သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့ဘောင်သစ်ပါတီရဲ့ အနာဂတ်


လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ ဦးအောင်မိုးဇော်
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ ဦးအောင်မိုးဇော်
၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် အုံကြွမှု အရေးအခင်းကြီးအပြီး ဒုတိယအကြီးဆုံး လူငယ်ထုဦးဆောင်ပါတီကြီးတရပ်အဖြစ် ထင်ရှားခဲ့တဲ့ DPNS လို့ခေါ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ပြည်ပရောက် တောခိုပါတီအဖြစ်ကနေ အခုလက်ရှိမှာ ပြည်တွင်း တရားဝင်ပါတီတခုအဖြစ် ရပ်တည်နိုင်ဖို့အတွက် မှတ်ပုံတင်ခွင့် တောင်းခံထားပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပါတီရဲ့ ပြန်လည်ထူထောင်ရေးကာလ ဦးဆောင်မှုအပိုင်းမှာ ကွဲလွဲမှုသတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်နေပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်မိုးဇော်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်မိုးဇော်။ ။ ကျနော်တို့ နောက်ဆုံးအဆင့်ကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ပြန်လည် တည်ထောင်ခွင့်ပေါ့ ပြန်ပြီး လျှောက်တဲ့အဆင့်ပေါ့ကော်မရှင်မှာ။ အဲ့ဒါကို ကျနော်တို့ အရင်လ ၁၇ ရက်နေ့က ကော်မရှင်မှာ ပြန်လည် တည်ထောင်ခွင့် လျှောက်ခဲ့ပါတယ်။ အဲ့လို လျှောက်နိုင်ဖို့ကို ကျနော်တို့ ၁ နှစ်လောက်ပေါ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက စပြီး ကြိုးစားရတာပေါ့နော်။ နောက်ဆုံးတော့ ကျနော်တို့ ပါတီကို ပြန်ပြီးတော့ တည်ထောင်ခွင့် လျှောက်တဲ့အဆင့်ကို ရောက်ပါပြီ။

ဦးသန်းလွင်ထွန်း။ ။ လူ့ဘောင်သစ်ပါတီကို ပြန်လည် တည်ထောင်ခွင့်လို့ ဆိုတဲ့နေရာမှာ လူ့ဘောင်သစ်ပါတီရဲ့ သမိုင်းကြောင်းအနေနဲ့ပေါ့ အဲ့ဒါက ပြီးခဲ့တဲ့ စစ်အစိုးရကာလတုန်းက မတရားအသင်း ကြေညာခံထားရပြီးတော့ ပါတီဝင် အများစုကလည်း ဒီဘက် နယ်စပ်ဒေသကို ရောက်ရှိပြီးတော့ ပြည်ပရောက် အဖွဲ့အစည်းအနေနဲ့ ရပ်တည်နေခဲ့တာပါ။ အဲ့ဒီတော့ သဘောက ပြည်တွင်းမှာ ကျန်နေတဲ့လူတွေနဲ့ အခုလို ပြည်ပကို ထွက်သွားပြီးတော့ ပြည်ပရောက် အဖွဲ့အစည်းတွေအနေနဲ့ ရပ်တည်ခဲ့တဲ့ ခေါင်းဆောင်တွေကျတော့ ဘယ်လို သဘောတူညီမှုတွေ ရယူပြီးတော့ ပြန်လည် ထူထောင်ဖို့ ကြိုးစားနေတာလဲခင်ဗျ။

ဦးအောင်မိုးဇော်။ ။ ကျနော်တို့ ဗမာပြည်ကို စပြီး ပြန်လာခွင့်ရတဲ့ အခြေအနေပေါ့နော် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက နေပြီးတော့ အခုအချိန်ထိပေါ့နော် ပြည်တွင်းမှာရှိတဲ့ စုစည်းရေးကော်မတီ၊ ပြည်တွင်းမှာရှိတဲ့ နောက် ပါတီဝင်ဟောင်းတွေ၊ နောက် ပြည်တွင်းမှာရှိတဲ့ အနယ်နယ် အရပ်ရပ်က လူ့ဘောင်သစ်ကိုယ်စားလှယ်တွေပေါ့နော် လူ့ဘောင်သစ်ရဲဘော်ဟောင်းတွေလည်း ကျနော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ရပါတယ်။ အဲ့ဒီ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်တိုက် ပြလုပ်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျနော်တို့ စုံညီအစည်းအဝေးတခု လုပ်ပါတယ်။ အဲ့ဒီ စုံညီအစည်းအဝေးကနေပြီးတော့ ကျနော်တို့ နယ်စပ်ဒေသမှာရှိတဲ့ ရဲဘော်တွေအပါအဝင် အားလုံးသော ကိုယ်စားလှယ် ၂၅ ဦးကို ရွေးချယ်ပေးပါတယ်။ ရွေးချယ်ပေးတယ် ဆိုတာထက်ပေါ့ဗျာ ကိုယ့်ကိုယ်ကို အဆိုပြုပြီးတော့သော်လည်းကောင်း သို့မဟုတ်လို့ရှိရင် ခုနလိုပေါ့ တစ်ယောက်ကို ကျနော်တို့ အဆိုပြုပေးတော့သော်လည်းကောင်းပေါ့နော် ဒီမှာ ပါတီ ပြန်လည်ထူထောင်လိုတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ပါတီရဲဘော်ဟောင်းတွေကို ကျနော်တို့ စုစည်းပါတယ်။ အဲဒီမှာ ကျနော်တို့ အားလုံးပေါင်း ၂၅ ဦး ရပါတယ်။ အနယ်နယ်အရပ်ရပ်က ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းမှာရှိတဲ့ စုစည်းရေးကော်မတီနဲ့ နောက်တခုက နယ်စပ်ဒေသက ကိုယ်စားလှယ်တွေနဲ့ပေါ့နော်။ ပြီးတော့ ဒီ ကျနော်တို့ အောက်တိုဘာ ၅ ရက်၊ ၆ ရက်နေ့မှာ ဆက်ပြီးတော့ ဆွေးနွေးပွဲလုပ်ပါတယ်။ ဆွေးနွေးပွဲလုပ်တဲ့အချိန်မှာ အားလုံးပေါင်း ၂၇ ဦး ဖြစ်သွားပါတယ်။ အဲ့ဒီ ၂၇ ဦး ကျနော်တို့ ပြန်လည်ပြီးတော့ မှတ်ပုံတင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကြိုးစားခဲ့ပေမဲ့လို့ နောက်ဆုံး မှတ်ပုံတင်ဖို့ကိစ္စကို ကျနော်တို့ ဒီဇင်ဘာ ၇ ရက် ၈ ရက်မှာ ဆွေးနွေးပွဲခေါ်တယ်။ ဆွေးနွေးပွဲခေါ်တဲ့ အချိန်မှာတော့ ၂၇ ဦးထဲကနေပြီးတော့ ၄ ဦးက သီးခြားအစည်းအဝေးလုပ်ပြီးတော့ ဘယ်လိုခေါ်မလဲ ကျနော်တို့နဲ့ မပါတော့ဘူးဆိုတဲ့ အခြေအနေ ဖြစ်သွားပါတယ်။ အဲ့ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ ကျနော်တို့ အဲ့ဒီဆွေးနွေးပွဲကတော့ ဒီမှတ်ပုံတင်တဲ့ကိစ္စကိုတော့ ဆက်လက်ပြီးတော့ ကြိုးစားမယ်ဆိုပြီးတော့ ဆက်ကြိုးစားရင်းနဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြန်လည်မှတ်ပုံတင်တဲ့ကိစ္စကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ ဒီနယ်စပ်ကနေ ဒါမှမဟုတ် ပြည်ပကနေ ပြန်လာခဲ့တဲ့သူတွေအကြောင်းကို ပြောရမယ်ဆိုရင် ဒီလူတွေရဲ့ နိုင်ငံသားအဖြစ် တည်ရှိမှုအခြေအနေကရော ဘယ်လိုရှိသလဲခင်ဗျ။ ဒါက နှစ်ကလည်း တော်တော်ကြာခဲ့ပြီဆိုတော့ တချို့ဆိုလို့ရှိရင်လည်း နိုင်ငံခြားသားအဖြစ် ခံယူထားတဲ့သူတွေများ ရှိနေမလား။ အဲ့ဒါအပြင်ကို ကျနော်တို့ ဒီဘက်မှာ နောက်ပိုင်းကြားရတဲ့ ကိစ္စတွေအရဆိုရင် ဒီ လူ့ဘောင်သစ်ပါတီ ပြန်လည်ထူထောင်ရေး ကိစ္စမှာတောင်မှပဲ ပြန်လည်ထူထောင်ဖို့ ကြိုးစားတဲ့သူတွေကြားထဲမှာ အဖွဲ့ ၃ ဖွဲ့ ကွဲနေတယ်ဆိုတဲ့ အနေအထားမျိုးလေးတွေ ကြားရတယ်လေ။ အဲ့ဒါလေးတွေကိုပါ တဆက်တည်း ရှင်းပြပါလား။

ဦးအောင်မိုးဇော်။ ။ ကျနော်တို့ ဒီနယ်စပ်ကနေပြီးတော့မှ ပါတီထူထောင်ခွင့် ပြန်လျှောက်တဲ့အထဲမှာပါတဲ့ ကိုယ်စားလှယ်က ၇ ဦးပဲ ရှိပါတယ်။ အဲ့ဒီ ၇ ဦးစလုံးက နိုင်ငံသားပြန်ပြီးတော့ ဖြစ်သွားပါပြီ။ နဂိုကတည်းကလည်း နိုင်ငံသားတွေဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနဲ့ ဆွေးနွေးတဲ့ Process ထဲမှာ ကိုယ်တိုင်က ကျနော်တို့ရဲ့ နိုင်ငံသားဖြစ်မှုတွေကို ပြန်လည် ဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောတူညီမှု၊ ပြန်လည်ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိတခု ရပါတယ်။ အဲ့ဒီအခြေခံနဲ့ ကျနော်တို့ ဆောင်ရွက်တဲ့အခါကျတော့ အထူးသဖြင့် မှတ်ပုံတင်မရှိတဲ့သူတွေ အကုန်လုံးကို မှတ်ပုံတင်တွေ ပြန်လုပ်ပေးတဲ့ Process ပေါ့ အဲ့ဒါက ၃၊ ၄ လလောက် စောင့်လိုက်ရတယ်။ အခုလက်ရှိ ကျနော်တို့ အပြင်က ပြန်ရောက်လာတဲ့ ရဲဘော်တွေ အကုန်လုံးကတော့ အားလုံး နိုင်ငံသား ဖြစ်သွားပြီဖြစ်ပါတယ်။

နောက် ဒုတိယတချက် မေးတဲ့မေးခွန်းပေါ့နော် ကျနော်တို့ ၃ ဖွဲ့ ရှိသွားပြီဆိုတဲ့ကိစ္စပေ့ါနော် အထူးသဖြင့်တော့ ၃ ဖွဲ့လို့ ပြောဖို့ ခက်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ အထူးသဖြင့် ခုန ကျနော် တင်ပြခဲ့တဲ့ အားလုံးပေါင်း စက်တင်ဘာ ၁၅ ရက်နေ့နဲ့ အောက်တိုဘာ ၅ ရက် ၆ ရက်နေ့မှာလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ ကိုယ်စားလှယ်အားလုံး ၂၇ ဦးနဲ့ မှတ်ပုံတင်ဖို့ကိစ္စကို သဘောတူခဲ့ပါတယ်။ အဲ့ဒီ သဘောတူခဲ့တဲ့အထဲမှာ အခု ၃ ဖွဲ့လို့ ပြောနေတဲ့ လူပုဂ္ဂိုလ်တွေ ပါပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ဆီက လူ ၄ ဦးပေါ့နော် အဲ့ဒီထဲကနေပြီးတော့ ၄ ဦး နှုတ်ထွက်သွားပြီးတော့ သီးခြား အစုအဖွဲ့တခု လုပ်ပြီးတော့ ဒီ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ၃ ဖွဲ့ ဖြစ်သွားပြီလို့ ကျယ်ကျယ်ပြန့်ပြန့် ဒီ ဆိုရှယ် မီဒီယာတွေမှာ၊ နောက် ရဲဘော်တွေကြားမှာ ပြောဆိုနေတာတွေ ရှိပါတယ်။ အခြေခံအားဖြင့်တော့ ကျနော်တို့ အနေနဲ့တော့ အဲ့ဒီလို ၃ ဖွဲ့လို့ မမြင်ပါဘူး။ ကိုဇေယျနဲ့တော့ ကျနော်တို့ အခုချိန်အထိ ဆက်ဆံရေး မပျက်ပါဘူး။ အခုအချိန်ထိ ဆက်လက်ပြီးတော့ ညှိနှိုင်းနေတုန်းပဲ ဖြစ်ပါတယ်။ ကာလတခုမှာ ကိုဇေယျတို့နဲ့ ပြန်ပြီးတော့ စုစည်းနိုင်ဖို့ကိစ္စကိုလည်း ကျနော်တို့ ကြိုးစားနေတုန်းပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ ပါနေတဲ့ကိစ္စတွေကတော့ ကျနော့်အထင်ကတော့ ဟုတ်တယ်လို့ ကျနော်ကတော့ မမြင်ပါဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲ့တော့ သဘောကတော့ လူ့ဘောင်သစ်ပါတီ မှတ်ပုံပြန်တင်မယ်ဆိုရင် ပါတီတခုတည်းအနေနဲ့ပဲ တင်ဖြစ်မယ်။ ဒါဆိုလို့ရှိရင် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ဖို့အနေအထားကရော ဘယ်လိုရှိလဲ။ အဲ့ဒါဆိုလို့ရှိရင် ပြည်သူကြားမှာ ရပ်တည်မယ့် ပါတီရဲ့ ရပ်တည်မှု လိုင်းက ဘယ်လိုရှိမလဲဆိုတာ နည်းနည်းလေး ရှင်းပြပေးပါလား။

ဦးအောင်မိုးဇော်။ ။ လောလောဆယ်ဆယ် အနေအထားကတော့ တရားဝင် မှတ်ပုံတင်တဲ့အဆင့်ကို မရောက်သေးဘူး။ ကျနော်တို့ မှတ်ပုံတင်က ဘယ်တော့ ဘယ်အတိုင်းအတာမှာ မှတ်ပုံတင်ခွင့်ရမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ နောက်ပြီးတော့ ဒီ တနှစ်ကျော်ကျော်အတွင်းမှာ ကျနော်တို့ပါတီကို ဘယ်လောက်အထိ တည်ဆောက်နိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။ သို့သော်လည်း နိုင်ငံရေးပါတီတခု ဖြစ်လာတဲ့အခါကျတော့ အနိမ့်ဆုံးအဆင့် မဝင်မနေရဆိုတဲ့ ကန့်သတ်ချက်တွေရှိပါတယ်။ ဆိုတော့ အနိမ့်ဆုံးအဆင့်ကိစ္စကို ကျနော်တို့ ဝင်ကို ဝင်ရမယ့်အခြေအနေ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ဒါက တချက်ပါ။ အကယ်၍ ဝင်ခဲ့သည်ရှိလို့ရှိရင်လည်းပဲ အခုလောလောဆယ်ပေါ့နော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ နောက် အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပေါ်ထွန်းရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဒီကိစ္စတွေကို ကျနော်တို့ ဦးတည်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တပိုင်းကလည်းပဲ ကနေ့ တိုင်းပြည်ထဲမှာဖြစ်ပျက်နေတဲ့ အထူးသဖြင့်ပေါ့ဗျာ တတိုင်းပြည်လုံးအနှံ့ ဖြစ်ပျက်နေတဲ့ လယ်ယာမြေ သိမ်းဆည်းမှုတွေနဲ့ ပတ်သက်လို့ ရပ်တန့်ဖို့ကိစ္စတွေ အထူးသဖြင့်တော့ လယ်ယာမြေနဲ့ ပတ်သက်လို့ လယ်သမားတွေ ပြန်လည် ရရှိရေးနဲ့ ပတ်သက်လို့က ကျနော်တို့ ဦးစားပေး ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်။ ဦးစားပေး တောင်းဆိုရမယ့်ကိစ္စ ဖြစ်တယ်လို့ မြင်ပါတယ်။

နောက် ဒုတိယတခုအနေနဲ့က ကျနော်တို့ ဒီ အလုပ်သမားတွေပေါ့ အနိမ့်ဆုံးအဆင့် လုပ်ငန်းခွင် သာယာရေး၊ အနိမ့်ဆုံးလခ သတ်မှတ်နိုင်ရေး၊ သူတို့ရဲ့ လူမှုဖူလုံရေးကိစ္စ ဒါတွေကလည်း ကျနော်တို့ ဦးစားပေး တောင်းဆိုရမယ့်ကိစ္စတွေ၊ ဦးစားပေး ဆောင်ရွက်ရမယ့်ကိစ္စတွေထဲမှာ ပါတယ်လို့ မြင်ပါတယ်။ နောက်တခုက အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ Reform တွေ၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်းပဲ ကျနော်တို့ ပါတီအနေနဲ့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေမှာ စုပေါင်းပြီးတော့ ပြုပြင်ရေးကိစ္စတွေမှာ ပါဝင်တဲ့ကိစ္စတွေမှာ ကျနော်တို့ ဆောင်ရွက်ရလိမ့်မယ်လို့ အခြေခံအားဖြင့် ကျနော်တို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲတော့ ဒီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအခြေအနေကိုပဲ ပြောကြမယ်ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲဟာ တကယ်တမ်းကျလို့ရှိရင်တော့ အခု လောလောဆယ် လူထုအပေါ် ချဉ်းကပ်မှုနဲ့ နိုင်ငံတကာအပေါ် ချဉ်းကပ်မှု ပုံစံပြောင်းလာတဲ့ အာဏာရ လက်ရှိပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့နဲ့ လက်ရှိ အတိုက်အခံ သဘောမျိုး လူထုရဲ့ပါတီသဘောမျိုးရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြားမှာ အကြိတ်အနယ် ပြိုင်ကြရမယ့် အနေအထားလို့ မြင်ကြတာတွေလည်း ရှိပါတယ်။ ဒီမိုကရေစီဆိုတာကတော့ ပါတီနှစ်ခုတည်းကြားထဲကကိစ္စ မဟုတ်ဘူးဆိုတာကိုလည်း ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့လည်း တခြား တိုင်းရင်းသားပါတီတွေအကြား ရှိနေတဲ့အကြား ဒါ့အပြင်ကို အခု လောလောဆယ် တချိန်တုန်းက ဒုတိယအကြီးဆုံး ပါတီအဖြစ်တောင် ရပ်တည်နိုင်ခဲ့တဲ့ လူ့ဘောင်သစ်ပါတီကပါ ထပ်ပြီးတော့ ဝင်လာမယ်ဆိုရင် အတိုက်အခံတွေကြားထဲမှာ မဲကွဲသွားနိုင်တဲ့အနေအထားမျိုး ဖြစ်မလာနိုင်ဘူးလား။ အဲ့ဒီအပေါ်ကိုရော ဘယ်လို ရှုမြင်ပါသလဲ။

ဦးအောင်မိုးဇော်။ ။ မဟုတ်ဘူးခင်ဗျ။ အခြေခံအားဖြင့် သာမန်နိုင်ငံရေး အခြေအနေအောက်မှာဆိုလို့ရှိရင် ခုန ဦးသန်းလွင်ထွန်း ပြောတဲ့ကိစ္စက အတော် သတိထားစရာ ကောင်းတဲ့ကိစ္စပါ။ သို့သော်လည်းပဲ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ သာမန် နိုင်ငံရေးအခြေအနေပေါ့၊ ဒီမိုကရေစီ နိုင်ငံရေးအခြေအနေ အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုတာထက် ကျနော်တို့ တိုင်းပြည်ကို စစ်စစ်မှန်မှန် ဒီမိုကရေစီ ပြုပြင်ရေးလမ်းကြောင်းပေါ်ကို တွန်းပို့ရမယ့် ရွေးကောက်ပွဲတခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအခြေအနေအောက်မှာဆိုရင် ကျနော်တို့ပါတီအနေနဲ့ မြင်တာကတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ နိုင်ငံရေးပါတီတွေ အင်နဲ့အားနဲ့ အနိုင်ရရှိဖို့ကိစ္စက ကျနော်တို့အားလုံးရဲ့ တာဝန်လို့ ကျနော်တို့ ယူဆတယ်။ ကနေ့ အနေအထားမှာဆိုရင် ကျိန်းသေတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အင်အားအရရော အကြီးဆုံးအနေအထားဖြစ်တယ်။ ဒီမိုကရေစီရေး အတိုက်အခံလို့ ပြောမယ်ဆိုရင်လည်း သူ့ကို ပြောလို့ရတဲ့ အနေအထားမှာရှိတယ်။ ဒါက တချက်ပေါ့။

ဒီတိုင်းရင်းသားနိုင်ငံရေးပါတီတွေထဲမှာလည်းပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စစ်စစ်မှန်မှန် လိုလားတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ရှိနိုင်တယ်။ ကျနော်တို့အနေနဲ့ကတော့ ရွေးကောက်ပွဲ မဖြစ်ခင်ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ဦးဆောင်ပြီးတော့ပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခုန ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလားတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တခြားနိုင်ငံရေးပါတီတွေရဲ့ မဟာမိတ်ဖွဲ့မှုကို ကျနော်တို့ လိုလားပါတယ်။ အဲ့ဒီလို ပုံစံနဲ့သာ ရွေးကောက်ပွဲကို ဖြတ်မယ်ဆိုလို့ရှိရင် ကျနော်ထင်ပါတယ် ဒီ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေက အပြတ်အသတ် အနိုင်ရရှိနိုင်တဲ့ အခြေအနေလည်း ဖြစ်ပေါ်လာနိုင်သလို၊ တဘက်က မဲကွဲနိုင်တဲ့ အခြေအနေတွေကိုလည်းပဲ ဟန့်တားနိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ ဒါဆိုလို့ရှိရင် အခု နောက်ထပ် မေးစရာတခုကတော့ တချိန်က ဒီ ညီနောင်တွေဖြစ်ခဲ့တဲ့ ၈၈ မျိုးဆက်နဲ့ ပွင့်လင်းအဖွဲ့အစည်းတွေအပေါ်ကိုရော လူ့ဘောင်သစ်ပါတီအနေနဲ့ ဘယ်လို သဘောထားမလဲ။

ဦးအောင်မိုးဇော်။ ။ လက်ရှိအနေအထားမှာ ကျနော်တို့ အခြေအနေက မှတ်ပုံမတင်ရသေးတဲ့အခါကျတော့ Informal အခြေအနေအောက်မှာပဲ ရှိသေးတယ်။ အဲတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်ငန်းတွေကို ကျနော်တို့ပါတီအနေနဲ့ စိတ်ဝင်စားတယ်။ ခုနပြောတဲ့ အလုပ်သမား လယ်သမားကိစ္စတွေပဲဖြစ်ဖြစ်၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေပဲဖြစ်ဖြစ်၊ အခြေခံဥပဒေ ပြောင်းလဲရေးကိစ္စတွေပဲဖြစ်ဖြစ် လွှတ်တော်ပြင်ပ အင်အားစုတွေနဲ့ လက်တွဲပြီးတော့ ကျနော်တို့ လွှတ်တော်ပြင်ပ နိုင်ငံရေး အလုပ်တွေကို လုပ်ချင်တယ်။ အဲဒီအတွက်လည်းပဲ ကျနော်တို့ ၈ လေးလုံး ခေါင်းဆောင်တွေ၊ ၈ လေးလုံး ပွင့်လင်းအဖွဲ့အစည်းနဲ့ နီးနီးကပ်ကပ် ကျနော်တို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ မနေ့တနေ့ကမှ ကျနော်တို့ ကျင်းပသွားတဲ့ ၈ လေးလုံး ဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ အားလုံး စုပေါင်းပြီး လုပ်မယ်ဆိုတဲ့ ဆွေးနွေးပွဲတွေမှာလည်း ကျနော်တို့ တက်တက်ကြွကြွ ပါခဲ့တယ်။ နောက် အဲ့ဒီ စုပေါင်းလုပ်မယ့် လှုပ်ရှားမှုတွေမှာလည်းပဲ ကျနော်တို့ တက်တက်ကြွကြွ ပါဝင်သွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ၁၉၈၈၊ ၈၉ တုန်းကလို ဒုတိယအကြီးဆုံး ပါတီအနေအထားမျိုးအထိ ပြန်ရောက်လာနိုင်မယ့် အနေအထား မြင်သလားခင်ဗျ။

ဦးအောင်မိုးဇော်။ ။ ကျနော်တို့ ရည်မှန်းချက်တော့ရှိတယ်။ အဲ့ဒီလို ရည်မှန်းချက်မျိုးကို ရောက်ဖို့ဆိုရင် ကာလအချို့ကို ဖြတ်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ၈၈၊ ၈၉ အခြေအနေတုန်းက ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ အခြေအနေရှိတယ်။ ပါတီကို ခေါင်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ နောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အဲ့ဒီကာလက လှုပ်ရှားမှုက နိုင်ငံရေးပါတီဆိုတာထက် ကျနော့်အမြင်ကတော့ လူငယ်ကျောင်းသားတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတခု ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့လည်း ပါတီဟာ အင်အားကြီးထွားခဲ့တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ကနေ့ ကာလမှာတော့ ကျနော်တို့က နိုင်ငံရေးပါတီတခုအနေနဲ့ Professional နိုင်ငံရေးပါတီတခုအနေနဲ့ ဖြတ်သန်းရမယ့် အခြေအနေဖြစ်နေတယ်။ အဲ့ဒီလိုဆိုတဲ့အခါကျတော့ ကျနော်တို့မှာ အကန့်အသတ်တွေ၊ စိန်ခေါ်မှုတွေ အများကြီး တွေ့ရလိမ့်မယ်။ အနိမ့်ဆုံးဆင့် ဘဏ္ဍာရေးကအစပေါ့ဗျာ။ တွေ့ရမယ်ဆိုတဲ့အခါကျတော့ ကျနော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်ဖို့ဆိုရင်တော့ အချိန်ယူရလိမ့်မယ်။ ကျနော်တို့ မတရား ကြိုးစားရလိမ့်မယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ပြည်တွင်းတရားဝင်ပါတီအဖြစ် ပြန်လည် ထူထောင်ဖို့ မှတ်ပုံတင်ခွင့် တောင်းခံထားတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဌ ဦးအောင်မိုးဇော်ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

အခုလို ဦးအောင်မိုးဇော်တို့ လူ့ဘောင်သစ်ပါတီ ပြန်လည် မှတ်ပုံတင်ခွင့် လျှောက်ထားတာကို ပါတီဥက္ကဌဟောင်း ဦးမိုးသီးဇွန်နဲ့အဖွဲ့၊ ဦးဇေယျာအဖွဲ့တို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို စာရေးပြီးတော့ ကန့်ကွက်ထားပါတယ်။
XS
SM
MD
LG