ဇွန်လ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ အမေရိကန်သမ္မတ Donald Trump ကြာသပတေးနေ့မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့ကို ရောက်ရှိသွားပါပြီ။
သမ္မတ Trump ပထမဆုံး တွေ့ဆုံတဲ့ နိုင်ငံတကာခေါင်းဆောင်ကတော့ သြစတေးလျဝန်ကြီးချုပ် Scott Morrison ဖြစ်ပြီး ခေါင်းဆောင် ၂ ဦးဟာ အလုပ်သဘော ညစာအတူစားခဲ့ကြတာမှာ သြစတေးလျဟာ အမေရိကန်အတွက် ကောင်းမွန်တဲ့ မဟာမိတ်ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။
အစည်းအဝေးပြင်ပမှာတော့ သမ္မတ Trump ဟာ ဂျာမနီဝန်ကြီးချုပ် Angela Merkel၊ ရုရှားသမ္မတ Vladimir Putin တို့နဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး သောကြာနေ့မှာတော့ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ အဲဒီ တွေ့ဆုံမှုအတွင်း တရုတ်နဲ့ အမေရိကန် ဆွေးနွေးပွဲမှာ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုအကြောင်း ပြောနိုင်ဖွယ်ရှိပြီး ၂ ဖက်စလုံး အခွန်တွေ တိုးကောက်လာတဲ့ ကိစ္စတွေ ဆွေးနွေးကြတာအပြင် ကုန်သွယ်ရေးစစ်ပွဲ ပြေလည်နဲ့ဆိုင်တဲ့ အဆိုပြုချက်တွေကို တရုတ်သမ္မတဘက်က တင်ပြမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ရုရှားသမ္မတ Putin နဲ့ Trump တို့ တွေ့ဆုံတဲ့အချိန် ဘာအကြောင်းပြောမလဲဆိုတာ အတိအကျသတ်မှတ်ထားတာမရှိဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုထားပေမယ့် ယူကရိန်း၊ အရှေ့အလယ်ပိုင်းနဲ့ ဗင်နီဇွဲလားအရေး ခေါင်းဆောင် ၂ ယောက် ဆွေးနွေးသွားမယ်ဆိုတာ သေချာသလောက်ရှိတယ်လို့ ပြောဆိုထားပါတယ်။
အီရန်အပေါ် ဘဏ္ဍာရေးအရ ဖိအားပေးဖို့၊ အီရန်ရေနံက ၀င်ငွေဆက်မရနိုင်အောင်လုပ်ဖို့ နဲ့ နျူကလီးယားသဘောတူညီချက်အသစ် ရရှိရေး ဖိအားပေးဖို့ G-20 စည်းဝေးပွဲအတွင်း ဆွေးနွေးနိုင်လိမ့်မယ်လို့ သမ္မတ Trump က မျှော်လင့်ထားတာပါ။ G-20 ညီလာခံအပြီးမှာတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတင်းမာနေမှု ပြေလည်ဖို့အတွက် Trump က တောင်ကိုရီးယားမြို့တော် Seoul ကို သွားရောက်ပြီး တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။