သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ငွေ့ရောင်းရငွေ နျူကလီးယား စီမံကိန်းမှာ အသုံးပြု


ERI အဖွဲ့က ပြုစုထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ မျက်နှာဖုံး။ ဇူလိုင် ၅၊ ၂၀၁၀
ERI အဖွဲ့က ပြုစုထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ မျက်နှာဖုံး။ ဇူလိုင် ၅၊ ၂၀၁၀

မြန်မာအစိုးရဟာ သဘာဝဓာတ်ငွေ့ကရတဲ့ အခွန်ဘဏ္ဍာငွေတွေကို လျှို့ဝှက် နျူကလီးယား စီမံကိန်းအတွက် အသုံးပြုနေတယ်လို့ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ရေးရာ အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီဘဏ္ဍာငွေတွေကို သုံးစွဲတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် တိုင်းပြည်နစ်နာရတယ်လို့ ပြည်ပအခြေစိုက် Earth Rights International (ERI) အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ ၁၉၉၈ ကနေ ၂၀၀၉ ခုနှစ်အထိ တိုတယ် (Total)၊ ချက်ဗရွန် (Chevron) နဲ့ PTTEP ကုမ္ပဏီတွေဆီကနေ ဒေါ်လာသန်း ၅,၀၀၀ နီးပါး ရခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ERI ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ရဲတံခွန် သဘာဝဓာတ်ငွေ့တွေ ရောင်းလို့ရတဲ့ ဒီငွေအားလုံးနီးပါးကို နျူကလီးယား စီမံကိန်းနဲ့ စစ်အင်အား တိုးချဲ့ရာမှာ အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ERI ရဲ့ မြန်မာနိုင်ငံ စီမံကိန်းဒါရိုက်တာ ကိုနိုင်ထူးက မြန်မာအစိုးရဟာ သဘာဝဓာတ်ငွေ့ ရောင်းရငွေတွေကို နျူကလီးယား စီမံကိန်းအတွက် သုံးနေတယ်လို့ ဆိုပါတယ်။

“ဒီ နျူကလီးယား အစီအစဉ်တွေ လုပ်နိုင်ဖို့က အပြင်ကငွေရမှ လုပ်နိုင်မယ်ထင်တယ်။ အပြင်ကငွေကို ပြန်ကြည့်လိုက်ရင် ကျနော်တို့ရဲ့ တွက်ချက်ထားတဲ့ စာရင်းဇယားအရ နိုင်ငံရဲ့ဝင်ငွေ ထက်ဝက်နီးပါးက ဒီ ဂက်စ်ရောင်းရတဲ့ငွေလေ၊ ပြီးတော့ DVB တို့ ထုတ်ဖော်ထားတဲ့ သတင်းအချက်အလက် အရပေါ့နော်၊ ကျနော်တို့ လက်တွေ့ရနေတဲ့ အချက်အရ ဒီငွေတွေက ပြည်သူတွေအတွက် သွားတာမဟုတ်ဘဲ ဒီစီမံကိန်းအတွက် သွားနေတာ။ ဘာဖြစ်လို့လဲဆိုတော့ နာဂစ်လို အခြေအနေမျိုး၊ ချင်းပြည်နယ်မှာဖြစ်ခဲ့တဲ့ အစာငတ်မွတ် ခေါင်းပါးမှု အချိန်တွေမှာ အစိုးရက ပိုက်ဆံထောက်ပံ့တာ မရှိခဲ့ဘူး။ မရှိတဲ့အချိန်မှာ နျူကလီးယားလုပ်ဖို့၊ ဂူတွေဆောက်ဖို့ ပိုက်ဆံတွေ အများကြီး ထွက်လာတယ်။ ဒီပိုက်ဆံတွေ ဘယ်ကထွက်လာတယ်ဆိုတာ ပြန်လိုက်ကြည့်တဲ့အခါမှာ သူတို့ရဲ့ဝင်ငွေက ဒါပဲရှိတယ်လို့ ပြောလို့ရပါတယ်။”

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိုတယ်၊ ချက်ဗရွန်နဲ့ PTTEP တို့က အလေးအနက်ထား စဉ်းစားဖို့လည်း ERI က တိုက်တွန်းထားပါတယ်။

တိုတယ်နဲ့ ချက်ဗရွန်တို့ဟာ နိုင်ငံအများအပြားမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေ ရှိပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေမှာ အခွန်ဘဏ္ဍာ ခွဲဝေသုံးစွဲမှုအတွက် ပွင့်လင်းမြင်သာမှုကို ဦးစားပေး ဆောင်ရွက်လေ့ ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုလုပ်ဆောင်မှု မရှိပါဘူး။ ပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းပြောဆိုရင်လည်း ဒီကုမ္ပဏီတွေက ငြင်းပယ်တယ်လို့ ကိုနိုင်ထူးက ပြောပါတယ်။

“ကျနော်တို့ အရင်တခေါက် ပြီးခဲ့တဲ့ စက်တင်ဘာလကထုတ်တဲ့ ရီပို့အပေါ်မှာ တိုတယ်လ်က ပြောခဲ့တယ်၊ သူတို့က ထုတ်ဖော်လို့မရဘူး၊ ထုတ်ဖော်ခဲ့မယ်ဆိုရင် နအဖက လက်ခံမှာ မဟုတ်ဘူး၊ တဆက်တည်းမှာလည်း ချက်ဗရွန်ပြောတာက လုံး၀ ထုတ်ဖော်လို့ မရဘူးတဲ့။ ဒါပေမဲ့ ကျနော်တို့ ပြီးခဲ့တဲ့ ယူနိုကယ်ကို တရားစွဲတုန်းက ရထားတဲ့ အထောက်အထား (ကန်ထရိုက်စာချုပ်) မှာကျတော့ ထုတ်ဖော်ပြောပြလို့ မရဘူးဆိုတာ မရှိဘူး၊ ထုတ်ဖော်လို့ ရတယ်။ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က ဒီကုမ္ပဏီဟာ သူတို့သွားလုပ်တဲ့နေရာမှာ Transparency ရှိဖို့ပေါ့နော်၊ မရှိဘူးဆိုရင် သူတို့ ဘာတွေလုပ်လဲဆိုတာ လူတွေက မသိဘူး၊ ဒုတိယတချက်ကလည်း ဒီ Transparency က ဗမာပြည်အတွက် ရေးကြီးနေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရဟာ သဘာဝဓာတ်ငွေ့ကရတဲ့ ဒေါ်လာသန်း ၅,၀၀၀ နီးပါးကို စင်ကာပူက OCBC နဲ့ DBS ဘဏ်တွေမှာ အပ်နှံထားတယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ERI က စွပ်စွဲခဲ့ပြီး OCBC နဲ့ DBS ဘဏ်တွေကတော့ ငြင်းဆိုခဲ့ပါတယ်။

အခွန်ဘဏ္ဍာ ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်လို့ စောင့်ကြည့်လေ့လာနေတဲ့ ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်က မြန်မာစစ်အစိုးရဟာ ပြင်သစ်ဘဏ်တခုမှာလည်း အလားတူ ငွေအပ်နှံထားတယ်လို့ ဒီကနေ့ ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“နောက်ပိုင်း ကျနော်တို့ ထပ်သိရတာကတော့ ပြင်သစ်ဘဏ်တခုဖြစ်တဲ့ BMP ဆိုတဲ့ ဘဏ်မှာလည်း နအဖစစ်အုပ်စုနဲ့ ပြင်သစ် တိုတယ်လ်ကုမ္ပဏီတို့ရဲ့ ငွေတွေကလည်း ထဲထဲဝင်ဝင် ဆက်စပ်လုပ်နေတာ တွေ့ရတယ်။ အဲဒီဘဏ်မှာ ၂၀၀၃ ပတ်ဝန်းကျင်လောက်ကနေ တနှစ်ချင်း ပေးတဲ့ငွေက ၄၅ သန်း၊ ၄၆ သန်းလောက် အနည်းဆုံး ကျနော်တို့ တွေ့ရတာပေါ့နော်။ ဒီနောက်ပိုင်း ၂၀၀၉- ၁၀ ဆိုရင် အဲဒီထက် အဆပိုပြီးတော့ အပ်နှံထားတယ်လို့ ခန့်မှန်းလို့ရတယ်။”

တိုတယ်လ်၊ ချက်ဗရွန်နဲ့ PTTEP ကုမ္ပဏီတွေဟာ ဒေါ်လာသန်း ၉,၀၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၁၀% ကျော်ကိုပဲ ပြည်တွင်း သဘာဝဓာတ်ငွေ့ သုံးစွဲဖို့အတွက် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရဟာ ရွှေသဘာဝဓာတ်ငွေ့သိုက်က ထွက်တဲ့ ဓာတ်ငွေ့ကို ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံသို့ စတင်ရောင်းချမှာဖြစ်ပြီး တနှစ်ကို ဒေါ်လာသန်း ၁,၂၀၀ ကျော်နှုန်းနဲ့ အနှစ် ၂၀ ကျော် ရောင်းချမှာ ဖြစ်ပါတယ်။

XS
SM
MD
LG