သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ် သမ္မတ နောက်ဆုံး အကျော့ ရွေးကောက်ပွဲတွေကို ဒီကနေ့ ကျင်းပနေပါပြီ။ ပြင်သစ် ခေတ်သစ် သမိုင်းမှာ အခြေအတင် အငြင်းပွားဖွယ် အများဆုံး ရွေးကောက်ပွဲ တခု ဖြစ်တယ်လို့လည်း ပြင်သစ် ပြည်သူတွေက ပြောဆိုကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဖြစ်တည်မှုနဲ့ အတူ လိုက်လျောညီတွေ ဆက်လက် နေထိုင်မလား ဒါမှမဟုတ်လည်း ဥရောပ သမဂ္ဂကနေ ခွဲထွက်ပြီး ကိုယ်ပိုင်လမ်းကြောင်းတခုကို ဖော်ဆောင်မလားဆိုတာကို ဆုံးဖြတ်မယ့် ရွေးကောက်ပွဲလို့လည်း ပြောဆိုကြတာပါ။

အလုပ်အကိုင်၊ ရွှေ့ပြောင်းဝင်ရောက်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ကြီးစိုးထားတဲ့ ဒီကနေ့ ကျင်းပနေတဲ့ ဒုတိယနဲ့ နောက်ဆုံး အကျော့ သမ္မတ ရွေးကောက်ပွဲမှာတော့ ဥရောပ သမဂ္ဂကို လိုလားသူ စီးပွားရေး ၀န်ကြီးဟောင်း အလယ်အလတ် ၀ါဒီ Emmanuel Macron နဲ့ ရွှေ့ပြောင်းဝင်ရောက်မှုကို ဆန့်ကျင်သူ အမျိုးသားရေး ၀ါဒီ Marine Le Pen တို့ကို မဲဆန္ဒရှင်တွေ ရွေးချယ်နေကြတာပါ။ ဒီကနေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကောက်ယူထားတဲ့ စစ်တမ်းတွေ အရတော့ Emmanuel Macronက ထောက်ခံမဲ ၆၃ ရာခိုင်နှုန်းနဲ့ ထောက်ခံမဲ ၃၇ ရာခိုင်နှုန်းလောက်ဘဲ ရတဲ့ Mareine Le Pen ကို ပြတ်ပြတ်သားသား အနိုင်ရမယ်လို့ ခန့်မှန်းထားကြတာပါ။

သမ္မတလောင်း နှစ်ဦးတို့ ဒီကနေ့မှာ တနေရာစီ မဲပေးခဲ့ကြပြီး သတင်းထောက်တွေလည်း ၀ိုင်းနေပါတယ်။ လက်ရှိ သမ္မတ Francois Hollande လည်း ဒီကနေ့ မဲပေးခဲ့ပါတယ်။ သမ္မတလောင်း တဦး ဖြစ်တဲ့ Mareine Le Pen ကတော့ ဥရောပ သမဂ္ဂကို မလိုလားတဲ့ သူမရဲ့ ရပ်တည်ချက်၊ နောက် ပြင်သစ်နိုင်ငံတွင်း မူဆလင်တွေ ၀င်ရောက်မှုကို ရပ်ပစ်ဖို့ ဆော်သြမှုတွေကြောင့် ကမ္ဘာ့တလွှား စိတ်ဝင်စားခံနေရသူ ဖြစ်ပါတယ်။ အကြိုစစ်တမ်းတွေမှာ ရှေ့က ပြေးနေတဲ့ Emmanuel Macron ရဲ့ ရှုမြင်ချက်က လုံးဝ ဆန့်ကျင် ကွဲလွဲပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ ဖြစ်စဉ်ကြီးကို နောက်ကြောင်းပြန်လှည့် စရာ မရှိဘူးလို့ သူက အကြိမ်ကြိမ် ပြောခဲ့တာပါ။ တနိုင်ငံလုံးမှာလည်း လုံခြုံရေးကို တင်းကြပ်ထားပါတယ်။ မြို့တော် ပါရီ၊ Nice နဲ့ တခြားမြို့တွေက မဲရုံတွေကို စောင့်ကြည့်ဖို့ အတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေနဲ့ ပုဂ္ဂလိက လုံခြုံရေး ၀န်ထမ်းပေါင်း ၅ သောင်းကို အစိုးရက လုံခြုံရေး ချထားပါတယ်။ ေ

နာက်ဆုံး အကျော့ ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာ မဲထွက်ပေးသူကတော့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် နည်းနေတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။ တနင်္ဂနွေနေ့ နေ့တ၀က် ရေတွက်မှုတွေ အရ မဲထွက်ပေးသူ ၂၈ ဒသမ ၂၃ ရာခိုင်နှုန်းသာ ရှိနေပြီး ၂၀၁၂ ခုနှစ်တုန်းက ဒီအချိန်မှာ ၃၀ ဒသမ ၆၆ ရာခိုင်နှုန်း အထိ ရှိခဲ့တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ထောက်ပြတာပါ။ မဲရုံတွေကိုတော့ ည ၈ နာရီမှာ အပြီး ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

XS
SM
MD
LG