သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး အဆိုးရွားဆုံး ချိုးဖောက်နိုင်ငံတွေထဲမှာ မြန်မာပါဝင်


လူ့အခွင့်အရေး အဆိုးရွားဆုံး ချိုးဖောက်နိုင်ငံတွေထဲမှာ မြန်မာပါဝင်
လူ့အခွင့်အရေး အဆိုးရွားဆုံး ချိုးဖောက်နိုင်ငံတွေထဲမှာ မြန်မာပါဝင်

ကမ္ဘာတဝန်း လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာ အကဲဖြတ်နေတဲ့ ဝါရှင်တန် အခြေစိုက် Freedom House က ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဆုံးဒေသတွေအဖြစ် နိုင်ငံ ၁၇ နိုင်ငံနဲ့ နယ်မြေဒေသ ၃ ခုအကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနိုင်ငံနဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေဟာ အခြေခံ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတဲ့အပြင် ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို လတ်တလော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျင်းပနေရာ ဂျနီဗာမြို့မှာ မနေ့က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။

ဝါရှင်တန်အခြေစိုက် Freedom House အဖွဲ့ရဲ့ လေ့လာသုံးသပ်ချက်အရ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဝါးဆုံးနိုင်ငံ ၉ နိုင်ငံကတော့ မြန်မာနိုင်ငံ အပါအဝင်၊ မြောက်ကိုရီးယား၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ လစ်ဗျား၊ ဆူဒန်၊ အီကွေတိုရီယယ် ဂီနီ၊ ဆိုမားလီးယား၊ အီရီထရီးယားနိုင်ငံတို့ ဖြစ်ပြီး တရုတ်ပြည်တွင်းက တိဘက်ဒေသတို့ ဖြစ်ကြပါတယ်။ ၂၀၀၉ ခုနှစ် တနှစ်တာအတွင်း ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၁၉၄ နိုင်ငံနဲ့ နေရာဒေသပေါင်း ၁၄ နေရာက လွတ်လပ်မှု အခြေအနေတွေကို လေ့လာ တိုင်းတာထားတဲ့ Freedom House အဖွဲ့ရဲ့ Freedom in the World ၂၀၁၀ ခုနှစ် အစီရင်ခံစာကနေ အဆိုးဝါးဆုံးနိုင်ငံနဲ့ ဒေသစာရင်းကို ကောက်နုတ် တင်ပြထားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ တိုင်းသူပြည်သားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဟာ စီမံကိန်းကျကျ ချိုးဖောက်ခြင်း ခံနေရတယ်လို့ သတ်မှတ်ခံထားရတဲ့ နိုင်ငံပေါင်း ၄၇ နိုင်ငံထဲမှာမှ အဆိုးဆုံး ၉ နိုင်ငံ အကြောင်းကို ခုလောလောဆယ် ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးပွဲမှာ Freedom House အဖွဲ့က မီးမောင်းထိုး တင်ပြခဲ့တာ ဖြစ်ပါတယ်။ Freedom House အဖွဲ့က အဓိက လေ့လာတိုင်းတာ တာကတော့ နိုင်ငံတနိုင်ငံတွင်းမှာရှိတဲ့ Political rights နိုင်ငံရေးဆိုင်ရာ အခွင့်အရေးနဲ့ Civil rights နိုင်ငံသားဆိုင်ရာ လူမှုအခွင့်အရေးတို့ ဖြစ်တဲ့အကြောင်း Freedom House အစီရင်ခံစာ အယ်ဒီတာထဲက တဦးဖြစ်တဲ့ မစ္စတာ အာ့ခ် ပူဒင်တန် (Mr. Arch Puddington) က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

“နိုင်ငံရေးဆိုင်ရာ လူ့အခွင့်အရေးလို့ ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲ၊ အုပ်ချုပ်စီမံခန့်ခွဲမှုတို့နဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ရှိသလား၊ အတိုက်အခံပါတီ၊ လူနည်းစုကို ကိုယ်စားပြုတဲ့ပါတီ ရှိသလား၊ အဲဒီပါတီတွေမှာ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရှိသလား၊ အုပ်ချုပ်စီမံခန့်ခွဲမှုကို အုပ်စုတခု ဥပမာ စစ်တပ်ကပဲ ချုပ်ကိုင်ထားသလားဆိုတာ ကြည့်ပါတယ်။ Civil rights နိုင်ငံသား လူမှုအခွင့်အရေးလို့ဆိုတဲ့ နေရာမှာတော့ သတင်းမီဒီယာ လွတ်လပ်မှု၊ ဘာသာရေး လွတ်လပ်မှု၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်၊ စုဝေးထုတ်ဖော် ပြောကြား ရေးသားပိုင်ခွင့် ရှိသလား၊ တရားဥပဒေ စိုးမိုးမှု ရှိသလား စတာတွေကို လေ့လာတိုင်းတာတာ ဖြစ်ပါတယ်။”

နိုင်ငံရေးဆိုင်ရာ အခွင့်အရေးနဲ့ နိုင်ငံသားဆိုင်ရာ လူမှုအခွင့်အရေး ဆိုတာကလည်း အုပ်ချုပ်တဲ့ အစိုးရက ခွင့်ပြုမှသာလျှင် တိုင်းသူပြည်သားတွေ ရရှိခံစားနိုင်တာ ဖြစ်တာကြောင့် နိုင်ငံရေး အခွင့်အရေးနဲ့ နိုင်ငံသားဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံးနိုင်ငံနဲ့ ဒေသအားလုံးမှာ အဓိက ချိုးဖောက်သူဟာ အာဏာရ အစိုးရတွေ ဖြစ်နေတယ်လို့လည်း မစ္စတာ ပူဒင်တန်က ပြောပါတယ်။

နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လူမှုအခွင့်အရေးတွေမှာ အဆိုးဆုံး ၉ နိုင်ငံထက် အမှတ်နည်းနည်းလေး ပိုများတဲ့ ၈ နိုင်ငံကိုလည်း Freedom House အဖွဲ့က ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ တရုတ်၊ ကျူးဘား၊ ဆော်ဒီအာရေးဗျ၊ ဘယ်လာရုစ်၊ ချတ်ဒ်၊ လာအို၊ ဆီးရီးယားအပြင် အဲဒီစာရင်းထဲ ပထမဆုံးအကြိမ်အဖြစ် ဝင်လာတဲ့ ဂီနီနိုင်ငံတို့ ဖြစ်ပါတယ်။ အဲဒီထဲက တရုတ်၊ ကျူးဘား၊ ဆော်ဒီအာရေးဗျ တို့ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။ အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေ ကိုယ်တိုင်က နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲဖြတ်ရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေ ဖြစ်နေတာကတော့ စိတ်မကောင်းစရာပါပဲလို့ မစ္စတာ ပူဒင်တန်က ပြောပါတယ်။

“အာရှ၊ အာဖရိက၊ နောက် လက်တင်အမေရိကားနဲ့ အရှေ့အလယ်ပိုင်း ဒေသက နိုင်ငံတချို့ဟာ တရုတ်တို့၊ ကျူးဘားတို့လို လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ဖြစ်စေဖို့ မဲပေးကြတာကတော့ ဝမ်းနည်းစရာပါပဲ။ ဒါကလည်း သူတို့နဲ့ အဲဒီနိုင်ငံတွေကြားမှာ မျက်နှာပျက်စရာ ဆက်ဆံမှု တမျိုးမျိုး ရှိနေလို့ ဖြစ်ပါလိမ့်မယ်။ ဥပမာ အာဖရိကမှာ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံးလို့ ဆိုရမယ့် တောင်အာဖရိကနိုင်ငံဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ပြစ်တင်ရှုတ်ချဖို့ အကြိမ်ကြိမ် ပျက်ကွက်နေတာမျိုး၊ နောက် အိန္ဒိယနိုင်ငံ၊ သူတို့နိုင်ငံသားတွေကို သူတို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေမဲ့ တခြားနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရဲရဲတင်းတင်း ရှုတ်ချဖို့ ဝန်လေးနေကြတာကို တွေ့ရပါတယ်။”

Freedom House အဖွဲ့က မစ္စတာ အာ့ခ် ပူဒင်တန် ပြောသွားတာ ဖြစ်ပါတယ်။

အခုလို လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဝါးဆုံးလို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲမှာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံ တနိုင်ငံမှ မရှိဘဲ စစ်တပ်က အုပ်ချုပ်တဲ့ မြန်မာနိုင်ငံ၊ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ ဥဇဘက်ကစ္စတန်၊ လစ်ဗျား၊ အစွန်းရောက် အစ္စလမ်ဝါဒနဲ့ ရောပြီး စစ်တပ်က အုပ်ချုပ်တဲ့ ဆူဒန်၊ အဂတိလိုက်စားမှု ကြီးမားတဲ့ အစိုးရက အုပ်ချုပ်တဲ့ အီကွေတိုရီယယ် ဂီနီနိုင်ငံနဲ့ ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်တဲ့ အီရီထရီးယားနိုင်ငံတို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG