အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံရတဲ့မြို့ဟာ ရခိုင်ပြည်နယ် မြေပုံမြို့နဲ့ ကျောက်ဖြူမြို့တွေ ဖြစ်ကြပြီး မုန်တိုင်းနောက်ပိုင်း အခုဆိုရင် ၀မ်းရောဂါတွေလည်း စပြီး ဖြစ်ပွားနေပြီလို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသူတွေက ပြောကြပါတယ်။ ထိခိုက် ပျက်စီးမှုတွေဟာ ထင်ထားတာထက် ပိုများနေတယ်လို့လည်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။ အမေရိကန်နဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကူညီရေး လုပ်ငန်းတွေလည်း စတင်နေပါပြီ။ နောက်ဆုံး သိထားရတဲ့ မုန်တိုင်းဒေသ အခြေအနေတွေကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
မုန်တိုင်းတိုက်ခတ်ခဲ့တာ ၆ ရက်ကြာခဲ့ပြီ ဆိုပေမဲ့ မုန်တိုင်းကြောင့် သေဆုံးရသူ အရေအတွက်ကို အခုချိန်အထိ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက သူတို့ပါတီဝင်တွေကို မုန်တိုင်းဒဏ် အပြင်းဆုံး ခံခဲ့ရတဲ့ မြေပုံမြို့နယ်ကို ကူညီကယ်ဆယ်ရေး လွှတ်ထားပါတယ်။ မုန်တိုင်းဒေသ တချို့မှာ အခု ၀မ်းရောဂါတွေ စဖြစ်နေပြီ ဆိုတဲ့အကြောင်းနဲ့ နောက်ဆုံးသိရတဲ့ အခြေအနေတွေကို ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရှင်းပြပါတယ်။
“အသေအပျောက်က ကျနော်တို့ကိုပေးတဲ့ စာရင်းအရ ၉၃ ဦး စာရင်းပေးပါတယ်။ မြေပုံမြို့နယ်က ရွာမှာ အလောင်း ၄၀ လောက် မျောနေပါတယ်။ ၂၆ ရက်၊ ၁၀ လပိုင်းကစပြီး တောင်ကြီးအင်း ကျေးရွာမှာ စပြီး ၀မ်းရောဂါ ဖြစ်တာတဲ့။ ဒီနေ့မနက်အထိ ၂ ဦး သေဆုံးပြီးပါပြီတဲ့။ ၀မ်းရောဂါက မြေပုံမြို့နယ်မှာရော၊ မင်းပြားမြို့နယ် တောင်ပိုင်းမှာရော စတင် ဖြစ်ပွားနေတဲ့သဘော ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က ဖြန့်ချိဖို့ ပေးလိုက်တဲ့ ဓာတ်ဆားထုပ်နဲ့ ရေသန့်ဘူးတွေကို စပြီး ပေးနေပါတယ်တဲ့၊ သူတို့ ပြောပြတဲ့ သတင်းအရ သိရတာပါ။”
မုန်တိုင်းဒဏ်ကြောင့် မြေပုံမြို့ဟာ ၉၀% လောက် ပျက်စီးသွားခဲ့ပြီး ကျောက်ဖြူမြို့ကတော့ ၇၀% လောက် ပျက်စီးခဲ့ရပါတယ်။ ထိခိုက်ပျက်စီးမှုတွေက ထင်ထားတာထက် ပိုများနေတဲ့ သဘောပဲလို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။
“ရရှိတဲ့ သတင်းတွေ အရတော့ ထင်တာထက် ပိုပြီးတော့ အပျက်အစီး များမယ်လို့ နားလည်ထားပါတယ်။ ဒီဒေသကိုက လမ်းပန်းဆက်သွယ်ရေး ခက်တယ်။ အဲဒီကျွန်းတွေကို ရောက်ရှိဖို့က ရေလမ်းခရီးက လွဲပြီးတော့ ဘာမှ မရှိဘူး။ အမ်းဘက်က သွားမယ်ဆိုရင်လည်း ၃၆ နာရီလောက် ကြာတယ်လို့ ကျနော်တို့ သိထားပါတယ်။ ပစ္စည်းပို့ဖို့အတွက် အခက်အခဲတော့ အများကြီး ရှိပါတယ်။ ဘယ်လိုပို့မယ် ဆိုတဲ့ဟာကို အစီအစဉ်ချဖို့ ဒီမှာ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အုပ်စုလေး ဒီမှာ ဖွဲ့ထားပြီး တိုင်ပင်ပြီး အတတ်နိုင်ဆုံး သူတို့ လုပ်နေကြပါတယ်။”
မြန်မာပြည်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေကလည်း မုန်တိုင်းဒေသ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် လုပ်ဆောင်မှုတွေ စတင်နေပြီ ဖြစ်တဲ့အကြောင်း၊ မုန်တိုင်းဒဏ် ခံရသူတွေ ၁၇၇,၀၀၀ လောက်ရှိပြီး အဲဒီအထဲက လူ ၁၀,၀၀၀ လောက်က စိုးရိမ်ရတဲ့ ထိခိုက်မှုတွေ ခံစားနေရတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ရန်ကုန် ကုလသမဂ္ဂရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်တွင်းနဲ့ နိုင်ငံတကာက အကူအညီတွေလည်း မုန်တိုင်းခံရတဲ့ ပြည်သူတွေအတွက် လိုအပ်နေလို့ ၀ိုင်းပြီး ပေးကြဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ် အပြင်းဆုံး ခံခဲ့ရတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အနည်းဆုံး တလလောက် နောက်ကို ရွှေ့ဆိုင်းပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရွေးကောက်ပွဲ ကော်မရှင်ဆီ ဒီကနေ့ပဲ တောင်းဆိုထားတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရှင်းပြပါတယ်။
“ကျနော်တို့ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ် ရှိပါတယ်။ မုန်တိုင်းဒဏ်ကို ခံရတာက ၆ မြို့နယ်ပါ။ ကျနော်တို့ပါတီက ဒီနေ့ပဲ စာတစောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပို့ပါတယ်။ အဲဒါက ရခိုင်ပြည်သူလူထုရဲ့ လက်တွေ့ခံစားနေရတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း အခြေအနေအရ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်က ပြည်သူလူထုရဲ့ ဆန္ဒ အစစ်အမှန်ကို ရွေးကောက်ပွဲ လွှတ်တော် အဆင့်ဆင့်က ရရှိဖို့ ဆန္ဒအမှန်ကို ပေးဖို့ မလွယ်ဘူးဆိုတဲ့ ကာလသဘောထားလေးမှာ ပြန်လည်တည်ဆောက်တဲ့ ကာလတခုအဖြစ် အနားပေးသင့်တယ် ဆိုတဲ့ သဘောပါ။ ကျနော်တို့က အနည်းဆုံး တလလောက်ကို ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေပုဒ်မ ၈(စ) အရ လုပ်ပေးပါလို့ ကျနော်တို့က တင်ပြထားပါတယ်။”
မြန်မာပြည်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း မုန်တိုင်း ဒုက္ခသည်တွေကို ဒေါ်လာ ၁၀၀,၀၀၀ နဲ့ ညီမျှတဲ့ အထောက်အပံ့ ပစ္စည်းတွေနဲ့ အမိုးအကာတွေကို ပေးပို့ ကူညီထားတယ်လို့ မနေ့တုန်းက ကြေညာချက်ထုတ်တဲ့ အထဲမှာ ဖော်ပြထားပါတယ်။ ဆက်ပြီး အကူအညီတွေ ပေးဖို့ကိုလည်း ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း မုန်တိုင်းဒဏ် ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ အထူး ၀မ်းနည်းမိတဲ့အကြောင်း မနေ့တုန်းက ပြောခဲ့ပါတယ်။
မုန်တိုင်းဒဏ် အပြင်းဆုံး ခံခဲ့ရတဲ့ မြေပုံမြို့နယ်မှာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ INGO အဖွဲ့ ၃ ဖွဲ့နဲ့ မြန်မာ NGO အဖွဲ့ ၃ ဖွဲ့တို့ လောလောဆယ် ရောက်နေကြပါပြီ။ ဒေသခံတွေနဲ့ အာဏာပိုင်တွေကလည်း ၀ိုင်းပြီး ကူညီနေကြတယ် ဆိုပေမဲ့ အပျက်အစီးက များတဲ့အတွက် ကူညီကယ်ဆယ်မှုတွေ အခုထက်ပိုပြီး လိုအပ်နေတုန်းပဲလို့ မြေပုံမြို့နယ်မှာ ရောက်နေကြတဲ့ ကူညီရေး လုပ်ဆောင်နေကြတဲ့ သူတွေက ပြောနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲ ကာလတုန်းကလည်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ် ၄၇ မြို့နယ်မှာ ဆန္ဒခံယူပွဲ မဲပေးတဲ့ရက်ကို အချိန် ၂ ပတ် ရွှေ့ဆိုင်းခဲ့ပါတယ်။