သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈မျိုးဆက် နိုင်ငံရေး ပါတီ ထောင်မည်


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး။

၈၈ မျိုးဆက် အင်အားစုတွေအနေနဲ့ နိုင်ငံရေးပါတီတစ်ခု တည်ထောင်သွားဖို့ ရှိတယ်လို့ ကိုကိုကြီးက ဗွီအိုအေ မြန်မာပိုင်း နဲ့ တွေ့ဆုံမေးမြန်းရာ မှာ ပြောလိုက်ပါတယ်။ အတိုက်အခံ ပါတီတစ်ရပ်အနေနဲ့ အစိုးရရဲ့ လုပ်ဆောင်ချက် နဲ့ ပတ်သက်ပြီး၊ မှန်တာကို ထောက်ခံပြီး မှားတာကို ဝေဖန်သွားမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားတာကို အသံဖိုင်မှာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

သားညွန့်ဦး။ ။ အစိုးရဖွဲ့ဖို့တွေ ဘာတွေနဲ့ပတ်သက်ပြီး ၈၈မျိုးဆက်ကို ကမ်းလှမ်းတာမျိုးတွေ ရှိပါသလား။

ကိုကိုကြီး။ ။ မရှိပါဘူး။

သားညွန့်ဦး။ ။ နောက်တခုက ကိုကိုကြီးနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ကိုကိုကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပထမ ကိုယ်စားလှယ်အနေနဲ့ ဝင်ရွေးဖို့ လုပ်တယ်။ နောက် မပါလာဘူးပေါ့။ အဲ့ဒီ့တော့ ကိုကိုကြီးအနေနဲ့ ဘယ်လို ရပ် သွားမလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ပဲ ရပ်သွားမလား။ တခြား စဉ်းစားချက် ဘယ်လိုရှိပါသလဲ။

ကိုကိုကြီး။ ။ ကျနော် ပထမ စဉ်းစားချက်ကတော့ တော်တော် များများ ပြည်သူတွေ ကလဲ မျှော်လင့်တယ်။ ၈၈ခေါင်းဆောင်တွေအနေနဲ့ NLD နဲ့ ပူးပေါင်းဆောင်ရွက် သင့်တယ်။ ဘာကြောင့် မပူးပေါင်း မဆောင်ရွက်သလဲ အစရှိသဖြင့်ပေါ့။ ဆိုတော့ အဲ့ဒီ့အပေါ်မှာ ကျနော်တို့ ကြိုးစားခဲ့တယ်။ သို့သော် ဘာကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ လွန်ခဲ့တဲ့ ၂၈နှစ် နိုင်ငံရေး စလုပ်ကတည်းက ကျနော်တို့ရဲ့ ပုဂ္ဂလိက ကိစ္စတွေ အတွက် လုပ်ခဲ့ကြတာ မဟုတ်ဘူး။

ကျနော်တို့က နိုင်ငံကို အရွေ့တခု ဖြစ်သွားစေချင်တယ်။ ဒီလို လွှတ်တော် ကိုယ်စားလှယ် အဖြစ် လုပ်ဆောင်ခွင့် မရသည့်တိုင်အောင် လူထုမျှော်လင့်တဲ့ ထောက်ခံတဲ့သူတွေ လုပ်ပိုင်ခွင့် ရရှိသွားခြင်းနဲ့ပတ်သက်ပြီးတော့ ကျေျနာ်တို့ ဝမ်းသာအားရဖြစ်ပါတယ်။

သားညွန့်ဦး။ ။ ကိုကိုကြီးအနေနဲ့ရော တဦးချင်းအနေနဲ့ဖြစ်ဖြစ် ၈၈အင်အားစု အနေနဲ့ဖြစ်စေ ရှေ့နိုင်ငံရေးမှာ ဘယ်လိုရပ်သွားဖို့ စဉ်းစားချက် ရှိပါသလဲ။

ကိုကိုကြီး။ ။ ဆိုတော့ ကျနော်တို့ ၈၈မျိုးဆက် ခေါင်းဆောင်တွေလို့ ပြောရတာက တကယ်က ၈၈ ချည်းပဲ မဟုတ်ပါဘူး။ အခုကျနော်တို့ အဖွဲ့အစည်းရဲ့ နာမည်ကိုယ်နှိုက်က ၈၈မျိုးဆက်လို့ပဲ ပြောထားတာ။ ကျောင်းသားများ ဆိုတာကို ကျနော်တို့ ဖြုတ်လိုက်တယ်။ အဲ့တာ ဘာကြောင့်လဲဆိုတော့ ဒီ့ထက်ပိုပြီး ကျယ်ပြန့်တဲ့ သဘောကို အဓိပ္ပါယ်ကို ဆောင်စေချင်လို့ ၉၆၊ ၉လေးလုံး အစရှိသဖြင့် ဒီလူတွေ ဒီလူငယ်တွေ အားလုံးကို စုစည်းနိုင်ဖို့ ကျနော်တို့ ကြိုးစားကြတယ်။

အဲ့တော့ ရေရှည်နိုင်ငံရေးပုံစံနဲ့ ဆိုရင်တော့ ဒီ ၈၈မျိုးဆက်တွေ မျိုးဆက်အသီးသီးပေါ့ စုစည်းပြီးတော့ နိုင်ငံရေးပါတီတခုအဖြစ်နဲ့ရပ်တည်သွားဖို့ ကျနော်တို့ ဆွေးနွေးကြ တာတွေရှိပါတယ်။ အားလုံးတော့ ပါလာမှာ မဟုတ်ဘူးပေါ့။ တချို့လည်း အရပ်ဖက် အဖွဲ့အစည်းပုံစံနဲ့ ဆက်ပြီး ရပ်တည်မယ့် သူတွေလည်း ရှိမယ်။ နိုင်ငံရေးပါတီပုံစံနဲ့ ထဲထဲဝင်ဝင် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားတဲ့သူတွေလည်း ရှိပါတယ်။

သားညွန့်ဦး။ ။ အခုအနေအထားကလည်း လူထုထောက်ခံမှု ရွေးကောက်ပွဲ ရလဒ်ကို ကျနော်တို့ ကြည့်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ ပါတီကိုပဲ မဲပေးပါဆိုတော့ လူထုကလည်း အဲ့လိုပဲ ပေးလိုက်ပုံ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြဇာကလည်း အင်မတန် ကြီးပါတယ်။ ၈၈တွေက ဒီလို ပါတီတရပ် အနေနဲ့ ဖွဲ့လာမယ်ဆိုရင် အင်အားအနေနဲ့ ယှဉ်နိုင်ပါ့မလား။

ကိုကိုကြီး။ ။ ကျနော်တို့က လုပ်နိုင်သလောက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် ဖြည့်စည်းသွားဖို့ လုပ်သွားဖို့ပဲ အဓိက ရည်ရွယ်ပါတယ်။ ကျန်တာကတော့ ကျနော်တို့ နိုင်ငံရေးပါတီ တခုအဖြစ် ရပ်တည်တဲ့အချိန် လူထု ဆန္ဒသဘောထားကို ကောက်ယူတဲ့ ခံယူတဲ့အချိန်မှာ လူထုရဲ့ တုန့်ပြန်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ကတော့ အရိုးသားဆုံးနဲ့ အကောင်းဆုံး ကျနော်တို့ ဖြည့်စည်းဆောင်ရွက်သွားဖို့ပဲ ကျနော်တို့ ကြိုးစားသွားမှာပါ။

သားညွန့်ဦး။ ။ နောက်တခုက အတိုက်အခံအင်အားစုတွေနဲ့ပတ်သက်လို့ ၈၈ အပါအဝင်ပေါ့ အင်အားစုတွေအနေနဲ့ NLD အစိုးရအပေါ်မှာ Check and Balance အနေနဲ့ ရပ်သွားမလား။ ပူးပေါင်းသွားမလား ဘယ်လိုအနေအထားမျိုးနဲ့ ရပ်တည်သွားမလဲ။

ကိုကိုကြီး။ ။ ဆိုတော့ ကျနော်တို့က ဓမ္မနဲ့ အဓမ္မ အနေနဲ့ပဲ စဉ်းစား ဆုံးဖြတ်သွားမှာပါ။ ဆိုတော့ ကောင်းတာတွေ တိုးတက်တာတွေ မှန်သမျှကို ကျနော်တို့က ထောက်ခံသွားမယ်။ ပံ့ပိုးသွားမယ်။ နောက်တခါ တချို့ ပြောသင့်ပြောထိုက်တဲ့ အကြံပြုသင့်တဲ့ ဝေဖန်သင့်တာတွေ ရှိရင်လည်းပဲ ကျနော်တို့ မိတ်ဖက် အကြံပေးမှု ပုံစံမျိုးတွေနဲ့ပဲ ဝေဖန်ထောက်ပြတာတွေ အကြံပေးတာတွေ လုပ်သွားမှာပါ။

ကိုကိုကြီးကို ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ အသံဖိုင်မှာလည်း အပြည့်အစုံ နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG