သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွတ်လပ်ရေးနေ့ အခြေချမြန်မာတွေဆင်နွဲှ


Independence Day fireworks are seen over the US Capitol and Washington Monument in Washington, DC
Independence Day fireworks are seen over the US Capitol and Washington Monument in Washington, DC

ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၁ နှစ်ပြည့် လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတဝှမ်းမှာရှိတဲ့ အမေရိကန်တွေကလည်း အလားတူ ပျော်ပွဲရွှင်ပွဲတွေ၊ တီးမှုတ် ကခုန်ပွဲတွေ၊ အလှပြ ချီတက်တာတွေ ပြုလုပ်ကြမှာ ဖြစ်သလို ညဘက်မှာ မီးရှုးမီးပန်းတွေ ပစ်ဖောက်တာတွေ ပြုလုပ်ကြပြီး လွတ်လပ်ရေးနေ့ကို ဆင်နွဲကြမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ရွေ့ပြောင်း အခြေချ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည် မိသားစုတွေကရော အမေရိကန်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့အပေါ် ဘယ်လို ရှုမြင် ခံစားကြရပါသလဲ ဆိုတာကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

နှစ်စဉ် ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ဖြစ်သလို ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စု စတင် မွေးဖွားတဲ့အနေ့အဖြစ် သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။

သမ္မတ Donald Trump ကတော့ သမ္မတဟောင်း Barack Obama လို လွတ်လပ်ရေးနေ့မှာ သမ္မတ အိမ်ဖြူတော်မှာ အတီးအမှု ဖျော်ဖြေပွဲနဲ့ ဧည့်ခံတာမျိုး မလုပ်ပဲ စစ်မှုထမ်း မိသားစုဝင်တချို့ကို ဖိတ်ကြားပြီး အိမ်ဖြူတော်ရဲ့ တောင်ဘက် မျက်ခင်းပြင်မှာ ဧည့်ခံပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

လွတ်လပ်ရေးနေ့ အခါသမယဟာ နိုင်ငံတော် အားလပ်ရပ် ဖြစ်တာကြောင့်လည်း အများစုက ကမ်းခြေသွား အပန်းဖြေတာတွေလည်း ပြုလုပ်လေ့ ရှိပါတယ်။

အမေရိကန်နိုင်ငံမှာ ရွေ့ပြောင်း အခြေချ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည် မိသားစုတွေကလည်း လွှတ်လပ်ရေးနေ့ အားလပ်ရက်ကို အမေရိကန်တွေနည်းတူ ပျော်ရွှင်စွာ ဆင်နွဲကြပါတယ်။

မြန်မာနိုင်ငံ ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး Michigan ပြည်နယ်၊ Lansing မြို့မှာ လက်ရှိ နေထိုင်တဲ့ ဆလိုင်းအောင်ဒွန်းကတော့ သူတို့မိသားစုအနေနဲ့ လွတ်လပ်ရေးနေ့မှာ ကမ်းခြေသွား အပန်းဖြေလေ့ ရှိတယ်လို့ ပြောပါတယ်။

"ဒီအမေရိကန်ရောက်ပြီးနောက်ပိုင်း လွတ်လပ်ရေးသူတို့လုပ်တဲ့အခါမှာ ကျနော်အရမ်းစိတ်ဝင်စားတာက သူတို့ဂုဏ်ပြုတဲ့ဟာကို အရမ်းစိတ်ဝင်စားတယ်။ ဂုဏ်ပြုပြီးတော့ သူတို့ မီးပန်းတွေဖောက်တာ။ ကျနော် ဘယ်လောက်အံသြလဲဆိုတော့ ကျနော်တို့မြို့မှာ ကုန်တိုက်အကြီးကြီးတခုရှိတယ်။ အခု ၁၂ နာရီလောက်ကဆိုရင် သူတို့ မိသားစုအလိုက် အဲဒီမှာ ထိုင်ခုံလေးတွေနဲ့ ထိုင်ပြီးတော့ သူတို့ည ၁၂ နာရီအတွက် စောင့်ကြတာကို ကျနော်တွေ့တယ်အခါမှာ တော်တော်အံသြတယ်။ ဘယ်လောက်အထိ မြတ်နိုးဂုဏ်ယူသလဲဆိုတာ အဲဒီမှာရှိတဲ့ အမေရိကန်တွေက ပြတယ်လေ။"

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ခဲ့စဉ်တုန်းကတော့ ချင်းတိုင်းရင်းသား တဦးအနေနဲ့ လွတ်လပ်ရေးရဲ့ အရသာကို အပြည့်အ၀ မခံစားခဲ့ရဘူးလို့ ဆလိုင်းအောင်ဒွန်းက ပြောပါတယ်။

Indiana ပြည်နယ်၊ Fort Wayne မြို့မှာ နေထိုင်တဲ့ ကိုပြည်လင်းထူးကတော့ အမေရိကန်မှာ ကြာကြာနေလာလေ လွတ်လပ်ရေးရဲ့ အရသာကို ပိုသိလာလေလို့ ပြောပါတယ်။

"အမေရိကားမှာရောက်နေတဲ့ မြန်မာတဦးအနေနဲ့ ပြောရမယ်ဆိုရင် လွတ်လပ်ရေးရဲ့အဓိပ္ပါယ်ကို အမေရိကားမှာ ကြာကြာနေလာလေ ပိုသိလာလေပေါ့။ လွတ်လပ်ရေးနေ့မှာ မိသားစုတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ အစားအသောက်တွေ အတူစားကြတယ်။"

လွတ်လပ်ရေးနေ့မှာ အမေရိကန်တွေ ပျော်ပွဲ ရွှင်ပွဲတွေကျင်းပကြသလိုပဲ မြောက် Carolina ပြည်နယ်၊ Chapel Hill မြို့မှာ ရောက်နေကြတဲ့ မြန်မာမိသားစုတွေကလည်း မြန်မာဆန်ဆန် လွတ်လပ်ရေးနေ့ အခမ်းအနားတခု ရှေ့သီတင်းပတ်အတွင်း ကျင်းပဖို့ စီစဉ်နေကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင် လုပ်ကိုင်နေသူ ကိုလှဝေက ဗွီအိုအေကို ပြောပါတယ်။

"အဓိက အပြေးပြိုင်ပွဲ၊ အားလူးကောက်ပွဲ၊ ဘောလီဘောပွဲ အဲဒီလိုမျိုးတွေ ပြုလုပ်ဖို့ ကျနော် စဉ်းစားထားတယ်။ ပျော်ပွဲရွှင်ပွဲသဘောမျိုးပေါ့။"

လွတ်လပ်ရေးနေ့မှာ အများပြည်သူတွေ လွတ်လပ်စွာ ပျော်ရွှင်နိုင်ရေးအတွက် နိုင်ငံတဝှမ်းက မြို့ကြီးတွေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအစိုးရ အရာရှိတွေ ပူးပေါင်းပြီး လုံခြုံရေးအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

နှစ်စဉ် ဇူလိုင်လ ၄ ရက်နေ့ညမှာ နိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ ရောင်စုံ မီးရှုး မီးပန်းတွေ ပစ်ဖောက်လေ့ရှိတာမှာ အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် ဒီစီနဲ့ နယူးယောက်မြို့က မီးပန်း ပစ်ဖောက်မှုတွေဟာ ကြီးကျယ် ခမ်းနားပြီး လူကြိုက်များတဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။ အခုနှစ် နယူးယောက်မြို့မှာ ကျင်းပမယ့် ရောင်စုံ မီးရှုး မီးပန်း ပစ်ဖောက်မှုကိုတော့ အနဲဆုံး လူပေါင်း ၃ သန်းလောက် သွားရောက် ကြည့်ရှု ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဝါရှင်တန် ဒီစီမြို့မှာ ကျင်းပမယ့် လွတ်လပ်ရေးအထိမ်းအမှတ် တီးမှု ဖျော်ဖြေပွဲနဲ့ မီးပန်း ပစ်လွတ်ပွဲကိုလည်း သိန်းနဲ့ချီတဲ့ ပြည်သူတွေ သွားရောက် ကြည့်ရှုလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG