သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ ခုနှစ်အတွင်း မြန်မာကို Freedom House စောင့်ကြည့်သွားမည်


(Credit: https://freedomhouse.org)
(Credit: https://freedomhouse.org)

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းနေတာနဲ့ လူမှု မငြိမ်သက်မှုတွေ ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ၂၀၁၅ ခုနှစ်အတွင်း အာဏာရှင်အစိုးရတွေက နိုင်ငံရေးအရ ဖိနှိပ် ချုပ်ခြယ်မှုတွေ ပိုများလာနေတယ်လို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် Freedom House အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ပြီးခဲ့တဲ့နှစ်အတွင်း ပြောင်းလဲမှုတွေ ရှိခဲ့တဲ့အတွက် လာမယ့် ၂၀၁၆ ခုနှစ်မှာ စောင့်ကြည့်ရမယ့် နိုင်ငံတခုအဖြစ် သတ်မှတ်ထားကြောင်း Freedom House အဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့တလွှား လွတ်လပ်ခွင့်အခြေအနေတွေဟာ ၁၀ နှစ် ဆက်တိုက်အဖြစ် ဆုတ်ယုတ် ကျဆင်းခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း တခုဖြစ်တဲ့ Freedom House အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Freedom House အဖွဲ့က ကမ္ဘာ့တလွှား နိုင်ငံပေါင်း ၁၉၅ နိုင်ငံရဲ့ လွတ်လပ်ခွင့်အခြေအနေတွေကို လေ့လာခဲ့တာမှာ ၇၂ နိုင်ငံက လွတ်လပ်ခွင့် အခြေအနေတွေ ပြီးခဲ့တဲ့နှစ်မှာ ကျဆင်းခဲ့ပြီး နိုင်ငံပေါင်း ၅၀ ကတော့ လုံး၀ လွတ်လပ်မှု မရှိတဲ့နိုင်ငံ၊ တခြား နိုင်ငံ ၅၀ ကတော့ တစိတ်တဒေသ လွတ်လပ်တဲ့နိုင်ငံတွေ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ ဆီးရီးယား၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်၊ ဆိုမားလီးယား၊ မြောက်ကိုရီးယား၊ Uzbekistan နဲ့ Eritrea နိုင်ငံတွေကတော့ လွတ်လပ်မှု လုံးဝမရှိတဲ့ အဆိုးနိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖော်ပြထားတာမှာတော့ ၂၀၁၅ ခုနှစ်အတွင်း လွတ်လပ်မှု အခြေအနေ တိုးတက်မှု အနဲငယ် ရှိခဲ့တာကြောင့် အဆင့် ၆ ကနေ အဆင့် ၅ ကိုပြောင်းပြီး တဆင့် တိုးတက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ အီရန်နိုင်ငံနဲ့အတူ လာမယ့် ၂၀၁၆ ခုနှစ်အတွင်း စောင့်ကြည့်သင့်တဲ့ နိုင်ငံတွေ စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ Freedom House အဖွဲ့က ကမ္ဘာ့လွတ်လပ်မှုဆိုင်ရာ စီမံကိန်းရဲ့ ညွှန်ကြားရေးမှူး Sarah Repucci က ဗွီအိုအေကို ပြောပါတယ်။

“နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ နိုင်ငံ ၁၀ နိုင်ငံကို ကျမတို့ ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာလည်း နိုင်ငံတနိုင်ငံအဖြစ်နဲ့ ကျမတို့က ရွေးချယ်ခဲ့တာပါ။ ဒီတိုင်းပြည်တွေမှာ ၂၀၁၅ ခုနှစ်အတွင်း ပြောင်းလဲမှု အတိုင်းအတာ တခုအထိ ဖြစ်ပေါ်ခဲ့တယ်၊ ဒါပေမဲ့ အပြည့်အဝကြီး ပြောင်းလဲသွားတာမျိုးတော့ မဟုတ်ဘူးလို့ ကျမတို့ ယူဆထားပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံဟာ ဥပမာပေးလို့ အကောင်းဆုံး နိုင်ငံတခု ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်၊ ရွေးကောက်ပွဲမှာ NLD ပါတီက တခဲနက် အနိုင်ရလိုက်တယ် ဆိုပေမဲ့လည်း အစိုးရသစ် ဖွဲ့တဲ့အခါ စစ်တပ်က ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်မလဲ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌က ဘယ်တာဝန်ယူမလဲ ဆိုတာတွေကို ကျမတို့ မသိရသေးပါဘူး။ အဲဒီအချက်တွေကို ကျမတို့က စောင့်ကြည့်နေတာပါ။”

တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးဟာလည်း Freedom House အဖွဲ့က စောင့်ကြည့်နေတဲ့ အချက်ထဲမှာ ပါတယ်လို့ Sarah Repucci က ပြောပါတယ်။

“ကျမတို့ Freedom House အဖွဲ့က စောင့်ကြည့်နေတဲ့ နောက်တချက်ကတော့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လူနဲစုတွေနဲ့ ဆက်ဆံရေးကိစ္စပါ၊ ဒီအချက်ဟာလည်း ကျမတို့အနေနဲ့ စိုးရိမ်မှုရှိတဲ့ အချက်ဖြစ်ပါတယ်။ ဒီကိစ္စဟာ ပြဿနာ တခုအဖြစ် ရှိနေတာပါ၊ အထူးသဖြင့်တော့ ရိုဟင်ဂျာတွေအပေါ် ဆက်ဆံတဲ့ ကိစ္စပါ။ ရိုဟင်ဂျာကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လုံး၀ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးတော့ ဒီကိစ္စဟာ တော်တော်နဲ့ ပြေလည်မယ့်ကိစ္စမဟုတ်ပါဘူး။”

Freedom House အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်မှု ရှိခဲ့တယ်လို့ ကောက်ချက်ဆွဲတဲ့နေရာမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိခဲ့တယ်ဆိုတဲ့ အချက်တခုထဲကို ကြည့်ပြီး ပြောဆိုနေတာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးခံထားရဆဲ ဖြစ်တဲ့ကိစ္စလို တခြား အကြောင်းအရာတွေ အများကြီး ရှိနေသေးတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုနေကြတဲ့ အချက်နဲ့ ပတ်သက်လို့လည်း Sarah Repucci က အခုလို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

“ကျမတို့အနေနဲ့ နိုင်ငံရေး အခွင့်အရေးနဲ့ နိုင်ငံသားလွတ်လပ်ခွင့်ဆိုပြီး ကဏ္ဍ ၂ ခု ခွဲပြီး သုံးသပ်ပါတယ်။ ကျမတို့ လေ့လာ တွေ့ရှိချက်အရ နိုင်ငံရေးအခွင့်အရေးဘက်မှာ တိုးတက်မှု ရှိတာကို တွေ့ရပြီး နိုင်ငံသား လွတ်လပ်ခွင့်ကတော့ တိုးတက်မှု မရှိပါဘူး။ အခု ထောက်ပြနေကြတဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ ကျမတို့ ခွဲခြား သတ်မှတ်ထားတဲ့ နိုင်ငံသားလွတ်လပ်ခွင့်ထဲမှာ ပါပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လူနဲစုတွေအပေါ် ဆက်ဆံမှု စတဲ့ကဏ္ဍတွေမှာ ပြဿနာတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို ကျမ လုံး၀ သဘောတူပါတယ်။”

မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေ အနဲငယ် တိုးတက် ကောင်းမွန်လာတယ်ဆိုပေမဲ့လည်း တစုံလုံး အခြေအနေနဲ့ ပတ်သက်လို့တော့ အပြည့်အ၀ လွတ်လပ်မှု မရှိသေးတဲ့ နိုင်ငံတခုအဖြစ် ၂၀၁၆ ခုနှစ် တကမ္ဘာလုံး လွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာထဲမှာ Freedom House အဖွဲ့က သတ်မှတ်ထားပါတယ်။ အဲဒီလို လွတ်လပ်ခွင့် မရှိတဲ့ အကြောင်းတွေထဲမှာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ သြဇာ လွှမ်းမိုးမှု ရှိနေတာကို တွေ့နေရသေးတဲ့အတွက် ဖြစ်တာကြောင့် စစ်တပ်ရဲ့ အခန်းကဏ္ဍ လျော့ကျတာကို သူတို့အနေနဲ့ မြင်တွေ့လိုကြောင်း Sarah Repucci က ဆက်ပြောပါတယ်။

“နိုင်ငံရေးမှာ စစ်တပ်က ပါဝင်ပတ်သက်မှု နဲနိုင်သမျှ နဲတာနဲ့ လွှတ်တော်ထဲမှာ သူတို့အနေနဲ့ အမတ်နေရာတွေ လုံး၀ မယူတော့တာမျိုးကို ကျမတို့ မြင်တွေ့လိုပါတယ်။ နောက်ပြီးတော့ နိုင်ငံရေးအရ တာဝန်ပေးအပ်မှုတွေနဲ့ ဥပဒေအရာရှိတွေ ခန့်အပ်တဲ့ နေရာတွေမှာ သူတို့ရဲ့ သြဇာလွမ်းမိုးမှု ရှိနေသေးတာ မြင်တွေ့လိုပါတယ်။ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး တိုင်းရင်းသားတွေနဲ့ လူနဲစုတွေကို တန်းတူ ဆက်ဆံတာမျိုးကိုလည်း မြင်တွေ့လိုပါတယ်။”

မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို ထောက်ပြထားတာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးကို စစ်တပ်က ဆက်ပြီး ထိုးစစ်ဆင်နေတာ၊ ပြီးပြည့်စုံတဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုး အစိုးရက မလုပ်ချင်တာကြောင့် ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အလားအလာ ဆက်ပြီး အဟန့်အတားဖြစ်ခဲ့တာ၊ သတင်းမီဒီယာအပေါ် ကန့်သတ် တားဆီးတာတွေ ဆက်ရှိနေတာ၊ ကျောင်းသား ဆန္ဒပြပွဲတွေကို အင်အားသုံး နှိမ်နင်းဖြိုခွဲခဲ့တာ၊ လွတ်လပ်စွာ စုဝေးခွင့် ဆက်ပြီး ခြိမ်းခြောက်ခံနေရတာ၊ မူဆလင် ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ ဆက်ဖြစ်နေတာ၊ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာ မူဆလင် ကိုယ်စားလှယ်လောင်းတွေကို ဝင်မပြိုင်စေဘဲ သိသိသာသာ ရှောင်ခဲ့တာ၊ အမျိုးဘာသာသာသနာ ကာကွယ်ရေး ဥပဒေတွေလို့ ခေါင်းစဉ်တပ်ထားတဲ့ ဥပဒေ ၄ ခုကို လွှတ်တော်က ပြဌာန်းခဲ့တာ စတဲ့ အချက်တွေကို Freedom House အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG