သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တန်ဆောင်တိုင်ပွဲတော် အလှူအတန်းများနဲ့စည်ကား


မြို့တော်ခန်းမရှေ့က တန်ဆောင်တိုင်မီးထွန်းပွဲတော် ( ဓာတ်ပုံ-ထက်အောင်ခန့်- VOA Burmese )
မြို့တော်ခန်းမရှေ့က တန်ဆောင်တိုင်မီးထွန်းပွဲတော် ( ဓာတ်ပုံ-ထက်အောင်ခန့်- VOA Burmese )

ဒီကနေ့တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွဋ်အမြတ်နေ့ဖြစ်တာနဲ့အတူ မြန်မာနိုင်ငံတဝန်းမှာ အလှူ အတန်းတွေပြုလုပ်နေကြ ပါတယ်။ ရန်ကုန်မြို့အပါအဝင် မြို့တိုင်းလိုလိုမှာ စတုဒီသာကျွေးပွဲတွေ။ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွေ။ နိဗ္ဗာန်ဈေး ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပနေပါတယ်။ မြန်မာ့ရိုးရာဓလေ့နဲ့အညီ ကျင်းပကြတဲ့ တန်ဆောင်တိုင်ပွဲတော် အကြောင်း ကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က တင်ပြပေးပါမယ်။

ဒီကနေ့နိုဝင်ဘာ ၃ ရက်နေ့မှာကျရောက်တဲ့တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင် တို့ကောင်းမှုကုသိုလ်ပြုကြတဲ့ နေ့တနေ့ဖြစ်ပါတယ်။ ဝါတွင်း ၃ လကာလ ဝါဆိုရာက ဝါထွက်တဲ့ ရဟန်းသံဃာတွေအတွက် ကထိန်သင်္ကန်းကပ်လှူပွဲတွေကို မြန်မာတနိုင်ငံလုံး အနှံ့ကျင်းပကြပါတယ်။ ရွှေတိဂုံစေတီတော်အပါအဝင် စေတီတော်ကြီးတွေမှာ ညလုံးပေါက် မသိုးသင်္ကန်းတွေယက်လုပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့မှာ ကပ်လှူကြပါတယ်။

ကထိန်သင်္ကန်းကပ်လှူတာအပြင် စတုဒီသာကျွေးမွေးပွဲတွေ။ တန်ဆောင်တိုင် မီးထွန်းပွဲတော်တွေ နိဗ္ဗာန်ဈေးပွဲတော်တွေကိုလည်း ပြုလုပ်ကြပါတယ်။ ရန်ကုန်မြို့မှာတော့ အရင်နှစ်ကနဲ့မတူ တမူထူးခြားစွာ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံမှာ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပထမဆုံးကျင်းပပြုလုပ်ပါတယ်။

တန်ဆောင်တိုင်ပွဲတော်ကို လုပ်လေ့ရှိတဲ့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာဆိုရင်လည်း လမ်းမတော်ပွဲဈေးအပြင်။ ခေတ်အခြေအနေတွေကို ထင်ဟပ်သရော်ထားတဲ့ တကွက်ကာတွန်းပွဲတော်။ အဲဒီပွဲတော်ကတော့ နာမည်ကျော်ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးဘဂျမ်းကာတွန်းပွဲတော်ဖြစ်ပါတယ်။ လမ်းမတော်ပွဲဈေးမှာ ဒီနှစ်ထူးခြားတာက၁၀ နှစ်ကျော်လောက် မကျင်းပဖြစ်ခဲ့တဲ့ အကပဒေသာ ပွဲတော်ကိုပြန်လည် ထည့်သွင်းထားတာဖြစ်တဲ့အကြောင်း ဒီနှစ် ထူးခြားမှုနဲ့ပါတ်သက်လို့ လမ်းမတော်မြို့နယ်မှာနေထိုင်တဲ့ကိုကျော်စိုးနိုင်က ပြောပါတယ်။

"မြို့တော်ခမ်းမရှေ့မှာ မီးထွန်းပွဲတွေ လုပ်တယ်။ ပျော်ပွဲရွှင်ပွဲတွေ လုပ်တဲ့အတွက် ပိုပြီးတော့ ဓာတ်ပုံတွေ လာရိုက်ကြတယ်။ အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ လာကြတဲ့ အတွက် အရမ်းဝမ်းသာဂုဏ်ယူဖို့ကောင်းတယ်။ ဒီလိုမျိုး လာလုပ်တဲ့အတွက် နောက် လမ်းမတော်မှာ တော့ နှစ်စဉ်နှစ်တိုင်း လုပ်နေကျပေါ့ တန်ဆောင်တိုင်မီးထွန်းပွဲ မခေါ်ပဲ တန်ဆောင်တိုင် ဈေးရောင်းပွဲ ပုံစံမျိုးဖြစ်နေတာပေါ့နော် ဒါပေမဲ့ အခုနှစ်က ဘာထူးခြားသွားလဲ ဆိုတော့ လမ်းမတော် ၁ရပ်ကွက် ၂လမ်းနဲ့ ၃လမ်းထိပ်နားလေးနားမှာ အကပဒေသာကပွဲကို ဒီနှစ်မှာ စပြီးတော့ မလုပ်တာတော့ ကြာခဲ့ပြီပေါ့နော် နဂိုကတော့ လုပ်ခဲ့ဖူးတယ် လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ၁၅နှစ်လောက်က လုပ်ခဲ့တယ်။ ဒီနှစ်မှာတာ့ ပထမဆုံးအကြိမ် ထည့်သွင်းပြီးတော့ လမ်းမတော်မှာ လုပ်လာတယ်။"

ရန်ကုန်မြို့မှာ ခုလို စည်စည်ကားကား ကျင်းပသလို ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ဆိုရင်လည်းရိုးရာပွဲတခုဖြစ်တဲ့ တောင်ကြီးမီးပုံးပျံပွဲကို တန်ဆောင်တိုင်ကာလမှာ ကျင်းပပါတယ်။ အနယ်နယ်အရပ်ရပ်ကနေ လူပေါင်း သိန်းချီလာရောက်ကြည့်ရှုသူတွေနဲ့ စည်းကားလျက်ရှိပါတယ်။ ရိုးရာဓလေ့ ဖြစ်တဲ့ မီးပုံးပျံပွဲဟာ မီးပုံးပျံပြုလုပ်သူတွေရဲ့ ကြိုးစားအားထုတ်မှု စည်းလုံးမှုတွေကို ပြသတဲ့ ပွဲဖြစ်တယ်လို့ ရန်ကုန်မြို့ကနေ သွားရောက်ကြည့်ရှုတဲ့ ကိုအောင်ဟိန်းစိုးကပြောပါတယ်။

"ရိုးရာဓလေ့ဆိုပေမဲ့ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ မှိုင်းခံရ ဒီဟာကြီးကို အပေါ်တက်အောင် လုပ်ရ ဒီဟာကတော့ ပြိုင်ပွဲပေါ့လေ သူတို့က ယမ်းတွေနဲ့ လုပ်ရတယ် အလှဆင်ရတယ် ကိုယ့်မီးပုံးပံျကို ဘယ်လောက်ထိအောင် လှအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ပြိုင်ပွဲလည်းဖြစ်တဲ့အခါကျတော့ ပွဲမှာလည်း ကိုယ့်မီးပုံပျံ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ဖို့ အဘက်ဘက်က အရေးကြီးတယ်။ သူတို့ရဲ့စည်းလုံးညီညွတ်မှုတွေလည်း ပါတယ်။ ကြိုးစားမှုတွေလည်းပါတယ် ဒါတွေကနေပြီးတော့ မီးခိုးယမ်းတွေကနေ မီးပန်းတွေ လှလှပပ ထွက်လာအောင် ဒါမျိုးဆိုတာ သူတို့ အပတ်တကုတ်ကြိုးစား ထားရတယ်။ အဲ့တာကို သွားကြည့်လို့သွားကြည့်တာပါ။"

တန်ဆောင်မုန်းလပြည့်နေ့ညပိုင်းမှာတော့ မြန်မာနိုင်ငံတဝန်းက တန်ခိုးကြိးစေတီ ပုထိုးဘုရားတွေမှာ ဆီမီး ၁ ထောင်ပူဇော်ပွဲတွေကိုလည်း ကျင်းပပါတယ်။ တန်ဆောင်မုန်းလပြည့်ညဟာ ဆေးပေါင်းခတဲ့ညဖြစ်တယ်လို့ ယုံကြည်ကြတဲ့အတွက် ဆေးဖက်ဝင် မယ်ဇလီဖူးသုတ်စားကြတဲ့ ဓလေ့ကလည်း မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တခု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG