သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲရလဒ် အများစောင့်ကြည့်


ပြင်သစ်နိုင်ငံမှာ မေလ ၇ ရက်နေ့ကျင်းပမယ့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အလယ်အလတ်ဝါဒီ Emmanuel Macron နဲ့ အမျိုးသားရေးဝါဒီ Marine Le Pen တို့ကြိုးစားမဲဆွယ်နေကြပါပြီ။ နိုင်ငံစည်းလုံးမှုအတွက် Macron ကိုရွေးချယ်ဖို့ကြဖို့ ပြင်သစ်သမ္မတကိုယ်တိုင်က တိုက်တွန်းနေချိန်မှာ Marine Le Pen ကတော့ သူသာလျှင် ပြင်သစ်နိုင်ငံအတွက် ခိုင်မာတဲ့မူဝါဒတွေ ချမှတ်နိုင်မှာဖြစ်တယ်လို့ပြောနေပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ပထမအကျော့ သမ္မတရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ အမြင်နဲ့ ဒုတိယအကျော့ရွေးကောက်ပွဲအတွက် အလားအလာတွေကို မစုမြတ်မွန်က စုံစမ်းတင်ပြပါတယ်။

April လ ၂၃ ရက်နေ့က ပြင်သစ်မှာကျင်းပခဲ့တဲ့ ပထမအကျော့ရွေးကောက်ပွဲမှာ ဘယ်သမ္မတလောင်းမှ အပြတ်အသတ်အနိုင်မရခဲ့တဲ့အတွက် မဲ ၂၄% ရခဲ့တဲ့ Emmanuel Macron နဲ့ ၂၁% ကျော် ရခဲ့တဲ့ Marine Le Pen တို့ ဒုတိယအကျော့ ရွေးကောက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။ လူမှုရေးဆိုင်ရာ မူဝါဒတွေမှာ လက်ဝဲဖက်ယိမ်းတဲ့ အလယ်အလတ်ဝါဒီ Emmanuel Macron ကိုမဲပေးကြဖို့အတွက် ပြင်သစ်သမ္မတ Francois Hollande အပါအဝင် အဓိကနိုင်ငံရေးသမားတွေက တိုက်တွန်းနေကြပါတယ်။ EU ဥရောပသမဂ္ဂထဲကနေ ထွက်ရေးနဲ့ နိုင်ငံထဲကို နိုင်ငံခြားသားတွေဝင်ရောက် အခြေချခွင့် ပိတ်ပင်မယ်ဆိုတာမျိုး အများအကြိုက်ဆောင်ကိစ္စတွေနဲ့ မဲဆွယ်နေတဲ့ လက်ယာစွန်း အမျိုးသားရေးဝါဒီ Marine Le Pen သာသမ္မတဖြစ်လာရင် နိုင်ငံရဲ့ စည်းလုံးမှု ပြိုကွဲနိုင်တယ်လို့ သမ္မတ Francois Hollande ကတနင်္လာနေ့ကပဲ ပြောကြားခဲ့ပါတယ်။

“လက်ယာစွန်းတွေကြောင့် ပြင်သစ်နိုင်ငံမှာ ကြီးမားတဲ့သဘောထားကွဲမှုတွေဖြစ်လာပါလိမ့်မယ်။ မူလလူမျိုးဇစ်မြစ်နဲ့ ကိုးကွယ်ယုံကြည်မှုကြောင့် ပြင်သစ်နိုင်ငံသားတချို့ ခွဲခြားဆက်ဆံခံရနိုင်ပါတယ်။ ပြင်သစ်သမ္မတနိုင်ငံရဲ့ လွတ်လပ်မှုနဲ့ အခြေခံသဘောတရားတွေကို ထိခိုက်နိုင်ပါတယ်။ ဒီလိုအန္တရာယ်တွေရှိနေတဲ့အတွက် ကျွန်တော့်အနေနဲ့ ဘာမှမဖြစ်သလို တိတ်တိတ်နေလို့ မရတော့ပါဘူး။ ကျွန်တော့်အတွက် ရွေးစရာကရှင်းပါတယ်။ Emmanuel Macron ကို ကျွန်တော်မဲပေးပါမယ်။”

တနင်္ဂနွေနေ့ရွေးကောက်ပွဲမှာ တတိယနေရာရခဲ့တဲ့ ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ဗဟိုလက်ယာယိမ်း François Fillon ကလည်း သူ့ကိုထောက်ခံသူတွေအနေနဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲကျရင် Emmanuel Macron ကိုမဲပေးပါလို့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်ခံတဲ့မိန့်ခွန်းထဲမှာ ထည့်ပြီးပြောကြားသွားပါတယ်။ ဒါ့အပြင် ပြင်သစ်ဆိုရှယ်လစ်ဝါဒီခေါင်းဆောင်တွေကလည်း Emmanuel Macron ကိုမဲပေးဖို့ထောက်ခံ တိုက်တွန်းမှုတွေ လုပ်နေကြပါတယ်။ အမျိုးသားရေးဝါဒီ Marine Le Pen ကတော့ Mr. Macron ရဲ့လုံခြုံရေးမူဝါဒတွေဟာ အားနည်းတယ်လို့ တနင်္လာနေ့မှာပဲ ထပ်ပြီးပြောကြားခဲ့ပါတယ်။

ပြင်သစ်ပြည်သူတွေကို အစ္စလာမ်အကြမ်းဖက်ဝါဒီတွေရဲ့ရန်ကနေကာကွယ်ဖို့ သူ့ပြိုင်ဘက် Emmanuel Macron မှာ ခိုင်မာတဲ့ အစီအစဉ်တွေမရှိဘူးလို့ Marine Le Pen ပြောသွားတာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့ ပြင်သစ်နိုင်ငံမှာ ဒီလိုပြောကြားချက်တွေကြောင့်ပဲ ပထမအကျော့ ရွေးကောက်ပွဲမှာ သူဒုတိယ မဲအများဆုံးရခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့မူဝါဒအများစုဟာ ပြင်သစ်လူမျိုးတွေကိုပဲ ရှေ့ရှုလွန်းပြီး အမျိုးသားရေးဝါဒ ပြင်းထန်လွန်းတယ်လို့ တချို့ကလည်း မြင်ကြပါတယ်။ အထူးသဖြင့်လူငယ်ပိုင်းတွေနဲ့ အမြင်ကျယ်တဲ့ ပြင်သစ်လူမျိုးအများစုက Marine Le Pen ကို မကြိုက်ကြဘူးလို့ ပါရီမြို့တော်က အထက်တန်းပြဆရာမ မသူဇာကပြောပါတယ်။

“ကျမ ပတ်ဝန်းကျင် ကျမအလုပ်အကိုင် ကျမနဲ့အတူလုပ်နေတဲ့သူတွေအများစုကတော့ Le Pen ကိုတော်တော်ကြောက်ကြတယ်။ သူ့ရဲ့အတွေးအခေါ်တွေအများစုက တော်တော်ကြီးအစွန်းရောက်လွန်းတယ်ပေါ့နော်၊ ကျမကျောင်းသားတွေအများစုက ပြင်သစ်လူမျိုးစစ်စစ်တွေများတယ်။ ဒီကျောင်းသားတွေဟာ တော်တော်ကို ပညာရေးလေ့လာဆည်းပူးတဲ့ကျောင်းသားတွေ မျက်စိပွင့်နားပွင့်တွေဖြစ်တယ်။ သူတို့ကိုယ်တိုင်အများစုကလည်း Le Pen ကိုမကြိုက်ကြဘူး။ နောက်ပြီးတော့ Europe ထဲက ထွက်မယ်ဆိုတဲ့ Idea ကိုမကြိုက်ကြဘူး။ တံခါးမရှိ ဓါးမရှိသွားခွင့်လာခွင့် လူငယ်တွေမှာ ရှိသင့်တဲ့သူတို့ language အတွက်ဖြစ်ဖြစ် အလုပ်အကိုင်အတွက်ဖြစ်ဖြစ် သူတို့အခုဆို လွယ်လွယ်ကူကူသွားလာလှုပ်ရှားပြီးတော့ ရနေကြတယ်။ နောက် စီးပွားရေးနဲ့ ပတ်သက်ရင်လည်း အခွန်တွေ ဘာတွေ အလုပ်ရှုပ်စရာမလိုဘူး။ အဲဒီအတွက် ပြင်သစ်နိုင်ငံစီးပွားရေးက ဒီအပေါ်မှာ တော်တော်ကြီးတည်ငြိမ်နေပါတယ်။ မကောင်းတာတွေလည်းရှိမှာပေါ့နော် ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဟာပိုများမယ်ဆိုတာ ချိန်ကြည့်ရမှာပေါ့နော်။

မေ။ ။ Macron ကို ကြည့်မယ်ဆိုရင် သူက စီးပွားရေးဘက်က လာတာပေါ့လေ ၊ ဒီအုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံမရှိဘူး နောက်တခုက အသက်က သိပ်ငယ်လွန်းတယ်ဆိုတော့ တကယ်လို့များ သူတက်လာမယ်ဆိုရင် ပြဿနာတွေကို တကယ်ကိုင်တွယ်နိုင်မယ်လို့ သူ့ကိုထောက်ခံတဲ့ မဲဆန္ဒရှင်တွေ အများစုနောက် သူ့ကို မဲပေးဖို့ စဉ်းစားတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ရော အဲဒီကိစ္စကို လက်ခံနိုင်သလား ၊ သူသမ္မတ ဖြစ်ရင် ကိုင်တွယ်နိုင်မယ်လို့ထင်ပါသလား။

ဖြေ။ ။ဟုတ်ကဲ့ သူ့ကို မဲပေးခဲ့တဲ့ ကျမတို့အနေနဲ့ တွေးတာကတော့ ဟုတ်ပါတယ်၊ Macron ကအတွေ့အကြုံမရှိသေးပါဘူး၊ အသက်ကငယ်သေးတယ် ဒါပေမယ့် ဒါတွေက အဓိက မဟုတ်ပါဘူး၊ ဒီမိုကရေစီနိုင်ငံဆိုတာက သမ္မတက သူတယောက်တည်း နိုင်ငံကို အုပ်ချုပ်တာမှ မဟုတ်တာ သူ့အစိုးရနဲ့ လက်တွဲပြီး အုပ်ချုပ်ရတာလေ၊ သူ့အစိုးရ သူဖွဲ့စည်းမယ့် သူ့အစိုးရနဲ့ နိုင်ငံကြီးကို အုပ်ချုပ်သွားမယ်ဆိုတော့ သူ တယောက်တည်း လို့ ကျမတို့ မမြင်မိပါဘူး။ သူဟာ အတွေ့အကြုံတွေနည်းချင်နည်းမယ် ဒါပေမယ့် သူ့အစိုးရနဲ့ အတူတူ ပူးပေါင်းပြီးတော့ သူ့အစိုးရထောက်ပံ့မှုတွေနဲ့ နိုင်ငံကို အကောင်းဆုံးဖြစ်အောင်အုပ်ချုပ်သွားမယ်လို့ မျှော်လင့်ပါတယ်ရှင့်။”

အလယ်အလတ်ဝါဒီ Macron အပေါ် လက်ယာယိမ်းတွေရော လက်ဝဲယိမ်းတွေကပါ မဲပေးကြဖို့ စဉ်းစားနေကြတာတေ့ွရတယ်လို့ ပါရီမြို့တော်မှာ နေထိုင်သူ မသူဇာက ပြောပါတယ်။ ဘဏ္ဍာရေးလောကကနေ နိုင်ငံရေးလောကထဲကို ဝင်လာတာမကြာသေးတဲ့ Emmanuel Macron အနေနဲ့ မေလ ၇ ရက်နေ့မှာကျင်းပမဲ့ ဒုတိယအကျော့ ပြင်သစ်သမ္မတရွေးကောက်ပွဲကျရင် အနိုင်ရနိုင်ခြေများတယ်လို့ နိုင်ငံရေးအကဲခတ်တွေကလည်း ခန့်မှန်းနေကြပါတယ်။ လက်ယာစွန်းသမ္မတလောင်း Marine Le Pen ကတော့ ပြင်သစ်နိုင်ငံအတွက် အဆုံးအဖြတ်ပေးမယ့်အချိန်ရောက်နေပြီမို့ သူ့အနေနဲ့ National Front ပါတီခေါင်းဆောင်နေရာကနေ ဆင်းမယ်လို့ France 2 ပြင်သစ် ရုပ်သံဌာနကို တနင်္လာနေ့ကပဲ ပြောကြားခဲ့ပါတယ်။ အကယ်လို့သာ သူသာအနိုင်ရခဲ့ရင် ပြင်သစ်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG