သုံးရလွယ်ကူစေသည့် Link များ

ကျောက်ဖြူ -ယူနန် ရေနံစိမ်းပိုက်လိုင်းစီမံကိန်း ဒေသခံတွေအတွက် အကျိုးရှိရဲ့လား

  • သိင်္ဂီထိုက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကနေ မြန်မာနိုင်ငံကိုကန့်လန့်ဖြတ်ပြီး တရုတ်ပြည်ဘက်ကိုတင်ပို့မယ့် ရေနံပိုက်လိုင်းကိုတော့ သောကြာနေ့က အခမ်းအနားနဲ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ တနှစ်ကို ရေနံတန်ချိန် သန်း ၂၀ ကျော် တင်ပို့မယ့် ဒီရေနံပိုက်လိုင်း စီမံကိန်းကြီးကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဘယ်လောက်ဖန်တီးပေးနိုင်ခဲ့လဲဆိုတာနဲ့ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးရေး အတွက် ဘယ်လောက် အထောက်အကူဖြစ်စေလဲဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းကနေ မြန်မာနိုင်ငံ အလယ်ပိုင်း တကြောကို ဖြတ်ပြီး တရုတ်ပြည်ကို တိုက်ရိုက် သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းကြီးကိုတော့ သောကြာနေ့က တရားဝင် ဖွင့်လှစ်လိုက်ပြီး ဖြစ်ပါတယ်။ မိုင် ၅၀၀ နီးပါး ရှည်တဲ့ ဒီရေနံပိုက်လိုင်းကြီးက ရခိုင်ပြည်နယ် မဒေးကျွန်းက စပြီး မန္တလေး၊ လားရှိုး၊ မူဆယ်၊ ရွှေလီကိုဖြတ်သန်းပြီး တရုတ်ပြည် ကူမင်းကို တိုက်ရိုက် တင်ပို့နေပါပြီ။ တနှစ်ကို ရေနံစိမ်းတန်ချိန် ၂၂ သန်းလောက်အထိ တင်ပို့ဖို့လည်း ရည်ရွယ်ထားပါတယ်။

သောကြာနေ့က မဒေးကျွန်းမှာ ရေနံပိုက်လိုင်းအောင်ပွဲ ဖွင့်ပွဲကျင်းပတာမှာ မြန်မာအစိုးရ စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်နဲ့ ပြည်ထောင်စု ၀န်ကြီးတွေ၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ်တွေနဲ့မြန်မာဆိုင်ရာ တရုတ်သံအမတ် Yang Houlan၊ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း အထွေထွေမန်နေဂျာ Liao Yongyuan တို့ တက်ရောက်ခဲ့ကြတာပါ။ ဖွင့်ပွဲမှာ ရေနံစိမ်း တင်ပို့မှုဟာ တရုတ်ရော မြန်မာပါ ဝေမျှသုံးစွဲဖို့ဖြစ်ပြီး ဒီစီမံကိန်းကြောင့် မြန်မာနိုင်ငံတွင်းက ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးသလို လူထု စီးပွားဖွံ့ဖြိုးမှုတွေလည်း ခံစားရမှာဖြစ်တယ်လို့ ပြည်ထောင်စု စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်က ပြောခဲ့တာပါ။ ဒီဖွင့်ပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘရှင်ကတော့ ဒေသခံတွေအတွက် အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းတွေ သေချာအောင်လုပ်ဖို့တော့ လိုတယ်လို့ ပြောဆိုပါတယ်။

“ရွာသားတွေကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပေးတာပေါ့ဗျာ။ ဒါပေမယ့် သူတို့ မူလက လုပ်ကိုင်နေခဲ့တဲ့လုပ်ငန်းတွေကို နောင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတခုအနေနဲ့ ပျိုးထောင်ပေးဖို့ အစီအစဉ်လည်း ဘာမှ မသေချာသေးဘူး။ ဒီရွာမှာ အလုပ်ရတယ်ဆိုတာလည်း labor အဆင့်၊ hard labor အလုပ်ကြမ်းသမားအဆင့်ပဲ ရပါတယ်။ အစိုးရက မပြောင်းလဲဘူး၊ မထိခိုက်ဘူးလို့ ပြောနေပေမယ့် ကျနော်ကတော့ ထိခိုက်တယ်လို့ မြင်တာပဲ။ ဒီလုပ်ငန်းအသစ်လုပ်လိုက်တဲ့အတွက်ကြောင့် မူလလုပ်ငန်းတွေ ပျက်စီးသွားတာပဲ၊ ပြောင်းလဲသွားတာပဲ။ ဒီအပေါ်မှာ ဘယ်လိုအစီအစဉ်နဲ့ ကူညီပေးမလဲဆိုတဲ့ဟာနဲ့ ဒေသခံတွေအတွက် - စနစ်တကျမရှိသေးဘူးပေါ့ဗျာ။ သူတို့ လုပ်ပေးချင်တယ်ဆိုတဲ့ ဆန္ဒလောက်ပဲ ခေါ်ပြောတာရှိတယ်။ ကျနော်တို့နိုင်ငံအတွက်လည်း စက်မှု ထူထောင်မှုလုပ်ငန်း လုပ်ရမှာပေါ့ဗျာ။ လုပ်တဲ့အခါ ပွင့်ပွင့်လင်းလင်း သိချင်တယ်၊ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။ ကျနော်တို့ ဒါတွေလုပ်ထားတယ်ဗျာ၊ ကြည့်ကြ။ အဲဒီလို လာကြည့်ကြလို့ ခေါ်တဲ့အဖြစ်မျိုးနဲ့တော့ မကျေနပ်ဘူး။ ဘ၀င်မကျလှဘူးပေါ့။”

ဒီရေနံပိုက်လိုင်းနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကိုလည်း စိုးရိမ်မှုတွေကတော့ရှိနေဆဲပါ။ ဒီပိုက်လိုင်းကို အကောင်အထည်ဖော်တဲ့ တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသား စွမ်အင်ကော်ပိုရေးရှင်း CNPC ရဲ့ အထွေထွေမန်နေဂျာ Liao Yongyuan ကတော့ ဒီပိုက်လိုင်းစီမံကိန်းက ကော်ပိုရေးရှင်းအတွက် အခက်ခဲဆုံး လုပ်ငန်းကြီးတခုဖြစ်တယ်လို့ ဖွင့်ပွဲနေ့မှာ အခုလို ပြောသွားပါတယ်။

ဒီစီမံကိန်းကြီးကတော့ တရုတ် အမျိုးသားရေနံကော်ပိုရေးရှင်းက အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာ အခက်ခဲဆုံး စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေကို ပြုစုပြီး ပိုက်လိုင်းတည်ဆောက်ရေး ပြဌာန်းစာအုပ်ထဲမှာတောင် ထည့်သွင်း သင့်ပါတယ်။ ဒီပိုက်လိုက်ကြီးကို ပေ ၂၇၀ လောက် အနက်ကနေ ဖြတ်သန်းပြီး တောင်တန်းပေါင်းများစွာကို ဖြတ်ပြီး ကျနော်တို့ တည်ဆောက်ခဲ့တာပါ-လို့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းရဲ့ အထွေထွေ မန်နေဂျာက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီရေနံပိုက်လိုင်း စီမံကိန်းရဲ့ပိုင်ဆိုင်မှု ၅၀.၉ % ကို တရုတ် အမျိုးသားရေနံကုမ္ပဏီက ရယူထားပြီး မြန်မာအစိုးရ စွမ်းအင်ဝန်ကြီးဌာနက ၄၉.၁ % ပိုင်ဆိုင်ပါတယ်။ တရုတ်အစိုးရပိုင် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်းကပဲ တည်ဆောက်ခဲ့တဲ့ ကျောက်ဖြူကနေ တရုတ်နိုင်ငံဆီကို တင်ပို့တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုတော့ ၂၀၁၃ ခုနှစ် ဇူလိုင်လက စတင် ပို့လွှတ်နေတာ ဖြစ်ပါတယ်။ ဒီသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှာ တရုတ်၊ မြန်မာ၊ တောင်ကိုးရီးယား၊ အိန္ဒိယတို့က ရှယ်ယာ ပိုင်ဆိုင်ကြတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအထိ ကျောက်ဖြူကနေ တရုတ်နိုင်ငံကို တိုက်ရိုက်တင်ပို့နေတဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်း ၄,၀၀၀ နီးပါး ရှိခဲ့ပြီး မြန်မာနိုင်ငံအတွက်တော့ ကုဗမီတာ ၁၄၇ သန်း ပေးထားပြီး ဖြစ်တယ်လို့လည်း တရုတ်အစိုးရ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG