သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Freedom House မြန်မာ လွပ်လပ်ခွင့် အဆင့် ၂၀၁၉ တဆင့် နိမ့်ကျ


င်္Freedom House မြန်မာ လွပ်လပ်ခွင့် အဆင့် ၂၀၁၉ တဆင့် နိမ့်ကျ

ကမ္ဘာ့နိုင်ငံတွေမှာ လွတ်လပ်မှုအတိုင်းအတာ ဘယ်လောက်ရှိနေတယ် ဆိုတာကို လေ့လာဆန်းစစ်တဲ့ ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ကြီးက မြန်မာနိုင်ငံကို မနှစ်က အမှတ် ၃၁ မှတ်ပေးထားရာကနေ အခု ၂၀၁၉ အစီရင်ခံစာထဲမှာ အမှတ် ၃၀ အဖြစ် တမှတ်လျှော့ပြီး သတ်မှတ်ပေးခဲ့ပါတယ်။ ဒါဟာ ရခိုင်ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတင်းကို ရယူခဲ့တဲ့ ရိုက်တားစ် သတင်းထောက် ၂ ဦးကို ဖမ်းဆီးပြီး ထောင်ဒဏ်အပြစ်ပေးတာ အပါအဝင် သတင်းလွတ်လပ်ခွင့်မှာ လွတ်လပ်မှု လျော့ကျခဲ့တာကြောင့်လို့ Freedom House အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

Freedom House အဖွဲ့ရဲ့ အစီရင်ခံစာသစ်ဟာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံက အခြေအနေတွေကို ဆန်းစစ်လေ့လာထားတာ ဖြစ်ပြီး မြန်မာနိုင်ငံကို လွတ်လပ်ခွင့် တစိတ်တပိုင်းရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားတာပါ။ နိုင်ငံတနိုင်ငံရဲ့ လွတ်လပ်ခွင့်ကို အချက် ၃ ချက်ပေါ်မူတည် စဉ်းစားတာ ဖြစ်ပြီး Freedom လွတ်လပ်ခွင့်၊ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူမှု အသိုင်းဝိုင်းလွတ်လပ်ခွင့်တွေကို ဆန်းစစ်အမှတ်ပေးတာ ဖြစ်ပါတယ်။၂၀၁၈ တုန်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လွတ်လပ်ခွင့်ဟာ အမှတ် ၁၀၀ မှာ ၃၁ သတ်မှတ်ခဲ့ပေမယ့် အခုနှစ်မှာ တမှတ်လျော့ပြီး ဘာကြောင့် ၃၀ ဖြစ်သွားရတာပါလဲ။ Freedom House အဖွဲ့ရဲ့ သုတေသနပြုစုသူ Amy Slipowitz က မြန်မာ့မီဒီယာလွတ်လပ်ခွင့် အနေထားလျော့ပါးသွားတာက အဓိကဖြစ်တယ်လို့ VOA ကိုပြောပါတယ်။

"ဒီနှစ်အတွက် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာမှာ အဆင့်ကျခဲ့တာ ကျမတို့ တွေ့ရပါတယ်။ အဓိကတော့ သတင်းယူရာမှာ ကန့်သတ်ချုပ်ချယ်မှုများလာတဲ့အတွက်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ချိုးဖောက်မှုတွေ အထူးသဖြင့် Reuters သတင်းထောက် ၂ ဦးတို့ လုံခြုံရေးတပ်တွေရဲ့ ရက်စက်မှုတွေအကြောင်း သတင်းယူခဲ့လို့ ထောင်ချောက်ဆင် ဖမ်းစီးခံခဲ့ရပြီး ထောင်ချခံခဲ့ရတာကတော့ အထူးထင်ရှားပါတယ်။ ဒါဟာ မနှစ်က အဆင့် ၃၁ ကနေ ဒီနှစ် ၃၀ အထိကျဆင်းခဲ့တဲ့ အဓိက အကြောင်းဖြစ်ပါတယ်။"

ရခိုင်ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်စွာ သတ်ဖြတ်မှုကို သတင်းရေးသားခဲ့တဲ့ ရိုက်တားစ်သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကို ဖမ်းဆီး ထောင်ချ အပြစ်ပေးတာလို လုပ်ရပ်တွေ တွေ့နေရတဲ့အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေအပေါ် ဖိနှိပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်ကြောင်း လည်း ပြောပါတယ်။

ဒါ့အပြင် အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း အသတ်ခံရ၊ နေရပ်စွန့်ခွာကြရတဲ့ အရပ်သားတွေနဲ့ လူနည်းစုတွေ ထောင်ချီရှိခဲ့သလို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့အထိ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာတွေ ရှိကြောင်း ကိုလည်း ကိုးကားဖော်ပြထားတာပါ။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အဓိက လေ့လာဆန်းစစ်ဖြစ်တဲ့ အကြောင်းအရာက ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခိုလှုံသူတွေ အဆမတန် တိုးလာတဲ့ အခြေနေဖြစ်ပြီး ထွက်ပြေးသူတွေ နောက်ထပ် သိန်းနဲ့ချီ ရှိလာနေတာဟာ ဒီမိုကရေစီရေး လွတ်လပ်မှု အခြေနေကို မှတ်တမ်းတင်ဖြစ်တဲ့ ကိစ္စရပ်တခု ဖြစ်ကြောင်းလည်း Amy Slipowitz က ပြောပါတယ်။

"ရခိုင်ပြည်နယ်အခြေအနေမှာဆို ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ် မှာ ရှိနေကြစဲပါ။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ တွေ့ရှိချက်တွေကိုလည်း ကျမတို့ လေ့လာသုံးသပ်ပါတယ်။ ဒီအဖွဲ့က လုံခြုံရေးကောင်စီမှာ အောက်တိုဘာလက အစီရင်ခံခဲ့တာဖြစ်ပါတယ်။ ပဋိပက္ခတွေမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆက်ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ ဒီအချက်တွေကိုလည်း ကျမတို့ ဒီနှစ် ထည့်သွင်းစဉ်းစားတာဖြစ်ပါတယ်။"

Freedom House အဖွဲ့က ဆန်းစစ်မှုတွေထဲမှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေ လူမှုအသိုင်းဝိုင်းလွတ်လပ်ခွင့်တွေကိုပါ ထည့်သွင်းလေ့လာခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့် အခြေနေ သိပ်မထူးကြောင်း အဂတိလိုက်စားမှုတွေ ရှိနေသလို အထူးသဖြင့် လွှတ်တော်မှာ စစ်တပ်က ပါဝင်နေဆဲဖြစ်ပြီး မြန်မာ့နိုင်ငံရေးမှာပါ ထိန်းချုပ်နေတာကို ခုထိ တွေ့နေရကြောင်း လည်းပြောပါတယ်။

"မြန်မာစစ်တပ်က လွှတ်တော်မှာ အမတ်နေရာတချို့ကို ထိန်းချုပ်ထားစဲ ရှိတဲ့အချက်၊ အဂတိလိုက်စားမှုတွေနဲ့ ၂၀၁၈ ဧပြီလက အစိုးရ အရာရှိတဦး အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ခံရတာ စသဖြင့်တို့ကို ကျမတို့ လေ့လာသုံးသပ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးဆိုင်ရာအခွင့်အရေး ချုပ်ချယ်ခံနေရတာတွေကိုလည်း ကျမတို့ တွေ့ခဲ့ရပါတယ်။"

သတင်းမီဒီယာတွေမှာ အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြိး အမုန်းတရားပြန့်ပွါးမှုကို ကောင်းကောင်း မတားဆီးနိုင်တာတွေလည်း တွေ့နေရတယ်လို့ Amy Slipowitz က ပြောပါတယ်။

အစီရင်ခံစာမှာ လေ့လာ ဆန်းစစ်ထားတဲ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ၄၄ ရာခိုင်နှုန်းရှိတဲ့၊ နိုင်ငံပေါင်း ၈၆ နိုင်ငံကိုတော့ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ထားပြီး၊ ၃၀ ရာခိုင်နှုန်း ၅၉ နိုင်ငံကတော့ တစိတ်တပိုင်း လွတ်လပ်တဲ့နိုင်ငံတွေ အဖြစ် သတ်မှတ်ထားသလို၊ ၂၆ ရာခိုင်နှုန်း နိုင်ငံပေါင်း ၅၀ ကိုတော့ လွတ်လပ်မှုမရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ထားပါတယ်။ Freedom House ရဲ့ အစီရင်ခံစာသစ်မှာ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀န်း ဒီမိုကရေစီရေး လွတ်လပ်ခွင့်တွေ ဆက်လက် ကျဆင်းနေဆဲဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG