သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-8 ထဲကထုတ်မှု Russia ပယ်ချ


ရုရှားသမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov
ရုရှားသမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov
ယူကရိန်းနိုင်ငံပေါ် အပြုအမှုကြောင့် ရုရှားကို စက်မှုဖွံ့ဖြိုးပြီး ထိပ်သီး ၈ နိုင်ငံ G-8 ထဲကနေ ထုတ်ပယ်ဖို့ ကျန်တဲ့ထိပ်သီးနိုင်ငံတွေရဲ့ လှုပ်ရှားမှုတွေဟာ တန်ပြန် ဆိုးကျိုး သက်ရောက်မှုတွေဖြစ်စေမယ့် ကိစ္စတွေအဖြစ် ရုရှားသမ္မတ Vladimir Putin ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

မူလက လာမယ့် ဇွန်လ ရုရှားနိုင်ငံမှာ ကျင်းပမယ့် G-8 ထိပ်သီး အစည်းဝေးအစား၊ မိမိတို့ ၇ နိုင်ငံသာ G-7 ထိပ်သီး အစည်းဝေး ကျင်းပသွားဖို့ G-8 ထိပ်သီး ၈ နိုင်ငံထဲက ကျန် ၇ နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ နဲ့ ဂျပန်နိုင်ငံတွေက ခေါင်းဆောင်တွေက၊ မနေ့ တနင်္လာနေ့က နယ်သာလန်နိုင်ငံ The Hague မြို့မှာ ကျင်းပတဲ့ နျူကလီးယား လုံခြုံရေး ထိပ်သီး အစည်းအဝေးရဲ့ ပြင်ပ သီးသန့်အစည်းအဝေးကနေ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားက အခု လုပ်ကိုင်နေတာတွေကနေ ဦးတည်လမ်းကြောင်းမှန်ကို ပြန်ပြီး ရောက်ရှိလာတဲ့အထိ စက်မှုဖွံ့ဖြိုးပြီး ထိပ်သီးနိုင်ငံတွေထဲ ရုရှားပါဝင်ခွင့်ကို ဆိုင်းငံ့ထားမယ်လို့ G-7 ခုနှစ်နိုင်ငံ ခေါင်းဆောင်တွေက ဆိုပါတယ်။

ရုရှားဟာ G-8 ထိပ်သီး ၈ နိုင်ငံထဲက ကျန်နိုင်ငံတွေနဲ့ ဆက်လက် ထိတွေ့ဆက်ဆံသွားဖို့ စိတ်ဝင်စားမှုရှိသလို အဆင်သင့်လည်း ရှိနေတယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ကို ရုရှားသတင်းဌာနတွေက ဖော်ပြကြပေမဲ့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ ရုရှားကိုသာ စက်မှုဖွံ့ဖြိုးပြီး ထိပ်သီး ၈ နိုင်ငံ G-8 ထဲကနေ ထုတ်ပယ်ခဲ့ရင် ဒါဟာ အကြီးအကျယ် ဝမ်းနည်းဖွယ် မဟုတ်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းပြည်သူတွေကို ပံ့ပိုးကူညီဖို့ရာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပဟာ တစည်းတလုံးတည်း ရှိနေတယ်လို့ အမေရိကန်သမ္မတ Barack Obama က တနင်္လာနေ့ အစောပိုင်းက ပြောဆိုခဲ့ပါတယ်
XS
SM
MD
LG