာများ ထူးခြားတာ တွေ့ပါသလဲရှင့်။

ဖြေ။ ။ “ဒီနောက်ဆုံးဆွေးနွေးပွဲကတော့ ရှေ့ကဆွေးနွေးပွဲတွေထက်စာရင် ပိုပြီးတော့ ပြေပြစ်တယ်၊ ချောမွေ့တယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ဆွေးနွေးပွဲ စတဲ့အချိန်မှာပဲ အစိုးရဘက်က တက်လာတဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်း က ဒီဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အစိုးရဘက်က လွှတ်တော်ဘက်က တတ်နိုင်သမျှ လိုက်လျောဖို့အတွက် သူတို့ ပြင်ဆင်လာပါတယ်လို့ ဒီဆွေးနွေးပွဲ စစချင်းမှာပဲ သူတို့ စပြောပါတယ်။ ဒီကျောင်းသားတွေဘက်ကလည်း သူတို့ လိုချင်တာတွေကို ကျောင်းသားတွေဘက်ကလည်း လွှတ်တော်နဲ့ အစိုးရဘက်က တချို့အချက်အလက်တွေ အားလုံးကို ညှိနှိုင်းလို့ သဘောတူပြီးသွားရင်လည်း ကျောင်းသားတွေရဲ့ သပိတ်ကို ရပ်နားပေးဖို့ အစိုးရဘက်က တောင်းဆိုပါတယ် ဆိုပြီးတော့ အဖွင့်မှာကတည်းက သူက စ ပြောပါတယ်။ ပြီးတော့ ကျန်တာတွေလည်း ဆွေးနွေးတာ၊ ဆွေးနွေးတာ အချက်အလက်တွေကို ခပ်မြန်မြန်ပဲ သဘောတူသွားတယ်ဆိုတဲ့ အခြေအနေမျိုး ရှိပါတယ်။ ဆိုတော့ နောက်ဆုံး ဆွေးနွေးပွဲက ရှေ့က ဆွေးနွေးပွဲ ၂ ကြိမ်ထက်စာရင်တော့ အများကြီးကို ချောမောတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ ကိုစည်သူ။ အခု ဒီသွားနေတဲ့ ပင်မ သပိတ်စစ်ကြောင်းတွေ သွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော သူတို့ ဘာသဘောတူညီမှု ရတယ်လို့ သိထားပါသလဲရှင့်။

ဖြေ။ ။ “ဒီကနဦးမှာတော့ သူတို့က သပိတ်စစ်ကြောင်းတွေကတော့ ဆွေးနွေးတဲ့အချိန်မှာ ရှိနေဦးမယ်ဆိုတာမျိုး ပြောပါတယ်။ ဒါပေမဲ့ အစိုးရဘက်က တောင်းဆိုတာကတော့ ဒီ ၁၁ ချက်ကိုသာ သဘောတူခဲ့မယ်ဆိုရင် သပိတ်စစ်ကြောင်းတွေကို ရပ်နားပေးဖို့ တောင်းဆိုထားပါတယ်။ ဆိုတော့ အခုလောလောဆယ်တော့ သူတို့ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာကို ကျနော်တို့က သတင်းစာရှင်းလင်းပွဲမှာပဲ သိခွင့်ရမှာမို့လို့ လောလောဆယ် အခုအနေအထားအထိတော့ တိတိကျကျ မသိရသေးပါဘူးခင်ဗျ။ သပိတ်တွေ ရပ်မယ်၊ မရပ်ဘူး ဆိုတာကို အခုထိတော့ တိတိကျကျ မသိရသေးပါဘူးခင်ဗျ။”

XS
SM
MD
LG