တိုင်းပြည် တည်ငြိမ်တိုးတက်အောင်မလုပ်နိုင်ခဲ့ကြောင်း အာဖဂန်သမ္မတဟောင်း Ghani ဝန်ခံ
{{Zawgyi/Unicode}}
အာဖဂန်နစ္စတန် သမ္မတဟောင်း Ashraf Ghani က ပြီးခဲ့တဲ့သြဂုတ်လအတွင်း သူနိုင်ငံကနေ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံကို ထွက်ပြေးရတာဟာ Kabul မြို့တော်ရဲ့ လမ်းတွေပေါ်မှာ သွေးချောင်းစီမယ့်အရေးကို ရှောင်ရှားဖို့အတွက်ဖြစ်တယ်လို့ မနေ့ ဗုဒ်ဓဟူးနေ့က ပြောပါတယ်။
ဒါအပြင် နိုင်ငံပိုင်ငွေတွေကိုလည်း ခိုးယူသယ်ဆောင်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်လိုက်ပါတယ်။
အသက် ၇၂ နှစ်ရှိ သမ္မတဟောင်း Ghani က သူအနေနဲ့ အနှစ် ၂ဝ တိုင်တိုင် ဒီမိုကရေစီအစိုးရအတွက် အလုပ်လုပ်ခဲ့ပေမယ့် တိုင်းပြည်ရဲ့ တည်ငြိမ်မှု တိုးတက်မှုတွေ ရရှိအောင် မလုပ်နိုင်တဲ့အကြောင်း ဝန်ခံလိုက်ပါတယ်။
UAE နိုင်ငံကလည်း သူကို လူသားချင်းစာနာမှုအရ လက်ခံပေးတာလို့ပြောပါတယ်။
ရုရှား RIA သတင်းဌာနကတော့ သူဟာ ထွက်ပြေးခဲ့စဉ် ကားလေးစီး နဲ့ ရဟတ်ယာဉ်တစင်းပေါ်မှာ နိုင်ငံပိုင်ငွေတွေ အပြည့်သယ်ယူသွားတယ်လို့ဖော်ပြထားပါတယ်။ တခြားသတင်းဌာနတခုကလည်း သမ္မတဟောင်းက သူနဲ့အတူ ဒေါ်လာသန်း ၁၆၉ သန်းယူဆောင်သွားတယ်ဆိုပြီး တာဂျစ်ကစ္စတန်ဆိုင်ရာ အာဖဂန်သံအမတ်ကြီးက စွပ်စွဲထားကြောင်း ဖော်ပြပါတယ်။ အာဖဂန်သမ္မတဟောင်း Ashraf Ghani ကတော့ သူပိုင်ငွေတွေကို ကုလသမဂ္ဂ ဒါမှမဟုတ် လွတ်လပ်တဲ့ စာရင်းစစ်တွေနဲ့ စစ်ဆေးတာကို ခံယူနိုင်ကြောင်းပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံက TOLO သတင်းဌာနက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အမေးအဖြေ တခုကို ထုတ်လွှင့်သွားတဲ့အထဲမှာ သတင်းထောက်က အာဖဂန်သမ္မတဟောင်း ထွက်ပြေးဖို့အတွက် အကူအညီပေးခဲ့သလားလို့မေးခဲ့ပါတယ်။ "သူထွက်မပြေးခင်တညက သူအနေနဲ့ အသက်သေဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်" လို့ ပြောသွားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဖြေကြားခဲ့ပါတယ်။
.....................................................
{{Unicode}}