သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူလတန်းသင်ဆရာ၊ ဆရာမတွေအတွက် ကန်-အင်္ဂလိပ်စာစွမ်းရည်မြှင့်သင်တန်းလက်ဆောင်


Gift of Education သင်တန်းဆင်းပွဲအခမ်းနား (ဧပြီ၊ ၀၅၊ ၂၀၁၉)
Gift of Education သင်တန်းဆင်းပွဲအခမ်းနား (ဧပြီ၊ ၀၅၊ ၂၀၁၉)

မြန်မာနိုင်ငံအနှံ့က အစိုးရမူလတန်းသင် ဆရာဆရာမတွေကို အင်္ဂလိပ်စာ စွမ်းရည်မြင့်သင်တန်း ပို့ချပေးနေတဲ့ Gift of Education ပညာရေးအစီအစဉ်ရဲ့ သင်တန်းဆင်းပွဲအခမ်းနားကို ဒီကနေ့ သင်္ကန်ကျွန်းမြို့နယ်က မိုးသောက်ပန်း ပညာရေးစင်တာမှာ ကျင်းပခဲ့ပါတယ်။ ဒီသင်တန်းကရရှိတဲ့ ပညာတွေနဲ့ ကိုယ့်ရပ်ရွာဒေသက စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကို အကောင်းဆုံး ပြန်လည် သင်ကြားပေးနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း သင်တန်းတက်ရောက်လာသူ ဆရာဆရာမတွေက ပြောပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

မြန်မာနိုင်ငံ ဒေသပေါင်းစုံက အခြေခံပညာမူလတန်းသင် ဆရာဆရာမတွေကို အင်္ဂလိပ်စာ စွမ်းရည်မြင့်သင်တန်း ပို့ချ ပေးနေတဲ့ Gift of Education ပညာရေး အစီအစဉ်ဟာ နှစ်စဉ် မူလတန်းဆရာ ဆရာမ ၆၀ လောက်ကို သင်တန်းတွေ ပို့ချပေးနေတာပါ။ သီတင်း ၅ ပတ်ကြာပို့ချတဲ့ ဒီသင်တန်းကို တက်ရောက်လာသူ သင်တန်းသူသင်တန်းသား ဒီနှစ်မှာလည်း ၆၀ နီးပါးခန့် ရှိပါတယ်။ ဆရာ ဆရာမတွေရဲ့ အင်္ဂလိပ်စာသင်ကြားမှုအပိုင်း တိုးတက်လာအောင် လေ့ကျင့်သင်တန်းပေးတာအပြင် သင်ထောက်ကူ ပစ္စည်းတချို့ကိုပါ ပံ့ပိုးပေးတဲ့အကြောင်း Gift of Education အစီအစဉ်ကို ဦးဆောင်စတင်ခဲ့သူ ဒေါ်စန္ဒာခင်က ပြောပါတယ်။

"အဓိကကတော့ သူတို့သွားတဲ့ အခါကျရင် သူတို့အတန်းတွေထဲမှာကျရင် အခုဒီ New Educational သူတို့ reform အနေနဲ့စတယ်ပေါ့နော်။ ပညာစနစ်အသစ်နဲ့ အဲ့ဒါတွေနဲ့ သူတို့ကို ကိုက်ညီအောင်လို့ပေါ့ အတန်းထဲမှာ သင်ဖို့။ နောက်ပြီးတော့ ဒီက GOE က သူတို့ကို ပေးလိုက်ပါတယ်... ဒီက posters တွေ၊ worksheets တွေ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့ စာအုပ်ကလေးတွေက မလုံလောက်ပါဘူး။ အစိုးရ စာအုပ်တွေကလေ ကလေးတွေအတွက်ပေါ့နော်၊ Activity ခေါ်တာပေါ့နော်။ အဲ့ဒီဟာတွေက မလုံလောက်ဘူး။ အဲ့ဒါကြောင့်မို့ အဲ့လိုပေးပါတယ်။ သူတို့က အဲ့ဒီအတိုင်းပြန်သင်မှာပါ.. သူတို့ အတန်းတွေထဲမှာ။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်နဲ့အတူ လက်တွဲပြီး ခုလိုသင်တန်းတွေ ပို့ချပေးလာခဲ့တာ ဒီနှစ်နဲ့ဆိုရင် ၆ နှစ်ရှိလာခဲ့ပါပြီ။ အစိုးရအထောက်အပံ့ မပါဘဲ အလှူရှင်တွေရဲ့ တနိုင်တပိုင် လှူဒါန်းငွေတွေနဲ့ ဒီပညာရေးအစီအစဉ်ကို လုပ်ဆောင်နေတာဖြစ်ပြီး နောင်နှစ်တွေမှာ ဆက်လက် လုပ်သွားနိုင်ဖို့အတွက်လည်း ကြိုးပမ်းနေတဲ့အကြောင်း ဒေါ်စန္ဒာခင်က ပြောပါတယ်။

အခုလို အစိုးရမူလတန်းသင် ဆရာဆရာမတွေအတွက် အင်္ဂလိပ်စာထောက်ကူပြု သင်တန်း စတင်ပို့ချဖို့ ဖြစ်လာခဲ့တဲ့ အကြောင်းကိုတော့ ဒေါ်စန္ဒာခင်က ခုလိုပြောပြပါတယ်။

"အန်တီက ဒီတိုင်းပြည်ကို လာဖို့ အစီအစဉ်မရှိဘူး အစက။ ဦးဖြိုးမင်းသိန်းက အရင်က အမတ်ပဲ ဖြစ်သေးတယ်။ အဲ့ဒီအချိန်မှာ သူက အရမ်းတိုက်တွန်းပါတယ်။ လာပါ။ ကျနော်တို့ ပညာရေးဟာ အင်မတန်လိုပါတယ်။ အန်တီတို့လို လူမျိုးတွေလိုပါတယ်ဆိုပြီးတော့ ရောက်လာပါတယ်။ ၆နှစ်တုန်းကလေ။ အဲ့ဒီတော့ ကိုယ့်မိတ်ဆွေတွေ ခေါ်ပေါ့နော်။ ခေါ်ပြီးတော့အခါကျလို့ရှိရင် သူတို့ကို သင်ပါဆိုပြီးတော့ အမေရိကားကလည်း ခေါ်ခဲ့တယ်။ အဲ့ဒီလိုနဲ့ စတာပါ။"

ဒီနှစ်သင်တန်းကို တက်ရောက်လာတဲ့ မွန်ပြည်နယ် မုဒုံမြို့က မူလတန်းပြဆရာမ ဒေါ်ခင်ထိုက်ထိုက် ကတော့ - ဒီသင်တန်းကြောင့် အင်္ဂလိပ်စာ အသုံးအနှုန်းတွေ ပိုပြီး သိလာရသလို၊ သင်ကြားမှုနည်းသစ်တွေလည်း ပိုပြီးရလာတယ်လို့ ပြောပါတယ်။

"ဟိုတုန်းကဆို ကျမတို့ အင်္ဂလိပ်ကို နည်းနည်း မပြောရဲ မဆိုရဲပေါ့နော်။ အခု ဒီGOE သင်တန်း ဖွင့်လှစ်လိုက်တဲ့ အတွက်ကြောင့် ကျမတို့ အခု ၅ ပတ်မှာ ဆိုလို့ရှိရင် four skills တွေ၊ စကားလုံး အသစ်လေးတွေ၊ ဂိမ်းကစားနည်း အသစ်လေးတွေ ရသွားတာပေါ့နော်။ ဟိုတုန်းကဆို အင်္ဂလိပ်စာဆိုလို့ရှိရင် ကျမတို့ သင်ရင် ကလေးတွေက ငြီးငွေ့တယ်ပေါ့နော်။ အခု GOE မှာ သင်တဲ့ အင်္ဂလိပ်စာပုံစံနဲ့ကျတော့ ကလေးတွေက ပျော်ရွှင်ဖွယ်ကောင်းတယ်ပေါ့နော်။ အဲ့တော့ ကျမတို့က ကလေးတွေ လက်တွေ့ဘဝမှာလည်း ကိုယ်ပြန်ရအောင်သင်ပြီးတော့ ပြန်လည်ပြီးတော့ အသုံးချမှာပေါ့နော်.. ဒီက နည်းစဉ်တွေကို။"

ခုလို သင်တန်းမျိုးတွေကနေ ရရှိတဲ့ သင်ကြားမှုပုံစံတွေကို ယူပြီး ကိုယ့်ရပ်ရွာဒေသက ကလေးငယ်တွေ အတွက် အကောင်းဆုံး ပြန်လည် မျှဝေပေးနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း သင်တန်းတက်ရောက်လာသူ မော်လမြိုင်မြို့က မူလတန်း ကျောင်းဆရာ ကိုကျော်မျိုးသူ ကလည်း ပြောပါတယ်။

"အခု ဒီသင်တန်းမှာ ကျနော်တို့ Native Speakers တွေ အမေရိကန်က လာပြီးတော့ သူတို့ အမေရိကန်ပညာရေးက ဘယ်လိုသင်ကြားတဲ့ စနစ်တွေ၊ နည်းစနစ်တွေ ကျနော်တို့ကို ပို့ချပေးပါတယ်။ နည်းစနစ်တွေ ကျနော်တို့ ကြည့်ပြီးတော့ ကျနော်တို့ရွာကို ရောက်သွားရင် ကလေးတွေနဲ့ ဘယ်လိုအန်ကိုက်ဖြစ်မလဲပေါ့။ ကျနော်တို့ မြန်မာကလေးတွေနဲ့ ဘယ်လိုအန်ကိုက်ဖြစ်မလဲ ချိန်ကြည့်ပြီးတော့ သင်ကြားပေးရမှာပေါ့။"

ဒီနှစ်သင်တန်းဆင်းပွဲမှာ သင်တန်းတက်ရောက်လာတဲ့ ဆရာ ဆရာမတွေက တေးသီချင်းတွေ၊ ရိုးရာအကတွေအပြင် ပညာပေး သရုပ်ဖော်ပြဇာတ်တခုကိုလည်း တင်ဆက်ခဲ့ပါတယ်။ သင်္ကန်းကျွန်မြို့နယ်က မိုးသောက်ပန်း ပညာရေးစင်တာမှာ ကျင်းပတဲ့ ဒီကနေ့သင်တန်းဆင်းပွဲ အခမ်းအနားကို သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်အမတ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG