သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်နေခဲ့တဲ့ ပဲခူးဆောင်အခန်း ဖွင့်လှစ်ပြသ


ဗိုလ်ချုပ်နေခဲ့တဲ့ ပဲခူးဆောင်အခန်း ဖွင့်လှစ်ပြသ
ဗိုလ်ချုပ်နေခဲ့တဲ့ ပဲခူးဆောင်အခန်း ဖွင့်လှစ်ပြသ

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပညာဆည်းပူးခဲ့တဲ့ ရန်ကုန် တက္ကသိုလ်က ပဲခူးဆောင်ကို ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ကျောင်းသားကျောင်းသူတွေ လေ့လာလို့ ရအောင် ဖွင့်လှစ် ပြသခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကြိုးစားခဲ့သလို ဗိုလ်ချုပ်စိတ်ဓာတ်ကို အတုယူနိုင်အောင် ဖွင့်လှစ် ပြသတာလို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအကြောင်းကို ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ဖွင့်လှစ်ပြသတဲ့ မြန်မာ့လွတ်လပ်ရေး ဗိသုကာဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ ပညာသင်ယူခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက ပဲခူးဆောင် အခန်းအမှတ် (၁၁) မှာတော့ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့တဲ့ အသုံးဆောင်တချို့နဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေကို ခင်းကျင်းပြသထားပါတယ်။

အခုလို ဖွင့်လှစ်ပြသရတာနဲ့ ပတ်သက်လို့ ပဲခူးဆောင် အဆောင်မှူး ဒေါက်တာအောင်ဆွေက

"ဗိုလ်ချုပ်အောင်ဆန်းအခန်းကို ဖွင့်လှစ်ပြသရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အခုဒီကျောင်းသား ကျောင်သူ ကလေးတွေက ဗိုလ်ချုပ်အောင်ဆန်းတို့ အရင်ခေတ် တုန်းက ဘယ်လိုနေခဲ့ရတယ်ဆိုတာလေးကို မြင်စေချင် တာလည်းပါတယ်။ နောက်တခုက ကျောင်းသား ကျောင်သူများကို ဗိုလ်ချုပ်အောင်ဆန်းတို့ ကြိုးစားသလိုမျိုး အဓိက ကတော့ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်လိုမျိုးလေးတွေ ဖြစ်လာစေချင်တယ် ရည်ရွယ်ချက် ပါပါတယ်။ ဒါကြောင့်မို့ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း အခန်းကို ဖွင့်ပြီးတော့ ဒါပြသခြင်းဖြစ်ပါတယ်။"

အခန်းကိုတော့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့က စတင်ဖွင့်လှစ်ပြသတာဖြစ်ပြီး အခုဆိုရင် ၅ နှစ် ရှိပါပြီ။ ၁ နှစ်မှာ တရက်ပဲဖွင့်လှစ်တဲ့ ဒီအခန်းကိုတော့ ကျောင်းသားကျောင်းသူတွေကိုသာ ဝင်ရောက် ကြည့်ရှုခွင့်ပြုထားပြီး အပြင်လူတွေကိုတော့ ဝင်ရောက်ကြည့် ရှုခွင့် မပြုပါဘူး။

လာရောက်ကြည့်ရှုကြတဲ့ ဒုတိယနှစ် ကျောင်းသား စဝင်းထက်စိုးကတော့

"ကိုယ့်ရဲ့တိုင်းပြည်အတွက် အသက်ပေးခဲ့တဲ့ ဖခင်ကြီးပေါ့နော်။ သူတက္ကသိုလ်ဘဝမှာ ဘယ်လိုမျိုး အဆောင် ဘယ်လိုနေခဲ့လည်း သူဘယ်လိုအခန်းနဲ့နေလည်း ကျွန်တော်တို့အနေနဲ့ လာကြည့်သင့်တယ်ပေါ့နော်။ အဲ့တော့ မှပဲ ကိုယ်က သူဒီလိုနေခဲ့ပါလားဆိုတာ ကိုယ့်အနေနဲ့ အသိပညာလည်းရတယ်။ သူ့ကိုလည်း ပြန်အောက်မေ့ စေတယ်။

နောက်ထပ် ကျောင်းသူ တစ်ဦးဖြစ်တဲ့ ဧကရီဘော်ဆွေက

"ဒီနေ့တရက်ပဲဖွင့်မယ်ဆိုတော့ အရင်ကလည်း တခါမှမမြင်ဖူးတော့လေ ပြီးတော့ ညီမကလည်း ရန်ကုန် တက္ကသိုလ်ကပဲဆိုတော့ တက်ခဲ့တဲ့ကျောင်းနဲ့ ဗိုလ်ချုပ်အဆောင်နေခဲ့တာကို လာကြည့်တာပါ။"

ပဲခူးဆောင်မှာတော့ ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ အခန်း ၁၁၃ နဲ့ အနောက်ဘက် အခန်း ၁၁၄ ကို အဆောင်နေထိုင်ခွင့် မပြုထားပါဘဲ ကျန်တဲ့အခန်းတွေကိုတော့ အဆောင်နေကျောင်းသားတွေကို နေထိုင်ခွင့်ပြုထားပါတယ်။

ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့အခန်း ၁၁၃ နဲ့ ၂ ခန်းကျော် အဆောင်နေကျောင်းသား ကိုဇွဲထက်နိုင်က

"ဗိုလ်ချုပ်အောင်ဆန်းနေခဲ့တဲ့အဆောင် ဆရာဇော်ဂျီတို့ တချို့တချို့သော မြန်မာ့သမိုင်းမှာထင်ရှားတဲ့ တော်တော်များက ဒီအဆောင်မှာ နေသွားခဲ့တယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း သူတို့နေခဲ့တဲ့ အဆောင်မှာ နေရတယ်ဆိုတော့ တခါတလေကျရင်လည်း သူတို့အရိပ်အယောင်တွေ ပြန်မြင် သူတို့ရဲ့ ဆုံးမသြဝါဒတွေ ပြန်ပြီးတော့ ဖတ်ရှုလေ့လာမိပါတယ်။"

အဆောင်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ ၆၇ ပုံကို ခင်းကျင်း ပြသထားပြီး လာရောက်ကြည့်ရှုတဲ့ ကျောင်းသားကျောင်းသူတွေကို မနက်ပိုင်းမှာ ပဲပြုတ်နဲ့နံပြားကို ကျွေးမွေးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ပဲခူးဆောင် အခန်း အမှတ် ၁၁၃ မှာ ၁၉၃၀ ပတ်ဝန်းကျင်ကာလ တုန်းက ပညာ သင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ ခုလို ဗိုလ်ချုပ် ကျောင်းသားဘဝက နေထိုင်ခဲ့တဲ့ အဆောင်ခန်းကို ဖွင့်လှစ်ပြသတာ ရှိသလို၊ ရန်ကုန်နဲ့ တခြားမြို့နယ်တွေမှာလည်း မြန်မာနိုင်ငံရဲ့ ကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့မှာ အထိမ်းအမှတ် အခမ်းအနားပွဲတွေနဲ့ အလှူဒါနပြုတာတွေလည်း ကျင်းပခဲ့ပါတယ်။

......

ရွှေ့ပြောင်းဒေသမှာပဲ မွေးဖွားကြပြီး တနေ့ တချိန်ချိန်မှာ မိခင်တိုင်ပြည်မှာအခြေချဖို့ ရည်ရွယ်တဲ့ မြန်မာရွေပြောင်းအလုပ်သမားအများစုဟာ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြန်မာရွေပြောင်းစာသင်ကျောင်းတွေမှာ သူတို့ကလေးတွေကို စာသင်ကြားစေခဲ့တာပါ။ ဒီအတွက် ရွေပြောင်းအလုပ်သမားကလေးတွေရဲ့ ပညာရေးလုပ်ဆောင်နေသူတွေ ကတော့ မြန်မာသမိုင်းကို သိရှိအောင်နဲ့ ကလေးတွေကို စိတ်ပျော်ရွင်စေ ဖို့ မြန်မာနိုင်ငံကလေးများနေ့ ကို ဒီနှစ်မှာလည်း Migrant Learning Center လို့ခေါ်တဲ့ ရွှေ့ပြောင်းစာသင်းကျောင်းမှာကျင်းပ ကြပါတယ်။ ရွှေ့ပြောင်းဆရာ ဆရာမများ အစည်းအရုံး ရဲ့ ဥက္ကဌ ဒေါ်ရွှေစင်ဝင်းကတော့ ကျောင်းအတော် များများမှာ ကျင်းပကြပုံကို အခုလိုပြောသွားပါတယ်။

"ရွေပြောင်းဒေသတွေမှာဖွင့်ထားတဲ့ Migrant Learning Center တွေမှာပေါ့နော်
ဗိုလ်ချုပ်အောင်ဆန်းရဲမွေးနေ့ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲတွေ စာပေနဲ့ ပန်းချီအနုပညာပြိုင်ပွဲတွေ ကဗျာရွတ် တဲ့ ပြိုင်ပွဲတွေ ကျင်းပကြပါတယ် ။ ကျမတို့ကျောင်းဖြစ်တဲ့ BLSO ကျောင်းကတော့ ဗိုလ်ချုပ်မွေးနေ့ အကြိုမှာ အားကစားပြိုင်ပွဲလုပ်တယ်။ ကလေးငယ်လေးတွေ ကတော့ဒီနေ့မှာ ကဗျာရွတ်ပြိုင်ပွဲတွေ ကလေးကြီးတွေကတော့ ပုံတူပန်းချီပြိုင်ပွဲတွေလုပ်ပါတယ်။
ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ်လုပ်ခဲ့ပါတယ်"

၂၀၀၅ခုနှစ်က ၂၀၁၉ခုနှစ်ထိ ၁၅နှစ်တိုင်နှစ်စဉ်မြန်မာနိုင်ငံ ကလေးများနေ့ ကျင်းပခဲ့တဲ့ Saw Migrant Learning Center ကတော့ ဒီနှစ်မှာအားကစားပြိုင်ပွဲလေးတွေ သာလုပ်နိုင်ခဲ့ပါတယ်။ စာပေးစာယူဥပဒေကျောင်းသားလည်းဖြစ် SAWကျောင်းက ကျောင်းဆရာ လည်းဖြစ်တဲ့ ကိုဇင်ကိုမြင့်ကတော့ အခုလိုပြောပါတယ်။

"အစဉ်အလာမပျက်လုပ်ခဲ့ပါတယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကို
မြန်မာနိုင်ငံကလေးများနေ့ကို အစဉ်အလာမပျက်လုပ်ပါတယ်။ သူတို့ရဲ့ပျော်ရွှင်ဖို့ အတွက်ရယ် စားမေးပွဲနီးလာချိန်မှာ တနှစ်လုံးပင်ပန်းထားတာတွေ အတွက် သူတို့ကို ခဏတာ ပျော်ရွင်စေဖို့နဲ့ ဗိုလ်ချုပ်အောင်ဆန်းလို မျိုးစိတ်ဓါတ်တွေ ရှိလာစေဖို့ ရည်ရွယ်ပြီး လုပ်ခဲ့ပါတယ်။"

ထိုင်းမြန်မာနယ်စပ် တာခရိုင်ထဲမှာတော့ ရွေပြောင်းစာသင်ကျောင်းပေါင်း ၇၀နီးပါး မှာ စေတနာဝန်ထမ်း ဆရာဆရာမပေါင်း ၈၀၀ကျော်က ကျောင်းသားကျောင်းသူ ၁၄၀၀၀နီးပါးကို စာသင်ကြားပေးနေတာဖြစ်ပါတယ်။ စာသင်ကျောင်း အတော်များများ ကတော့ မြန်မာပြည်က သင်ရိုးညွန်းတန်း အတိုင်းသင်ကြားနေတာ ဖြစ်ပါတယ်။ ဒီအတွက်မြန်မာနိုင်ငံရဲ ့နေထူးနေမြတ်တွေ အထိမ်းအမှတ်နေတွေမှာကလေးတွေကို
မြန်မာနိုင်ငံက သမိုင်းကြောင်းတွေသိရှိအောင် အခုလိုအထိမ်းအမှတ် ပွဲလေးတွေကို ပုံသဏ္ဍန် မျိုးစုံနဲ့ ကျင်းပကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဗိုလ်ချုပ်ဆောင်ဆန်းနေခဲ့တဲ့ ပဲခူးဆောင်
please wait

No media source currently available

0:00 0:03:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG