သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ သမ္မတဟောင်း George W. Bush အထ္ထုပတ္တိအကျဉ်း (၁၉၂၄-၂၀၁၈)


အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ဦးမြောက်သမ္မတအဖြစ် ၁၉၈၉ ဇန္နဝါရီ ၂၀ ရက်မှာ တရားရုံးချုပ်တရားသူကြီးချုပ် Rehnquist ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုစဉ်
အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ဦးမြောက်သမ္မတအဖြစ် ၁၉၈၉ ဇန္နဝါရီ ၂၀ ရက်မှာ တရားရုံးချုပ်တရားသူကြီးချုပ် Rehnquist ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုစဉ်

အမေရိကန် ပြည်ထောင်စုရဲ့ ၄၁ ယောက်မြောက် သမ္မတ George H. W. Bush ဟာ မနေ့ညပိုင်းကပဲ တက္ကဆက် ပြည်နယ်၊ ဟူစတန်မြို့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်အရွယ် ရှိပြီးဖြစ်တဲ့ သမ္မတဟောင်း Bush ဟာ နှစ်ပေါင်း ၆၀ ကြာ တိုင်းပြည်အတွက် အမှုထမ်းခဲ့သူ တဦးအဖြစ်နဲ့လည်း လေးစားခံရသူ တဦးလည်း ဖြစ်ပါတယ်။ ကွယ်လွန်သူ သမ္မတဟောင်းရဲ့ ဘဝအကြောင်း တစေ့တစောင်းကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ၄၁ ယောက်မြောက် သမ္မတအဖြစ် ၁၉၈၉ ခုနှစ် ဇန်နဝါရီလမှာ သမ္မတ George H. W. Bush ကျမ်းသစ္စာကျိန်ဆို တာဝန်ယူခဲ့တာပါ။ လွတ်လပ်မှုတွေ ကမ္ဘာကြီးမှာ တကျော့ပြန်မွေးဖွားဖို့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ သန္နိဌာန်ချပြောကြားခဲ့တဲ့ သမ္မတ Bush ဟာ သူတာဝန်ယူပြီး မကြာခင် ၁၉၈၉ ခုနှစ် နိုဝင်ဘာလထဲမှာပဲ ဂျာမနီနိုင်ငံကို ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်း ပြိုလဲတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ မရှေးမနှောင်း ဆိုသလို၊ အဲဒီအချိန်တုန်းက ဆိုဗီယက်ပြည်ထောင်စုရဲ့ခေါင်းဆောင် Mikhail Gorbachev နဲ့လည်း တွေ့ဆုံခဲ့ပြီး မော်လတာနိုင်ငံက ထိပ်သီး ဆွေးနွေးပွဲဟာ ၁၉၉၁ ခုနှစ် မဟာဗျူဟာမြောက် လက်နက် လျှော့ချရေး သဘောတူညီချက်အတွက် အရေးကြီးတဲ့ ခြေလှမ်းတခု အဖြစ်နဲ့လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။

“ကြီးကျယ်ခန်းနားလှတဲ့ ကျနော်တို့ ၂ နိုင်ငံနဲ့ ကျနော်တို့ ပြည်သူတွေဟာ ထာဝရရန်ဖက်တွေအဖြစ် သမိုင်းကျိန်စာသင့်နေခဲ့တယ်လို့ မကြာသေးခင် အချိန်အထိ တချို့က ယုံကြည်ထားခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ခင်ဗျားနဲ့ကျနော် ရာဇဝင်ကို စိန်ခေါ်ကြရမယ့် အချိန်ရောက်ပါပြီ။”

အိမ်ဖြူတော်မှာ ၄ နှစ်ကြာ သမ္မတသက်တမ်း တာဝန်ယူနေချိန်မှာပဲ ပနားမားခေါင်းဆောင် မူးယစ်ရာဇာ Manuel Noriega ကို ရာထူးက ဖယ်ရှားတဲ့ စစ်ဆင်ရေးကို ဆင်နွှဲခဲ့သလို၊ အရှေ့အလယ်ပိုင်းဒေသက ရေနံပေါကြွယ်ဝတဲ့ ကူဝိတ်နိုင်ငံကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ အီရတ်အာဏာရှင် Saddam Hussein ရဲ့ တပ်တွေကိုလည်း မောင်းထုတ်ခဲ့တာပါ။

“ဒီညမှာ အမေရိကန်နဲ့ ကမ္ဘာကြီးက ကတိပေးထားတဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ။”

တကယ်တော့ ကွန်လွန်သူသမ္မတ Bush ဟာ အိမ်ဖြူတော်မှာ တာဝန်မယူခင်ကတည်းက တိုင်းပြည်တာဝန်တွေကို အစဉ်တစိုက် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ် အသက် ၁၈ နှစ်ပြည့်တဲ့ အချိန်မှာပဲ ရေတပ်ထဲဝင်ခဲ့ပြီး နောက်တနှစ်အကြာ ရေတပ်မှာ အသက်အငယ်ဆုံး လေယာဉ်မှူး ဖြစ်လာခဲ့တာပါ။ တိုက်လေယာဉ်မှူးအဖြစ် ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်အပေါ် အကြီးဆုံး အောင်မြင်မှုတခုဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်ပင်လယ်ပြင်က လေကြောင်းတိုက်ပွဲမှာလည်း ဆင်နွဲှခဲ့ပါတယ်။

၁၉၄၅ ခုနှစ်မှာပဲ Barbara Pierce နဲ့ လက်ထပ်ခဲ့ပြီး စက်တင်ဘာလမှာ ရေတပ်ကအနားယူခဲ့တာပါ။ ၁၉၄၈ ခုနှစ်မှာ ယေးလ်တက္ကသိုလ်က ဘွဲ့ရခဲ့ပြီးနောက် မိသားစုနေထိုင်ရာ တက္ကဆက်ပြည်နယ်က ရေနံလုပ်ငန်းမှာ အလုပ်လုပ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ Harris ခရိုင် ရီပတ်ဘလစ်ကန် ကော်မတီဥက္ကဋ္ဌ ဖြစ်လာပြီး ၂ နှစ်အကြာမှာ အထက်လွှတ်တော်အမတ်အဖြစ် ယှဉ်ပြိုင်ခဲ့ပေမဲ့ အောင်မြင်မှုတော့ မရခဲ့ပါဘူး။

သမ္မတ Richard Nixon လက်ထက် ၁၉၇၁ ခုနှစ်မှာတော့ ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံအမတ်ကြီး အဖြစ်နဲ့လည်း တာဝန်ယူခဲ့ဖူးသလို၊ သမ္မတ Gerald Ford လက်ထက် ၁၉၇၄ ခုနှစ်မှာ တရုတ်နိုင်ငံမှာ အမေရိကန် ဆက်ဆံရေးရုံး အကြီးအကဲ အဖြစ်နဲ့လည်း တာဝန်ယူခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲဖြစ်လာခဲ့ပြီး၊ ၁၉၇၉ ခုနှစ်မှာတော့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြေညာခဲ့ပေမယ့် ရီပတ်ဘလစ်ကန်ပါတီရဲ့ ကိုယ်စားလှယ်အဖြစ် အရွေးမခံခဲ့ရတဲ့အတွက် ၁၉၈၀ ပြည့်မှာ Ronald Reagan နဲ့အတူ ဒုသမ္မတလောင်းအဖြစ် ပူးတွဲယှဉ်ပြိုင်ရာမှာ အနိုင်ရခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ၄၁ ယောက်မြောက် သမ္မတဖြစ်လာခဲ့ပြီး နောက်တကြိမ် ပြန်လည်အရွေးခံဖို့ ယှဉ်ပြိုင်ခဲ့ပေမယ့် Bill Clinton ကို ရှုံးနိမ့်ခဲ့တာပါ။ ဗာဂျီးနီးယားပြည်နယ် သမ္မတရေးရာ လေ့လာရေးဌာန ညွှန်ကြားရေးမှူး Barbara Perry ကတော့ ကွယ်လွန်သူ သမ္မတဟောင်း Bush အပေါ် ချစ်ခင်လေးစားမှုတွေဟာ တိုင်းတာလို့မရကြောင်း ပြောပါတယ်။

“ချစ်ခင်လေးစားမှုတွေ အကြီးအကျယ်ပြသတာ တွေ့ရပါလိမ့်မယ်။ သူ့လက်ထက်မှာ ကြီးမားတဲ့ အကြင်နာတရားနဲ့ လေးစားမှုတွေကိုလည်း လူတွေက ပြန်သတိရကြပါလိမ့်မယ်။ သူဟာ ဒုတိယကမ္ဘာစစ်ကို ကြုံခဲ့ဖူးတဲ့ နောက်ဆုံးသမ္မတနဲ့ တကယ့်စစ်ပြန်သူရဲကောင်း တယောက်အဖြစ်နဲ့လည်း အမှတ်ရနေကြမှာပါ။”

၂၀၁၁ ခုနှစ်မှာတော့ သမ္မတဟောင် Bush ဟာ အဲဒီအချိန်တုန်းက သမ္မတ Barack Obama က ချီးမြှင့်တဲ့ အမေရိကန်မှာ အရပ်သားတွေကို သမ္မတက ပေးအပ်တဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။ သမ္မတဟောင်း ကွယ်လွန်သွားတဲ့အတွက် သမ္မတ Donald Trump သာမက သမ္မတဟောင်း Clinton နဲ့ Obama တို့ကလည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြသလို၊ တိုင်းပြည်အတွက် မဆုတ်မနစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးအဖြစ်နဲ့လည်း ချီးကျူးပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG