သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီသမ္မတ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြော


ဂျာမန်သမ္မတ Joachim Gauck ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ်။
ဂျာမန်သမ္မတ Joachim Gauck ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ်။
မြန်မာနိုင်ငံဟာ အချိန်ကာလတိုအတွင်းမှာ အပြောင်းအလဲတွေဖြစ်လာခဲ့ပြီး၊ ရှေ့ဆက်သွားရမယ့် လမ်းကတော့ အတားအဆီး အခက်အခဲတွေ ရှိနေလိမ့်ဦးမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျာမန်သမ္မတ Joachim Gauck က ပြောလိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဂျာမန်သမ္မတက မိန့်ခွန်းတရပ်ပြောခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ချီးကျူးပြောဆိုသလို၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဖံ့ွဖြိုးတိုးတက်ရေးအတွက် ဂျာမနီအနေနဲ့ ကူညီအားပေးသွားမယ်လို့ ပြောသွားပါတယ်။

ဂျာမန်သမ္မတ မိန့်ခွန်းပြောဆိုရာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို သွားရောက်သတင်းယူတဲ့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပြီးကတည်းကဆိုရင် နိုင်ငံတကာ အစိုးရအကြီးအကဲ တဦးအနေနဲ့ အခုလို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ လာရောက်ပြောဆိုတာဟာ ဒါ ဒုတိယမြောက်လို့ ပြောရမှာပါ။ ပထမတခေါက် မိန့်ခွန်းပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားလိုပါပဲ။

ရန်ကုန်တက္ကသိုလ်က ပညာသင်ကြားခဲ့သူတွေဟာ လွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ရုန်းကန်လှုပ်ရှားခဲ့သူတွေဖြစ်သလို၊ ရန်ကုန်တက္ကသိုလ်ဟာဆိုရင်လည်း တော်လှန်ရေးရဲ့ ဘူမိနက်သန် နေရာဖြစ်တာမို့ ဒီလိုနယ်မြေမှာ သူလာရောက် စကားပြောခွင့်ရတဲ့အပေါ် အင်မတန် ကျေနပ် အားရမိတယ်လို့ ဂျာမန်သမ္မတ Joachim Gauck က ပြောသွားပါတယ်။

“ဒီနေရာမှာ ပညာသင်ကြားခဲ့သူတွေဟာ လွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် လှုပ်ရှားဆောင်ရွက်သူတွေ ဖြစ်လာပါတယ်။ ကိုလိုနီဆန့်ကျင်ရေး နောက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွေမှာ တော်လှန်ရေးကို ကနဦး စတင်တဲ့နေရာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ အခြားပြည်သူတွေရဲ့ သတ္တိပြောင်မြောက်မှုကို မေ့ထားလို့ မရပါဘူး။ သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ သူတို့ရဲ့ ဆန္ဒတွေကို မေ့ဖျောက်လို့ မရပါဘူး။ အာဏာရှိသူတွေရဲ့ ရက်ရက်စက်စက် တုံ့ပြန်မှုတွေကိုရော၊ အဲဒီကာလမှာ သေဆုံးသူ နစ်နာခံစားခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကိုလည်း မေ့ထားလို့မရပါဘူး။”

တချိန်တည်းမှာတော့ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်တွေ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရပ်တည် လှုပ်ရှားခွင့်ပေးတာ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်တာ၊ သတင်းလွတ်လပ်ခွင့်တွေပေးတာ လူ့အခွင့်အရေးအရ တိုးတက်လာတဲ့ အခြေအနေတွေ ပြတာတွေကိုလည်း ချီးကျူးပြောခဲ့ပါတယ်။

ဒီအပြောင်းအလဲတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လမ်းပွင့်လာစေတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လို့ အပြောင်းအလဲတိုင်းမှာ အခက်အခဲတွေ ရှိလိမ့်မယ်လို့ ဂျာမန်သမ္မတက သတိပေးပြောခဲ့ပါတယ်။

“အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်၊ စစ်အုပ်ချုပ်ရေးကနေ အရပ်ဖက်အုပ်ချုပ်ရေး စသဖြင့် အသွင်ပြောင်းလဲမှုတွေမှာ အခက်အခဲရှိပါတယ်။ မြန်မာနိုင်ငံဟာ အချိန်တိုအတွင်းမှာကို တော်တော်လေး ခရီးရောက်ခဲ့ပါပြီ။ ဒါပေမဲ့လည်း ရှေ့ဆက်စရာတွေလည်း အတော် ကျန်ပါသေးတယ်။ အတားအဆီးတွေလည်း ရှိပါလိမ့်ဦးမယ်။ အပြောင်းအလဲတိုင်းမှာ ကြောက်ရွံ့မှုတွေနဲ့ အဖျက်အနှောင့်တွေ ပါလာတတ်ပါတယ်။”

ဂျာမနီ သမ္မတဟာ အရင် အရှေ့ဂျာမနီ လက်ထက်တုန်းက ဖိနှိပ်မှုတွေနဲ့ပတ်သက်လို့ သူ တွေ့ကြုံခံစားခဲ့ရတာတွေကို ပြန်ပြောင်းပြောခဲ့ သလို၊ မြန်မာနိုင်ငံတွင်းက မတူကွဲပြားတဲ့ ဘာသာ၊ လူမျိုးတွေ အခြေအနေကိုလည်း ထောက်ပြသွားပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ၊ မူဆလင်၊ ခရစ်ယာန်၊ ဟိန္ဒူ စသဖြင့် မတူညီတဲ့ ဘာသာ၊ အယူအဆတွေ ပေါင်းစုံနေတာဟာ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ သင်္ကေတဖြစ်သလို ဒါဟာ အားတရပ်လည်း ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

တချိန်တည်းမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ အခုလို ပြုပြင်ပြောင်းလဲမှုတွေဟာ သူတို့ရဲ့ နေစဉ်ဘဝတွေကို တိုးတက်လာစေတယ်လို့ ယုံကြည်မှုရှိလာမှပဲ စီးပွားရေး တိုးတက်မှုတွေ ဖြစ်လာလိမ့်မယ်လို့လည်း ထောက်ပြသွားပါတယ်။

ဒီနေ့ ဂျာမနီသမ္မတရဲ့ ရန်ကုန်တက္ကသိုလ် မိန့်ခွန်းပြောကြားရာကိုတော့ အစိုးရအဖွဲ့က တာဝန်ရှိသူတွေရော ပညာရေးဌာန အပါအဝင် အခြားအစိုးရဌာနအသီးသီးက အရာရှိတွေ၊ ကျောင်းသားတွေ အတော်များများ တတ်ရောက်နားထောင်ခဲ့ကြပါတယ်။ တတ်ရောက်လာသူတဦးဖြစ်တဲ့
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အခု ဂျာမန်သမ္မတရဲ့ မိန့်ခွန်းဟာ မြန်မာအစိုးရရဲ့ အပြောင်းအလဲတွေကို အားပေး ပြောကြားခဲ့တာဖြစ်တယ်လို့ သူ့အမြင်ကို ဗွီအိုအေကို ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းဖြစ်လာရမယ်။ ပြောသင့်တာကိုလည်း ပြောရဲရမယ်။ ကြောက်ဖို့လည်း မလိုဘူး။ သို့သော်လည်းပဲ ကိုယ့်နိုင်ငံကောင်းဖို့အတွက်တော့ လုပ်ရမယ်ဆိုတဲ့ နှစ်ဘက်ကို မျှပြီးတော့ ချိန်ပြီးတော့ ပြောသွားတာ၊ အားပေးသွားတာပေ့ါလေ။ ဒါတွေ ယူတတ်ရင်တော့ အများကြီး အကျိုးရှိပါတယ်။ ပြောသင့်ပြောထိုက်တာလည်း သူ့ရဲ့ ပလက်ဖောင်းကို သူ ပြောရမှာပေါ့။”

မေး။ ။ သူ ပြောသွားတာတွေနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲစရာတွေများရော ရှိပါသလား။
ဖြေ။ ။ “မရှိနိုင်ပါဘူး။ ဒါပေမဲ့ သူတို့အပိုင်းကပြောတော့ ဒီရိုဟင်ဂျာကိုတော့ ဒီလို သူတို့ ပလက်ဖောင်းနဲ့ ထည့်ထည့်ပြောတာပေါ့ဗျာ။ ဒါကလည်း လွတ်လပ်စွာ ပြောခွင့်ရှိတော့ ကျနော်တို့လည်း မပြောလိုဘူး။ ဒါပေမဲ့ ကျနော်တို့ အစိုးရသွားနေတာနဲ့တော့ မတူဘူးပေါ့နော်။ ကျနော်တို့ နိုင်ငံအနေနဲ့ မြင်တာကတော့ ဒီအစ်ရှုးကို ကျနော် ဘယ်လက်ခံမလဲ။ လက်မခံလို့ ထ ပြောရမယ့် အလုပ်ကလည်း မဟုတ်ဘူးလေ။ ဒါ ကျနော်နဲ့ သူနဲ့ကြားမှာ Differences ဖြစ်တာတွေ သူပြောတာကိုတော့ ကျနော်တို့ အစိုးရအနေနဲ့ ထ ပြီးတော့ ခင်ဗျား ဒီလိုပြောရသလားဗျာတော့ ကျနော်က မပြောလိုဘူး။ ကျနော်တို့က ကျနော်တို့ မူဝါဒနဲ့ ကျနော်တို့ သွားနေတာပဲဖြစ်တယ် ဒီရိုဟင်ဂျာအစ်ရှုးမှာ။”

အခု ဂျာမန်သမ္မတ မိန့်ခွန်းကို လာရောက်နားထောင်ဖို့ ဖိတ်ကြားခံရတဲ့အထဲမှာ ကျောင်းသားသမဂ္ဂအချို့လည်း ပါဝင်ပါတယ်။ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တဦးကတော့ အခု မိန့်ခွန်းအပေါ် သူ့အမြင် အခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို လာပြီးတော့ ဒီလိုမျိုး ထောက်ခံအားပေးတဲ့ ကမ္ဘာ့ခေါင်းဆောင်တယောက်ကို ဒီကိုလာပြီး မိန့်ခွန်းပြောတာအတွက် ကျနော်တို့ ဝမ်းသာတယ်။ နားထောင်ရလို့လည်း ဝမ်းသာတယ်။ လုပ်နေတဲ့ကိစ္စတွေအားလုံးကို ထောက်ခံအားပေးတဲ့ ဒီကမ္ဘာ့ခေါင်းဆောင်တယောက်ကို မိန့်ခွန်းနားထောင်ရတဲ့အတွက် ဝမ်းသာပါတယ်။ နောက် သူပြောတာကို ကျနော် ဘာကြိုက်သလဲဆိုတော့ ဝေဖန်မှုရှိတဲ့ ပြည်သူတွေ ပါဝင်ရမယ်ဆိုတဲ့ကိစ္စကိုတော့ ကျနော် ကြိုက်တယ်။ နောက်တခုက သူပြောတဲ့ ပညာရေး၊ ပညာရေးကိစ္စမှာ ရန်ကုန်တက္ကသိုလ်လိုမျိုး၊ ကမ္ဘာ့တက္ကသိုလ်တွေနဲ့ ပြန်ချိတ်ဆက်နိုင်မယ့် တက္ကသိုလ်တွေ အများကြီး ပေါ်ဖို့ လိုအပ်တယ်ဆိုတာပြောသွားတယ်။”

ဂျာမန်သမ္မတရဲ့ မိန့်ခွန်းထဲမှာတော့ အခု လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲတွေဟာ မြန်မာနိုင်ငံအတွက်ပဲ အရေးကြီးတာမဟုတ်ဘဲ ဒေသတခုလုံးကိုပါ သက်ရာက်မှု ရှိစေတယ်လို့ ဂျာမန်သမ္မတက ပြောပါတယ်။ အာရှအတွင်းက ပြည်သူတွေကို အားဖြစ်စေမယ့် စံနမူနာကောင်းတရပ်ဖြစ်ဖို့ ပြောဆိုတိုက်တွန်းသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဂျာမနီနိုင်ငံက Deutsche Welle Akademie ကနေ အခြားဥရောပအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး သတင်းထောက်တွေအတွက် ကျောင်းတကျောင်း ဖွင့်ဖို့ ရှိတယ်ဆိုတာကိုလည်း ထည့်သွင်းပြောသွားတာ တွေ့ရပါတယ်။
XS
SM
MD
LG