သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂီရိမုန်တိုင်းဒဏ် မြေပုံမြို့နယ် အဆိုးဆုံးခံရ


ဂီရိမုန်တိုင်းဒဏ် မြေပုံမြို့နယ် အဆိုးဆုံးခံရ
ဂီရိမုန်တိုင်းဒဏ် မြေပုံမြို့နယ် အဆိုးဆုံးခံရ

မြန်မာပြည် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်သွားခဲ့တဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်း အပြီး ၄ ရက်ကြာတဲ့အထိ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ မြေပုံမြို့နယ်မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ မစနိုင်သေးပါဘူး။ ဒီနေ့မနက်ပိုင်းအထိ မြေပုံမြို့နယ်မှာ သေဆုံးသူ ၂၆ ဦးအထိ ရှိလာပြီး နောက်ထပ်လည်း တိုးလာနိုင်စရာ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ရခိုင်ပြည်နယ်ကို ဖြတ်သန်းခဲ့တဲ့ ဂီရိမုန်တိုင်းဟာ ကျောက်ဖြူ၊ စစ်တွေ၊ အမ်း၊ ရမ်းဗြဲ၊ မာန်အောင်၊ ပေါက်တော၊ မင်းပြား၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို တိုက်ခတ်ခဲ့ပြီး အဲဒီအထဲ ပျက်စီးဆုံးရှုံးမှု အများဆုံးက မြေပုံမြို့နယ် ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် မြေပုံမြို့နယ်မှာ ၉၀% နီးပါး ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) ရဲ့ မြေပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းက ဟန်းတားပင်လယ်အော် အနီးတဝိုက်က ရွာတွေ ဆိုးဆိုးရွားရွား ခံရတယ်လို့ ဆိုပါတယ်။

“မြေပုံအခြေအနေကတော့ တမြို့လုံးနီးပါးကို ပျက်စီးတယ်။ အကုန်လုံးရဲ့ အနေအထားက တချို့ရွာတွေဆို အိမ်ခြေ တလုံးမှ မရှိတော့ဘူး ဖြစ်သွားတယ်။ တရွာလုံးပေါင်းမှ အိမ်ခြေ ၂၀ လောက်ပဲ ကျန်တယ်။ အခုက ဘယ်လိုဖြစ်နေလဲ ဆိုတော့ နေစရာ အမိုးမရှိဘူး၊ စားစရာလည်း မရှိဘူး၊ အဲဒီအတိုင်း ဖြစ်သလိုပဲ နေရတယ်။ ရွာစဉ်တွေ ပျက်တာကတော့ အကုန်လုံးကို ပျက်နေတာ။ အခု လူအသေအပျောက် စာရင်းက ဘယ်လိုလုပ်ကြည့်မှာလဲ။ ရွာတွေဆို အကုန်လုံး ပြောင်သွားတာရှိတယ်၊ နေစရာကို မရှိဘူး။”

RNDP ပါတီက ဒီနေ့မနက်ပိုင်းအထိ ရထားတဲ့ စာရင်းအရ မြေပုံမြို့နယ်က ပြိုင်းချောင်း၊ ကြိုင်သာ၊ ကြာအင်းတောင်၊ အမြင့်ချောင်း အပါအဝင် ကျေးရွာ ၇ ရွာမှာ သေဆုံးသူ ၂၅ ဦးအထိ ရှိနေပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးတာတွေကြောင့် သေဆုံးသူ အများအပြား တိုးလာနိုင်တယ်လို့ သိရပါတယ်။

အလားတူပဲ ကျောက်ဖြူမြို့နယ် ငပသုံနဲ့ ကျွန်းသာယာရွာတွေမှာ ၁၀ ဦးနဲ့ ပေါက်တောမြို့နယ် အင်ကြင်းချိုင်ကျွန်းမှာ ၉ ဦး သေဆုံးတယ်လို့ RNDP ပါတီက ပြောပါတယ်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ အားလုံးနီးပါး ပျက်စီးသွားတယ်လို့လည်း ဦးအောင်ဝင်းက ဆက်ပြောပါတယ်။

“ဘာမှကို မကျန်ဘူး၊ ပုစွန်ကန်တွေ အကုန် ပျက်စီးတယ်။ စပါးတွေကတော့ သိတဲ့အတိုင်းပဲ အကုန်လုံး ရစရာကို မရှိဘူး။ အိမ်မှာ အမိုးအကာအောက် ထိုင်စရာနေရာ မရှိဘူး ဖြစ်နေတယ်။”

လောလောဆယ်တော့ ဒုက္ခသည်တွေဟာ ကုန်းမြင့်နဲ့ တောင်ကုန်းတွေမှာ ယာယီတဲထိုး နေနေကြပြီး အကူအညီပေးရေး အဖွဲ့တွေ မရောက်သေးတာကြောင့် နောက်ဆက်တွဲ ရောဂါတွေ ကူးစက်မှာကို စိုးရိမ်နေကြပါတယ်။

ရန်ကုန်အခြေစိုက် ရခိုင်သဟာယ အသင်းကတော့ အရေးပေါ် အကူအညီတွေ စတင်ပို့ပေးနေပြီလို့ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသာမြကျော်က ပြောပါတယ်။

“ကျောက်ဖြူမြို့ကို ဆန်အိတ်တွေ ပု့ိနေပါတယ်ခင်ဗျ၊ ကျောက်ဖြူမြို့ပေါ်ကိုပေါ့။ ကျနော်တို့ လောလောလတ်လတ် အရေးပေါ် စီစဉ်လို့ ရတာကတော့ ဆန်ပေါ့နော်။ နောက်ပိုင်းကျတော့ ဆေးဝါးပေါ့၊ ဆန်ရော ဆေးဝါးရော တွဲပြီးတော့ ပထမ အရေးပေါ် Emergency Relief အတွက်ပေါ့လေ၊ ဆေးဝါးနဲ့ ဆန်ကို နံပါတ်တစ် ဦးစားပေး အနေနဲ့ လုပ်ပါမယ်။ အဝတ်အထည်နဲ့ အမိုးအကာတို့ကတော့ နောက်ပိုင်းကိစ္စပေါ့။ ဆေးဝါးမှာလည်း ဝမ်းရောဂါနဲ့ ပတ်သက်တဲ့ ဆေးတွေ အဓိက ကြိုပြီးရောက်နိုင်အောင် စီစဉ်နေပါတယ်။”

လက်ရှိမှာတော့ အာဏာပိုင်တွေက မြေပုံမြို့နယ်က မုန်တိုင်းသင့် ကျေးရွာတရွာစီကို ဒယ်အိုးကြီး ၃ လုံးနဲ့ ဆန် ၅ အိတ်စီ လိုက်ဝေနေပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ ကျောက်ဖြူ အာဏာပိုင်တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ NGO တွေနဲ့ ညှိနှိုင်းနေပြီလို့ သိရပါတယ်။ ရခိုင်သဟာယ အသင်းကလည်း မြေပုံမြို့နယ် ကူညီပေးရေး အစီအစဉ်တွေ အခုချိန်ထိ မစနိုင်သေးပါဘူး။

“NGO နဲ့ ပတ်သက်တဲ့လူ တချို့တော့ ရောက်နေကြပါပြီ။ အဓိက ကျောက်ဖြူပေါ့။ ကျောက်ဖြူက နည်းနည်းလွယ်တဲ့အတွက် ကျောက်ဖြူကို ရောက်နေကြပါပြီ။ လူအနေနဲ့ ရောက်တာပေါ့လေ၊ ကယ်ဆယ်နိုင်တဲ့ အတိုင်းအတာကျတော့ ဘယ်လောက်ထိ ဖြစ်မယ်ဆိုတာ မသိသေးပါဘူးခင်ဗျ။ မြေပုံက အခုလောလောဆယ် ဆက်သွယ်ရတာ တော်တော်လေး ခက်သွားပါတယ်။ တာဝါတိုင်တွေ ဘာတွေ ကျိုးတယ် ဆိုပြီးတော့ သတင်းရတဲ့ အခါကျတော့၊ ဖုန်းကလည်း ဆက်သွယ်ရ ခက်တဲ့အခါကျ စစ်တွေကနေ လှမ်းပြီး လုပ်နိုင်သူတွေ လုပ်နေကြပါပြီ။ ကျနော်တို့အသင်း အနေနဲ့ကတော့ ဒီတပတ်ထဲ မြေပုံကို ရောက်အောင်သွားဖို့ အစီအစဉ် ရှိပါတယ်။”

စစ်အစိုးရကတော့ ဂီရိမုန်တိုင်းရဲ့ ပျက်စီးဆုံးရှုံးစာရင်းကို မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ ဒီနေ့ထုတ် သတင်းစာတွေမှာတော့ ဝန်ကြီး ဦးသိန်းဆွေ၊ ဦးမောင်မောင်ဆွေနဲ့ ဒု-ဝန်ကြီး ဦးဘုန်းဆွေတို့က ကျောက်ဖြူမြို့မှာ လေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတယ်လို့ ပါရှိပါတယ်။

XS
SM
MD
LG