သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်


ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ ပြန်လွှတ်ပေးခဲ့ရာ မြန်မာနိုင်ငံကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေး (Alain Juppe) ဇန်နဝါရီ ၁၄ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ ပြင်သစ်အစိုးရ အဖွဲ့ဝင်တွေထဲက အဆင့်အမြင့်ဆုံး ဝန်ကြီးတစ်ပါး သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွေကို ရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး တိုးမြှင့် လုပ်ဆောင်သွားကြဖို့ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာအာဏာပိုင်တွေကို ဝန်ကြီး အလန်ယူပေး အနေနဲ့ အားပေး တိုက်တွန်းချင်တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီးအလန်ယူပေးဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်တဲ့ Legion of Honor ဘွဲ့ကို ပေးအပ်ချီးမြင့်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က ဒေါ်အာင်ဆန်းစုကြည်နဲ့ ဖုန်းစကားပြောခဲ့စဉ်မှာ ဒီ ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်မယ့်အကြောင်း ကြိုတင် ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့ တနင်္လာနေ့မှာ ဝန်ကြီး အလန်ယူပေးဟာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာအစိုးနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး ပဏာမအဆင့် အပစ်အခတ် ရပ်စဲကြဖို့နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်သွားကြဖို့ သဘောတူညီချက် ရရှိခဲ့တာကို ဝန်ကြီး အလန်ယူပေးက ကြိုဆိုလိုက်ပါတယ်။ ဒီသဘောတူညီချက်ဟာ မြန်မာအစိုးရ လျှောက်လှမ်းနေတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ် တန်းတူညီမျှ လေးစားသမှုရှိရေး လမ်းကြောင်းပေါ်က နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ ဝန်ကြီးအလန်ယူပေးက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို ပထဆုံးသွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီးတော့ ဝန်ကြီးအလန်ယူပေး ဟာ ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံနောက်ပိုင်း ပြင်သစ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်သူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG