သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝန်သိ စီးပွားရေးဆောင်ရွက်မှု GE စလုပ်မည်


အမေရိကန်နိုင်ငံက General Electric (GE) ကုမ္ပဏီက မြန်မာနိုင်ငံမှာ တာဝန်သိ လုပ်ငန်းဆောင်ရွက်မှုတွေ မကြာခင် စပြီး လုပ်ဆောင်တော့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ GE ကိုယ်စားလှယ်က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတချို့ ဖြေလျှော့ပေးလိုက်ပြီးတဲ့ ရက်ပိုင်းအတွင်းမှာပဲ GE ကုမ္ပဏီက ခေတ်မီရောဂါ ရှာဖွေကုသရေး စက်တွေကို ဗဟိုစည် ဆေးရုံ နဲ့ ပန်းလှိုင် ဆေးရုံတွေဆီကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အပြည့်စုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပေးပြီးတဲ့နောက် ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံက ဗဟိုစည် ဆေးရုံနဲ့ ပန်းလှိုင် ဆေးရုံတွေက အမေရိကန်အခြေစိုက် General Electric (GE) ကုမ္ပဏီကနေ အမေရိကန် ဒေါ်လာ ၂ သန်းလောက် တန်ဖိုးရှိတဲ့ ခေတ်မီရောဂါ ရှာဖွေရေးနဲ့ ကုသရေး စက်ပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။ အဲဒီလို ဝယ်ယူခဲ့တဲ့ အရောင်းအဝယ် စာချုပ် လက်မှတ်ထိုးတဲ့ အခမ်းအနားကို ရန်ကုန် ဆီဒိုးနား ဟိုတယ်မှာ မနေ့က ကျင်းပခဲ့တာကို မြန်မာနိုင်ငံရဲ့ GE ကိုယ်စားလှယ် စင်ကာပူအခြေစိုက် Sea Lion ကုမ္ပဏီက ဒါရိုက်တာ ဒေါက်တာ ဝင်းဇော်အောင်က အခုလို ပြောပြပါတယ်။

“အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ထောက် နိုင်ငံခြားရေးဝန်ကြီး under secretary မစ္စတာ ရောဘတ်ဟောမတ်စ် (Robert Hormats) ရယ်၊ စီးပွားကူးသန်းဝန်ကြီးဌာနက under secretary မစ္စတာ ဖရန်ဆစ္စကို ဆန်းချက် (Francisco Sanchez) ရယ်၊ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက်မစ်ချဲလ် (Derek Mitchell) ရယ်၊ တက်ရောက် ချီးမြှင့်တယ်။ ၃ ဦးစလုံးက ဒီစက်ပစ္စည်းတွေကို မြန်မာနိုင်ငံက ဆေးရုံတွေကို ရောင်းချနိုင်ခြင်း၊ ဒီဆေးရုံတွေကို မြန်မာလူမျိုးတွေ အသုံးပြုနိုင်ခွင့် ရရှိတာနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေ၊ နှစ်နိုင်ငံ ဆက်ဆံရေး ပွင့်လင်းလာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မှတ်ချက်တွေ ပေးသွားပါတယ်ခင်ဗျ။”

ဗဟိုစည် နဲ့ ပန်းလှိုင် ဆေးရုံကြီးနှစ်ခုက ဝယ်သွားခဲ့တဲ့ စက်တွေဟာ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးထားတဲ့အတွက် မြန်မာလူထုအတွက် အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းကို သူက တဆက်တည်း ပြောပါတယ်။

“ဗဟိုစည်ဆေးရုံက ဝယ်သွားတဲ့ GE 128 အော်တီမာ စီတီ ၆၆၀ ဆိုတဲ့ စက်ကတော့ အသေးစား ဆိုတဲ့ နည်းပညာ ထည့်ထားပါတယ်။ အဲဒီနည်းပညာဟာ ဓာတ်မှန်ရိုက်တဲ့အခါ ဓာတ်ရောင်ခြည်သင်မှုက ၄၀% လျော့ချလို့ ရပါတယ်။ အဲဒီတော့ လူနာတွေကို အကျိုးအများကြီး ဖြစ်ထွန်းစေမှာပါ။ နောက် ပန်းလှိုင်ဆေးရုံကို ရောင်းလိုက်တဲ့ GE အန်နိုဗာ အိုင်ဂျီအယ် ၅၃၀ ဆိုတဲ့ စက်ကတော့ နှလုံးသွေးကြောတွေ ခန္ဓာကိုယ်အနှံ့အပြားက သွေးကြောတွေကို ကြည့်ဖို့အတွက် ပုံရိပ်ဖော်စက်တခု အနေနဲ့ နောက်ဆုံးထုတ်တဲ့ စက်တခု ဖြစ်ပါတယ်။ ဒီလိုမျိုး စက်အကောင်းစားတွေကို မြန်မာလူနာတွေအနေနဲ့ စတင်သုံးစွဲခွင့် ရလာမယ့်ကိစ္စဟာ ကျနော်တို့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးတွေ ပြေလည်လာပြီးတော့၊ ဒီထုတ်ကုန် product တွေကို မြန်မာပြည်သူတွေကို မိတ်ဆက်ပေးခွင့် ရတဲ့အတွက် ကျနော်တို့ အများကြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။”

အခုလို မြန်မာနိုင်ငံအတွက် ပထမဆုံးအနေနဲ့ ကျန်းမာရေး ဝန်ဆောင်မှု ပစ္စည်းတွေ ရောင်းချခဲ့တဲ့ GE ကုမ္ပဏီက မြန်မာလူထုအတွက် တာဝန်သိ စီးပွားရေး လုပ်ဆောင်မှုတွေ ဖြစ်လာအောင် ဘယ်လို အစီအစဉ်မျိုးတွေ လုပ်ဖို့ရှိသလဲဆိုတဲ့ အမေးကိုတော့ သူက အခုလို ဖြေပါတယ်။

“GE ကုမ္ပဏီမှာ GE foundation ဆိုတဲ့ Philanthropic wing (ကုသိုလ်ပြုတဲ့ဌာန) တခု ရှိပါတယ်။ မြန်မာနိုင်ငံ ဝေးလံခေါင်းပါးတဲ့နေရာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်၀၀ မရတဲ့နေရာတွေမှာ လိုအပ်နေတဲ့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး တွေမှာ လိုအပ်တဲ့ အကူအညီတွေကို သူတို့အနေနဲ့ လှူဒါန်း ဝန်ဆောင်မှုတွေ ပေးသွားဖို့အတွက်ကို ကမ်းလှမ်းထားတာ ရှိပါတယ်ခင်ဗျ။ မြန်မာပြည်ကို မကြာခင်ပြန်လာပြီး ကျန်းမာရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောတူစာချုပ်တွေ ချုပ်ဆိုဖို့ အစီအစဉ်တွေ ရှိတယ်လို့ ကြားသိရပါတယ်။”

မြန်မာနိုင်ငံအတွက် ပထမဆုံး ကျန်းမာရေး ဝန်ဆောင်မှုပစ္စည်းတွေ ရောင်းချခဲ့တဲ့ GE ကုမ္ပဏီရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်တဲ့ Sea Lion ကလည်း မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍ အတွက် ဘယ်လို ဆောင်ရွက်မှုတွေ လုပ်နေသလဲ ဆိုတာကို ဒေါက်တာ ဝင်းဇော်အောင်က တဆက်တည်း ရှင်းပြပါတယ်။

“ကျနော်တို့ Sea Lion ကုမ္ပဏီအနေနဲ့ ဆိုရင်လည်းပဲ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ အဆင့်အတန်း မြင့်မားဖို့အတွက် အဓိကလိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျွမ်းကျင်ဝန်ထမ်းတွေ၊ ဆရာဝန်တွေကအစ အောက်ခြေ ကျန်းမာရေး နည်းပညာရှင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေပေါ့နော်။ သူတို့ရဲ့ ပညာသင်ကြားရေးတွေ၊ နိုင်ငံခြားမှာ သွားပညာသင်ဖို့ ကိစ္စတွေမှာ တတ်နိုင်တဲ့ဘက်ကနေပြီး ပံ့ပိုးနေတာတွေ ရှိပါတယ်။ ကျနော်တို့က ဒီ ဒေါ်လာ ၁ သိန်းနဲ့ ညီမျှတဲ့ မြန်မာငွေကို သပ်သပ်ဖယ်ထားပြီး သင်ကြားရေး Training တွေမှာ အသုံးချသွားဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ ပြန်ပေးသွားဖို့ အဓိကထားပြီး လုပ်နေတာတွေ ရှိပါတယ်။”

အခုလို အမေရိကန် မြန်မာ စီးပွားရေး ဆက်သွယ်မှုလမ်းကြောင်း စပြီးတော့ပွင်လာတာကြောင့် မြန်မာလူထု ကျန်းမာရေးအတွက် ပံ့ပိုးပေးနိုင်မယ့် အလုပ်တွေကို ဆက်ပြီး လုပ်ကိုင်သွားဖို့ မျှော်လင့်တယ်လို့လည်း GE ကုမ္ပဏီရဲ့ မြန်မာကိုယ်စားလှယ်က ဗွီအိုအေကို ပြောဆိုပါတယ်။

XS
SM
MD
LG