သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန်ဝန်ကြီးချုပ် တူရကီရောက်


ဥရောပကို ရွှေ့ပြောင်းဒုက္ခသည် အများအပြား ဝင်ရောက်နေမှု ရပ်ဆိုင်းစေရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လ ဥရောပသမဂ္ဂနဲ့ တူရကီတို့ကြား ရရှိခဲ့တဲ့ သဘောတူညီချက်နောက်ပိုင်း တင်းမာမှုတွေ တိုးလာတာကို လျှော့ချနိုင်အောင် ကြိုးစားဖို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ဥရောပသမဂ္ဂ ထိပ်တန်းခေါင်းဆောင်တွေဟာ စနေနေ့က တူရကီကို သွားရောက်ခဲ့ကြပါတယ်။

ဆီးရီးယားနယ်စပ်နားက Gaziantep မြို့ကို ရောက်ရှိလာတဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel၊ ဥရောပကောင်စီ ဥက္ကဌ Donald Tusk နဲ့ ဥရောပကော်မရှင် ဒုဥက္ကဌ Frans Timmermans တို့ကို တူရကီဝန်ကြီးချုပ် Ahmet Davutoglu က ကြိုဆိုခဲ့ပါတယ်။

ဆီးရီးယား ရွှေ့ပြောင်း ဒုက္ခသည်တွေ ဂရိကို ပင်လယ်ပြင်ကနေ ဝင်ရောက်နေမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက နေ့စဉ် ၆ ထောင်လောက် ဝင်နေရာက အခု ဧပြီလကဆန်းလောက်မှာ တနေ့ကို ၁၃၀ လောက်အထိ သိသိသာသာ လျှော့ချနိုင်ပြီလို့ တူရကီဝန်ကြီးချုပ်က ဥရောပခေါင်းဆောင်တွေနဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မတ်လ ၂၀ ရက်နေ့က ရရှိခဲ့တဲ့ သဘောတူညီချက်ရဲ့ တရားဝင်မှုအတွက် မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပြီး တံခါးပိတ် ညှိနှိုင်းဆွေးနွေးမှုတွေ နောက်ထပ် လုပ်နေရချိန်မှာပဲ ဒုက္ခသည်စခန်းတခုကို ဥရောပခေါင်းဆောင်တွေ သွားရောက် လည်ပတ်မယ်လို့ မျှော်လင့်ရပါတယ်။

ဒေါ်လာ သန်းပေါင်း ၇,၀၀၀ နီးပါး တန်ကြေးရှိတဲ့ ဒီသဘောတူညီချက်အရ ဂရိကမ်းခြေတွေကို ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို တူရကီဘက် ပြန်ပို့ရမှာဖြစ်သလို၊ အပြန်အလှန်အနေနဲ့ တူရကီ်က ဥရောပကို ဗီဇာမလိုဘဲ သွားခွင့် အပါအဝင် အခြားအခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်။

တူရကီဘက်က ရွှေ့ပြောင်းဒုက္ခသည်တွေကို ကူညီရေးအတွက် လိုအပ်တဲ့ ငွေကြေးနဲ့ ပတ်သက်ပြီး အီးယူက ဆွေးနွေးမှာဖြစ်ပေမဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ စံတန်ဖိုးတွေနဲ့ ပတ်သက်လို့တော့ ဈေးဆစ်လို့ မရဘူးလို့ တူရကီသမ္မတ Tayyip Erdogan ကို မစ္စတာ Tusk က သောကြာနေ့က ပြောပါတယ်။

တူရကီရဲ့ ၂၀၁၅ မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဥရောပပါလီမန်က မကြာသေးခင်ကပဲ ဝေဖန်ခဲ့ပြီး၊ တူရကီနိုင်ငံ အီးယူထဲ ဝင်ရောက်ရေးအတွက် ဆွေးနွေးမှုတွေ မလုပ်ခင်မှာ အခြေခံ စံတန်ဖိုးတွေနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ တိုးတက်မှုရှိကြောင်း ပြသဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ဥရောပ အဖွဲ့တွေအနေနဲ့ မျက်ကွယ်မပြုကြဖို့ Amnesty International အဖွဲ့ကလည်း သောကြာနေ့ကပဲ တိုက်တွန်းခဲ့တာပါ။

XS
SM
MD
LG