သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုမဲဆန္ဒနယ် ကော့မှူး အခြေအနေ


ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးခံမယ့် ရန်ကုန်တိုင်း၊ ကော့မှူးမြိုနယ်အတွင်းက မြင်ကွင်းနဲ့ ကော့်မှူးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်ရွှေကို တွေ့ဆုံမေးမြန်းပြီး ကော့မှူးမြို့နယ်မှာ ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ကိုသားညွန့်ဦးက တင်ပြပေးပးထားပါတယ်။

ကော့မှူးမြို့နယ်ရဲ့ မဲရုံအခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင်တော့ အားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လာတဲ့အချိန် သတင်းမီဒီယာသမားတွေရော၊ တခြား မဲဆန္ဒရှင်ပြည်သူတွေရော စိတ်လှုှုပ်ရှားကြီးစွာနဲ့ ကြိုဆိုနေကြဆတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသားလွှတ်တော်ရဲ့ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဦးခင်ရွှေကလည်း ကော့မှူးမြို့နယ်အတွင်းက မဲရုံတွေ အခြေအနေကို လှည့်လည်ကြည့်ရှုနေတာ တွေ့ရပါတယ်။

ကိုသားညွန့်ဦး။ ။ အခု အန်ကယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ဘယ်လိုများ မျှော်လင့်ထားပါလဲခင်ဗျ။

ကော့မှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ (ဓာတ်ပုံ-ဗွီအိုအေ/ နိုဝင်ဘာ ၈၊ ၂၀၁၅)
ကော့မှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ (ဓာတ်ပုံ-ဗွီအိုအေ/ နိုဝင်ဘာ ၈၊ ၂၀၁၅)

ဦးခင်ရွှေ။ ။ အန်ကယ်ကတော့ နိုင်မှာပဲ။ percentage ဘယ်လောက်များမလဲဆိုတာကိုပဲ လိုက်ကြည့်တာ။ အဲဒီတော့ အန်ကယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မတူဘူးလေ။ သူက ပြည်သူ့လွှတ်တော်၊ အန်ကယ်လ်က အမျိုးသားလွှတ်တော်။ အဲဒီတော့ တစ်ယောက်တစ်နေရာစီ။

ကိုသားညွန့်ဦး။ ။ မဲရုံတွေရဲ့အခြေအနေရော အန်ကယ်လ်လေ့လာကြည့်သလောက် ဘယ်လိုရှိပါလဲ။ အားလုံးမဲပေးနိုင်တဲ့ အနေအထားရှိလား။ အချိန်ရော လောက်ရဲ့လား။

ဦးခင်ရွှေ။ ။ အချိန်လောက်ပါတယ်။ အန်ကယ်တို့ဘက်ခြမ်းမှာတော့ မဲရုံတစ်ရုံ တစ်ရုံ (၆၀၀) နဲ့ (၁) ထောင်ကြားပဲရှိတယ်။ ဒီမနက် အန်ကယ်က ကော့မှူးဧရိယာကနေ မဲထည့်ရတယ်။ ပျဉ်းကတိုး-ဆိုတဲ့နေရာ။ မဲသွားထည့်တဲ့အခါ ပြဿနာ တစ်ခု သွားတွေ့ရတယ်။ ဘာလဲဆိုတော့ လူတွေတန်းစီတဲ့နားမှာ ကပ်ထားတာ- ကပ်တဲ့နေရာမှာ အန်ကယ်နဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ကို တ group တည်း ကပ်ထားတယ်။ အဲဒါကို အဲဒီက ကော်မရှင်ဥက္ကဋ္ဌကိုခေါ်ပြီး - မဲတာဝန်ခံကိုခေါ်ပြီး ဆူပြီး အဲဒါကို ဆွဲဆုတ်ရသေးတယ်။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ သူနဲ့အန်ကယ်နဲ့က မတူဘူးလေ။ သူနဲ့တစ်ဖွဲ့တည်းလည်းမဟုတ်ဘူး။ သူက ပြည်သူ့လွှတ်တော်၊ အန်ကယ်လ်က အမျိုးသားလွှတ်တော်။ တစ်ဖွဲ့တည်းကပ်ထားတဲ့အခါကျတော့ လူတွေအတွက် confuse ဖြစ်တာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်နဲ့ပဲ ပြိုင်ရမလိုလို ဘာလိုလိုဖြစ်တော့ - ကော်မရှင်ကနေ သူတို့ကို သေသေချာချာ trained မလုပ်ပေးထားဘူးထင်တယ်။ အောက်ခြေမှာတော့ အဲလိုမျိုး လွဲတာလေးတွေ သွားတွေ့တယ်။ တွေ့လို့ အန်ကယ် တော်တော်တော့ ပြောပလိုက်တယ်။

ကိုသားညွန့်ဦး။ ။ နောက်တစ်ခု ကျနော်မေးချင်တယ်။ အန်ကယ်လ်ကိုယ်တိုင်က မဲဆွယ်စည်းရုံးမှုမှာ ကိုယ့်ကို မဲပေးကြဖို့မဲဆွယ်သလို ဒေါ်အောင်ဆန်းစုကြည်လည်း မဲပေးပါလို့ ပြောတယ်လို့ သိရပါတယ်။ (ဟုတ်တယ်။) အဲဒါ ကြံခိုင်ရေးပါတီ ပေါ်လစီနဲ့ ငြိမနေဘူးလား။

ဦးခင်ရွှေ။ ။ ငြိပေမေယ့် ကြံ့ခိုင်ရေးပေါ်လစီမှာရှိတယ်။ မိမိအကျိုးအတွက် ပါတီအကျိုးကြည့်ရမယ်။ ပါတီအကျိုးအတွက်ကို နိုင်ငံတော် အကျိုးကြည့်ရမယ်။ အဲဒီတော့ အန်ကယ့်ကိုခေါ်ပြီးတော့ မေးပါတယ်။ စစ်ပါတယ်။

ကိုသားညွန့်ဦး။ ။ စစ်တယ်ဆိုတာ ပါတီက စစ်တာလား။

ဦးခင်ရွှေ။ ။ ပါတီက ခေါ်စစ်ပါတယ်။ အဲဒီအချိန်မှာ အန်ကယ်က ဒါပဲ ပြောလိုက်တယ်- ကြံ့ခိုင်ဖွံ့ဖြိုးရဲ့ပေါ်လစီကိုက မိမိအကျိုးထက် ပါတီအကျုးိကြည့်ရမယ်။ ပါတီအကျိုးနဲ့စာလို့ရှိရင် နိုင်ငံတော်အကျိုးကြည့်ရမယ်။ အဲဒီတော့ နိုင်ငံတော်အကျိုးအတွက်ကို ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးမယ်။ အခုလည်း အန်ကယ်ကိုယ်တိုင် သူ့ကို မဲပေးခဲ့တာ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ အခုလက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လက်ရှိ အာဏာရပေါ့နော်။ သူလည်း အစိုးရဖွဲ့နိုင်တဲ့အလားအလာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြတ်အသတ်နိုင်ဖို့ သူမျှော်လင့်နေတယ်။ အစိုးရဖွဲ့နိုင်ဖို့ မျှော်လင့်နေတယ်။ ဒီပါတီကြီး နှစ်ရပ်အခြေအနေကို အန်ကယ်ဘယ်လိုများ မျှော်လင့်သလဲ။

ဦးခင်ရွှေ။ ။ အန်ကယ်မှန်းတာကတော့ နှစ်ခုလုံးက အပြတ်အသတ်နိုင်ဖို့ အတော်ခဲယဉ်းပါတယ်။ NLD အနေနဲ့ ၅၀ နဲ့ ၆၀ ကြားလောက်တော့ မှန်းတယ်။

မဲရုံတစ်ခုမှာတော့ တိုင်းဒေသကြီး တံဆိပ်တုံးပျောက်ဆုံးတဲ့ကိစ္စ၊ တချို့ မဲစာအုပ်တွေမှာ မဲစာရွက် ပိုနေတဲ့ကိစ္စနဲ့ မှားရိုက်လို့ မဲစာရွက်ထပ်တောင်းတာကို မရတဲ့ကိစ္စမျိုးလောက်တော့ အဲဒါ အနည်းအကျဉ်းတွေ့ရပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာ၊ ဒေသဆိုင်ရာ ကော်မရှင်တွေဘက်က ကြိုးစားဖြေရှင်းဖို့ ညှိနှိုင်းနေကြတာမျိုးလည်း တွေ့ရပါတယ်။ မဲရုံတွေမှာတော့ မဲဆန္ဒရှင်တွေဘက်က လိုလိုလားလား တက်တက်ကြွကြွနဲ့လာရောက်ပြီး မဲပေးကြတာ၊ နောက် အပြောင်းအလဲအတွက်ဆိုပြီးတော့ မဲပေးနေကြတာတွေ့ရပါတယ်။ မဲဆန္ဒရှင်အချို့ကတော့ မဲရုံပိတ်ချိန် လေးနာရီအထိမှာ ရလာမယ့်အဖြေကို စိတ်လှုပ်ရှားတကြီးနဲ့ စောင့်ကြည့်နေတာတွေ့ရပါတယ်။ ကျနော် သားညွန့်ဦးပါ။ ကော့မှူးမြို့ကနေ သတင်းပေးပို့နေတာပါ။

XS
SM
MD
LG