သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲအကြို အခြေအနေ

ပြင်သစ်သမ္မတရွေးကောက်ပွဲအတွက် ပဲရစ်မြို့နေပြည်သူတွေ မဲပေးဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။
ပြင်သစ်သမ္မတရွေးကောက်ပွဲအတွက် ပဲရစ်မြို့နေပြည်သူတွေ မဲပေးဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။

ပြင်သစ်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျင်းပနေပြီးဖြစ်ပေမယ့် ဘယ်သူအနိုင်ရမလဲဆိုတာတော့ မသေချာသေးပါဘူး။ ရွေးကောက်ပွဲ မကျင်းပခင်နောက်ဆုံးအချိန်အထိ ပဲရစ်မြို့အပါအဝင် နိုင်ငံတွင်း တခြားမြို့တွမှာ နေထိုင်ကြတဲ့ ပြည်သူအတော်များများကတော့ လက်ယာစွန်းဝါဒီ သမ္မတလောင်း Marine Le Pen နဲ့ အလယ်အလတ်ဝါဒီ သမ္မတလောင်း Emaunuel Macron တို့အကြား ဘယ်သူ့ကို မဲပေးကြမလဲဆိုတာကို ဆုံးဖြတ်ချက်မချကြရသေးဘူးလို့ပြောကြပါတယ်။ ယေဘုယျ အားဖြင့် သမ္မတလောင်းနှစ်ဦးစလုံးအပေါ် ပြင်သစ်ပြည်သူတွေရဲ့ သဘောထား ဘယ်လိုရှိကြသလဲဆိုတာကို ရှားဖောင် က စုစည်းတင်ပြထားပါတယ်။

ပြင်သစ်နိုင်ငံရေးကို ပြောင်းဆန်သွားစေတဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ပြီးဆုံးသွားလို့ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ပြည်သူတွေက သူတို့လိုလားတဲ့ သမ္မတ သစ် အတွက် စတင်မဲပေးနေကြပါပြီ။

ဒါပေမယ့်လည်း ပဲရစ်မြို့နဲ့ တခြားနေရာအနှံ့က လမ်းမပေါ်တွေက ဆန္ဒမဲပေးကြရတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ စိတ်ထဲမှာတော့ မသေခြာမရေရာမှုတွေအပြည့်ရှိနေဆဲပါ။

ပြင်သစ်နိုင်ငံက စီးပွားရေးတက္ကသိုလ်ကျောင်းသား တဦးဖြစ်တဲ့ Paul Hiquet ကတော့ သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ကျနော်ကတော့ ဘယ်သူ့ကိုမှမထောက်ခံဘူး။ ကျနော့်မှာစိတ်ကူးရှိပါတယ်။ သိပ်တော့မသေခြာပေမယ့် ကျနော်မှာ စိတ်ကူးရှိပါတယ်။ ပြင်သစ်ပြည်သူအများစုလည်း စိတ်မပါတပါနဲ့ မဲပေးကြရမယ်ဆိုတာ ကျနော်သိပါတယ်။”

ပဲရစ်မြို့က ပန်းသည်တဦးကလည်း ဒီအပေါ် သူ့ရဲ့ စိတ်ကူးခံယူချက်ကို အခုလိုပြောလာပါတယ်။

“တယောက်ကတော့ နည်းနည်း ဒေါသကြီးပြီး ကြောက်စရာလည်းကောင်းတယ်။ ကျန်တယောက်က ပြည်သူ့ဘက်တော်သား ဖြစ်မလားဆိုတာလည်း ကျမတို့ သိပ်ပြီးမသေခြာပါဘူး။ သူက ဘဏ်လုပ်ငန်းနဲ့ ချမ်းသာသူတွေ အတွက်ပိုဖြစ်နေသလိုပဲ။ ဆိုတော့ ကျမတကယ် စိုးရိမ်မိတယ်ဆိုတာကို ဝန်ခံပါတယ်။ ဘယ်ကိုဦးတည်သွားမလဲဆိုတာ ကျမတကယ်ကို မသိပါဘူး။”

သမ္မတလောင်း နှစ်ဦး နောက်ဆုံးအကြိမ်ပြုလုပ်တဲ့ စကားစစ်ထိုးပွဲ ကလည်း မဲဆန္ဒရှင်တွေအတွက် တိကျပြတ်သားတဲ့အဖြေ မပေးနိုင်ခဲ့ပါဘူး။

လက်ယာစွန်းဝါဒီ သမ္မတလောင်း Marine Le Pen က အောင်ပွဲရဖို့ လက်တကမ်း လောက်ပဲလိုတော့တယ်လို့ သူမအနေနဲ့ယုံကြည်ကြောင်း၊ ပြီးတော့ ပြည်သူတွေ ဘယ်လောက်ဒေါ်သထွက်နေသလဲဆိုတာ မီဒီယာတွေက လျှော့တွက်နေကြတယ်ဆိုပြီး အခုလို ပြောပါတယ်။

“ကျမတို့တိုင်းပြည်တွင်းမှာ ဒေါ်သထွက်နေကြတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အသံတွေကို မီဒီယာတွေက မကြား ရောင်ဆောင်နေကြတယ်၊ ဒီရွေးကောက်ပွဲအတွက် မစ္စတာ Macron ကိုယ်စားပြုတဲ့ အစိုးရတာဝန် ငါးနှစ်လုံးလုံး ရယူထားတဲ့ ဆိုရှယ်လစ်တွေကို ဖြိုခွင်းပြီး၊ မူဝါဒတွေကို တကယ်အပြောင်းအလဲလုပ်နိုင်ဖို့အတွက် အဲဒီလူတွေဟာ ဒီ တနင်္ဂနွေနေ့ ရွေးကောက်ပွဲအတွင်း သူတို့ရဲ့ သဘောဆန္ဒတွေကို လာရောက် ဖော်ပြကြမှာဖြစ်ပါတယ်။”

အလယ်အလတ်ဝါဒီ သမ္မတလောင်း Emmanuel Macron ကလည်း တနင်္ဂနွေနေ့ ရွေးကောက်ပွဲကို သူအနိုင်ရစေရမယ်ဆိုပြီး အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ ဆယ်ရက်လောက်က စပြီးတော့ လှုပ်ရှားလာခဲ့ကြပါတယ်။ အခု ဒုတိယအကျော့ ကျနော်တို့ ဆက်ပြီးတော့ လှုပ်ရှားကြရမယ်။ ဒီနေရာမှာ ကျနော်တို့ဟာ တဖက်နဲ့တဖက် ပက်ပင်းတိုးတာရှိတယ်၊ ထိပ်တိုက်တွေ့တာရှိတယ်။ ဒီအမျိုးသားရေး တပ်ဦးကို ခင်ဗျားတို့အခုအော်နေသလို တဝူးဝူး တဝါးဝါးနဲ့ လုပ်နေလို့မဖြစ်ဘူး။ ရှုတ်ချနေယုံနဲ့ မပြီးဘူး။ သူတို့ကို အနိုင်ရဖို့အတွက် တကယ်ဆောင်ရွက်ရမယ်။ သူတို့ကို ဆန့်ကျင်ပြီးတော့ မဲဆန္ဒတွေပေးကြရမှာဖြစ်ပါတယ်။”

ဒါပေမယ့်လည်း ပြင်သစ်မှာရောက်ရှိနေထိုင်တဲ့ Beyond Rangoon ဇာတ်ကား ရုပ်ရှင်မင်းသားကြီး ဦးအောင်ကိုး ကတော့ နောက်ဆုံးကျင်းပတဲ့ စကားစစ်ထိုးပွဲကိုကြည့်မယ်ဆိုရင် ပြင်သစ် မဲဆန္ဒရှင် အများစုက အလယ်အလတ်ဝါဒီ သမ္မတလောင်း Emmanuel Macron ကို ပိုပြီး မဲပေးကြမယ်လို့ယူဆရတဲ့ အကြောင်း အခုလို ပြောပါတယ်။

“ဘယ်သူနိုင်မလဲဆိုတော့ အတိအကျ တနေ့လုံးနားထောင်ကြားနေရတာ အခုလောလောဆယ်တော့ ဟိုဒင်းပေါ့ မစ္စတာ Marcon ပဲပေါ့။ သူကဘာ့ကြောင့်လဲဆိုတော့- ဒီလို တဖက်ကတော့ Le Pen ခေါ်တာပေါ့။ ဆိုလိုတာက Marcon ပဲဆိုတာက သူတို့က ဒီလို ဟိုက Right wing – Extremist ဖြစ်နေတယ်။ Marcon က ကျတော့ လူငယ်။ ဘယ်လိုဖြစ်လဲဆိုတော့ Extreme rightist ကို မပေးချင်တော့ ဒီကျန်တဲ့အဖွဲ့တွေ နိုင်ငံရေးအဖွဲ့တွေပေါ့လေ တကယ်အဖွဲ့ကြီးတွေပေါ့ သူက ဒီဘက်ကိုပဲ အဓိကထားတော့ Marcon ကိုပဲ စုပေါင်းပြီးတော့ သမ္မတ တင်မြောက်ဖို့အကြောင်း ရှိတယ်ပေါ့လေ အခုထိ၊ ဒီကနေ့အထိ။”

မကြာသေးခင်ကပဲ မစ္စတာ Macron ဟာ ပြင်သစ်ပြည်သူတွေသဘောကျတဲ့ အမေရိကန်သမ္မတဟောင်း Barack Obama ရဲ့ ထောက်ခံမှုကြီးကြီးမားမား ရထားပေမယ့်လည်း ရွေးကောက်ပွဲကို အနိုင်ရဖို့ အာမခံချက်တော့ မပေးနိုင်ပါဘူး။ ဒီ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကို အနိုင်ရဖို့ နှစ်ဖက်စလုံးက အကြိတ်အနယ် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

French Ready for Sunday Election
please wait

No media source currently available

0:00 0:04:13 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG