သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FPNCC လက်နက်ကိုင် ၇ဖွဲ့ ၂၁ရာစု ပင်လုံတတိယ အစည်းအဝေးဖိတ်ရင် တက်ဖို့ဆုံးဖြတ်


FPNCC အဖွဲ့ဝင်များဖြစ်တဲ့ KIA ,SSPP/SSA,AA,TNLA,MNDAA နှင့် NDAA တို့ ဆွေးနွေးပွဲ ( UWSA ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်း) ဓါတ်ပုံ- WSTV
FPNCC အဖွဲ့ဝင်များဖြစ်တဲ့ KIA ,SSPP/SSA,AA,TNLA,MNDAA နှင့် NDAA တို့ ဆွေးနွေးပွဲ ( UWSA ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်း) ဓါတ်ပုံ- WSTV

တရုတ်-မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC ရဲ့ ဒုတိယအကြိမ်အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားပြီး ၂၁ရာစု ပင်လုံတတိယအစည်းအဝေးကို တရားဝင်ဖိတ်ကြားမယ်ဆိုရင် တက်ရောက်ဖို့ ရှိကြောင်းနဲ့ FPNCC လုံခြုံရေးကို တရုတ်နိုင်ငံက ပံပိုးပေးဖို့မေတ္တာရပ်ခံကြောင်း သဘောထားထုတ်ပြန်လိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တစ်နိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တရုတ်-မြန်မာနယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်တဲ့ FPNCC အဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးဟာ UWSA ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမှာ ၂၆ရက်နေ့ကနေ ၂၈ရက်နေ့အထိ ၃ရက်ကြာကျင်းပ ခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ၂၁ရာစုပင်လုံတတိယအစည်းအဝေး နဲ့ပတ်သက်လို့ တရားဝင်ဖိတ်ကြားရင် တက်ရောက် မှာဖြစ်ကြောင်း MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က ပြောခွင့်ရသူ ဦးဖုန်းဝင်းနိုင်က အခုလို ပြောပါ တယ်။

“အဲဒီ ၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်လို့ ကျနော်တို့ နဂိုကတည်းက ပြောထားတဲ့အတိုင်းပဲ ဆက်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်။ တရားဝင်အနေနဲ့ FPNCC ကိုဖိတ်လာမယ်ဆိုရင် တက်မယ်။ တကွဲတပြားဆိုရင်တော့ မတက်ဘူး။ ဆွေးနွေးပိုင်ခွင့်မရှိရင်လည်း မတက်တော့ဘူး။ အဲဒါ ရုပ်ပြဖြစ်သွားမှာပေါ့။”

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကျင်းပတဲ့ FPNCC ရဲ့ ပထမအကြိမ်အစည်းအဝေးမှာလည်း အလားတူဆုံးဖြတ်ထားတာဖြစ်ပါတယ်။

အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်မှာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ပြည်ရဲ့ အပြုသဘောဆောင်တဲ့ ပါဝင်မှုဟာ အရေးပါကြောင်း ထုတ်ပြန်ခဲ့သလို ကချင်၊ တအာင်း(ပလောင်)၊ ကိုးကန့်နဲ့ ရခိုင်ဒေသမှာ အစိုးရတပ်မတော်က ထိုးစစ်ဆင်တာတွေကို ကန့်ကွက်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့လည်း တောင်းဆိုထားပါတယ်။

FPNCCက နိုင်ငံတော်သမ္မတသစ်ရွေးခြယ်လိုက်တာကို ကြိုဆိုလိုက်သလို သမ္မတသစ်ရဲ့ ဦးဆောင်မှု အောက်မှာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

FPNCC ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA၊ မိုင်းလားတပ်ဖွဲ့ NDAA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီSSPP/SSA ၊ ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်ဦး PSLF/TNLA၊ ရက္ခိုင့်တပ်ဖွဲ့ AA၊ တို့ပါဝင် ဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ပြင်ပကနေ နိုင်ငံရေးဆွေးနွေးဖို့ကို တောင်းဆိုထားပါတယ်။

FPNCC နဲ့ အစိုးရအကြားညှိနှိုင်းရာမှာတော့ ၂၀၁၅ခုနှစ်က NCA စာချုပ်လက်မှတ်ရေးထိုးရာမှာ မပါဝင်သေးတဲ့ အဖွဲ့အားလုံးပါဝင်ရေးဟာ ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့ လိုနိုင်ကြောင်း တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောပါတယ်။

“သူတို့အနေနဲ့ တရုတ်ရဲ့ ကြားဝင်ညှိုနှိုင်းစေ့စပ်မှုတွေအပေါ်မှာ အများကြီး စဉ်းစားရမယ်လို့ ထင်ပါတယ်။ တရုတ်ရဲ့ ကြားဝင်ညှိုနှိုင်းမှုတွေအပေါ်မှာ တရုတ်က ဟိုဘက်ဒီဘက် ညှိုပြီးတော့ လက်ခံနိုင်လောက်တဲ့ အချက်တွေကို တင်ပြပြီးတော့ ဆွေးနွေးတယ်လို့ ထင်ပါတယ်။ တဖက်မှာလည်း ဖိအားပေး ဆွေးနွေးတာမျိုး ရှိလောက်ပါတယ်။ TNLA၊ ကိုးကန့် MNDAA ရယ်၊ AA တို့ကို တရားဝင်ခွင့်မပြုတဲ့ကိစ္စတွေကတော့ ဆက်လက်ညှိုနှိုင်းစရာ ကိစ္စတွေလို ထင်ပါတယ်။”

လောလောဆည်မှာတော့ တရုတ်မြန်မာနယ်စပ်က အဖွဲ့ ၇ဖွဲ့၊ KNPP ခေါ် ကရင်နီတပ်ဖွဲ့၊ ANC ခေါ်ရခိုင်အမျိုးသားကောင်စီ နဲ့ NSCN-K ခေါ် နာဂအဖွဲ့တို့ကတော့ NCA စာချုပ်ကို လက်မှတ် မထိုးသေးပါဘူး။ လက်မှတ်ရေးထိုးထားတဲံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ဟာလည်း ၂၁ရာစုပင်လုံ တတိယအစည်းအဝေး မတိုင်မီမှာ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးအတွက် လူထုတွေ့ဆုံပွဲတွေ မကျင်းပနိုင်တာကြောင့် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အဖုအထစ်တွေ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG