သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာအတွက်အန္တရာယ်များ၊ တရုတ်စီးပွားရေးအလားအလာနဲ့ ယူရိုဇုံအခြေအနေ


စီးပွားရေးအားနည်းတာနဲ့ သဘာ၀ ပတ်ဝန်းကျင်ရေးရာ အကျပ်အတည်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် တွေထဲ ထိပ်ဆုံးမှာရှိနေတယ်ဆိုတာကို ဂျီနီဗာအခြေစိုက် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF က ထုတ်ပြန်လိုက်တဲ့ လေ့လာချက် အသစ်တခုမှာ ဖော်ပြထားပါတယ်။ ဒီလိုအခြေအနေအောက်မှာပဲ ဒီနှစ်အတွက် တရုတ်နိုင်ငံရဲ့ စီးပွားရေးအလားအလာကို စီးပွားရေးဆိုင်ရာ ထိပ်တန်းပညာရှင်တွေက အကောင်းမြင်ထားပါတယ်။ ဒါပေမဲ့လည်း ယူရိုငွေကြေးကိုသုံးစွဲတဲ့ ဥရောပ ၁၇ နိုင်ငံအတွက်တော့ ၂၀၁၃ ခုနှစ်အတွင်း ကောင်းမွန်လာဖို့အလားအလာ မှေးမှိန်နေပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို စုစည်းပြီးတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ပြထားပါတယ်။

ကမ္ဘာကြီးမှာ အန္တရာယ်တွေ ပိုပြီးကျရောက်ဖို့ အလားအလာရှိနေတယ်ဆိုတာကို ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ Global Risks 2013 ၂၀၁၃ ခုနှစ်အတွက် တကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အလားအလာများ ဆိုတဲ့အစီရင်ခံစာက သတိပေးထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ စီးပွားရေးအားနည်းမှု တာရှည်လာနေတာက နိုင်ငံတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ စိန်ခေါ် မှုတွေကို ကိုင်တွယ်နိုင်စွမ်းအပေါ် ထိခိုက်လာစေလို့ပါပဲ။ ဝင်ငွေမညီမျှတဲ့အခြေအနေက ဆိုးရွားလွန်းတာနဲ့ နာတာရှည်လို ဖြစ် နေတဲ့ ဝင်ငွေ ထွက်ငွေ မမျှတတဲ့အခြေအနေတွေကို အကျယ်ပြန့်ဆုံး အန္တရာယ်နှစ်ရပ်အဖြစ် အစီရင်ခံစာက ထောက်ပြထား ပါတယ်။

ပတ်ဝန်းကျင်ရေးရာဆိုင်ရာ အန္တရာယ်တွေကနေ အနာဂတ်မှာ ကျရောက်လာမယ့် တကယ့်အစစ်အမှန် ခြိမ်းခြောက်မှုတွေ အပေါ် အာရုံစိုက်မှုမရှိသလောက်ပဲလို့ အစီရင်ခံစာရဲ့အယ်ဒီတာ Lee Howell က ဗွီအိုအေကိုပြောပါတယ်။ စီးပွားရေး နှေးကွေးတာနဲ့ အသုံးစရိတ် လိုငွေပြတာတွေကြောင့် အဲဒီပြဿနာတွေကို ကိုင်တွယ်ဖို့ နိုင်ငံတွေဟာ တွန့်ဆုတ်ကြတယ်လို့ သူကပြောပါတယ်။

“ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေ မကြာခန ပိုပြီးဖြစ်လာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုက တကယ့်ကို ပိုတိုးလာနေတာပါ။ ရာသီဥတုပြောင်းလဲမှုအတွက် ပြင်ဆင်ဖို့ ပျက်ကွက်တာက တကယ့်ကို ပြဿနာဖြစ်လာနေ တာပါ။ ဘာကြောင့်လည်းဆိုတော့ လက်ငင်း စီးပွားရေးပြဿနာတွေကိုပဲ ကျနော်တို့က အရမ်း စိုးရိမ်နေတာကြောင့်ဖြစ်ပါ တယ်။ ရာသီဥတုဆိုင်ရာကိစ္စရပ်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ဆိုရင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့လိုပါတယ်၊ အခြေခံ အဆောက်အအုံကို တကယ့်ကို တည်ဆောက်ဖို့လိုပါတယ်။”

ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေကြောင့် ပျက်စီး ဆုံးရှုံးသွားတာတွေကို ပြန်တည်ဆောက်ရတာဟာ ငွေကုန်ကြေးကျ များလှတယ်လို့ Howell က ပြောပါတယ်။ အဲဒီငွေဟာ အခုလို ဆိုးဆိုးရွားရွား ခြိုးခြံချွေတာနေရတဲ့ ကာလမျိုးမှာ ရဖို့ ခက်လှပါ တယ်။

အစီရင်ခံစာအတွက် စစ်တမ်းကောက်ယူခဲ့သူတွေထဲမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအပေါ် ငယ်ရွယ်သူတွေဟာ လူကြီးတွေ ထက် ပိုပြီးစိုးရိမ်တယ်ဆိုတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အဆိုးဘက်ကို ပိုတွေးကြပါတယ်။ အန္တရာယ် ကျရောက်နိုင်ခြေနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ အမြင်အနေနဲ့ဆိုရင်တော့ မြောက်အမေရိကတိုက်က ပတ်ဝန်းကျင် ရေးရာ ပညာရှင်တွေဟာ တခြားဒေသတွေက လူတွေထက် ပိုပြီး လက်ခံထားကြပုံရပါတယ်။

ကမ္ဘာကြီးမှာ အန္တရာယ်ကျရောက်နိုင်တဲ့ အလားအလာတွေ များနေချိန် တရုတ်နိုင်ငံရဲ့ စီးပွားရေးအလားအလာနဲ့ ပတ်သက်ပြီး ထိပ်တန်း ကျွမ်းကျင်သူအများအပြားက အကောင်းမြင်ထားကြပါတယ်။ နယူးယောက် အစုရှယ်ယာဈေးကွက်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ တရုတ်စီးပွားရေးပညာရှင် အများအပြားက ၂၀၁၃ ခုနှစ် တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းတဲ့ ၈% ကနေ ၈.၅% အထိဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

ဒီထဲမှာ ပီကင်းတက္ကသိုလ်၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကျောင်းက ပါမောက္ခ၊ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးပညာရှင်ချုပ်ဟောင်း Justin Yifu Lin လည်း အပါအဝင်ပါ။

“အားကောင်းတဲ့ စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းဖို့ တရုတ်မှာ ကြီးမားတဲ့အလားအလာရှိနေပါတယ်။ ဒါပေမဲ့ လည်း ဖွံ့ဖြိုးဆဲနိုင်ငံတခု၊ အသွင်ကူးပြောင်းဆဲ စီးပွားရေးတခုအနေနဲ့ အဲဒီအလားအလာအတိုင်းဖြစ်လာဖို့ စိန်ခေါ်မှု အများအပြားကို သေချာပေါက် ရင်ဆိုင်ရပါမယ်။ တရုတ်ခေါင်းဆောင်မှုဟာ အဲဒီစိန်ခေါ်မှုတွေကို နားလည်တယ်လို့ ကျနော် ယုံကြည်ပါတယ်။”

တရုတ်ခေါင်းဆောင်တွေ ရင်ဆိုင်ရမယ့် စီးပွားရေးဆိုင်ရာ အဓိက စိန်ခေါ်မှုတွေကတော့ ဝင်ငွေမညီမျှတာနဲ့ အကျင့်ပျက် ခြစား တဲ့ကိစ္စတွေဖြစ်တယ်လို့ ပါမောက္ခ Lin က ပြောပါတယ်။ အဲဒီကိစ္စတွေ ပေါင်းလိုက်ရင် လူမှုအမျက်ဒေါသမျိုးစုံ ပေါက်ကွဲ ထွက်လာနိုင်တယ်လို့ သူက သတိပေးပါတယ်။

တရုတ်စီးပွားရေးဟာ နိမ့်ကျတဲ့ ဝင်ငွေ ထွက်ငွေ တိုးတက်မှုနှုန်း၊ နိမ့်ကျတဲ့ ငွေဖောင်းပွမှုနှုန်းတွေနဲ့အတူ ၂၀၁၃ ခုနှစ်ထဲကို အခြေအနေကောင်းတခုနဲ့ ဝင်သွားတယ်လို့ ဆွေးနွေးပွဲမှာပါဝင်သူ နောက်တဦးဖြစ်တဲ့ တရုတ်အပြည်ပြည်ဆိုင်ရာ Capital Corporation ရဲ့ မဟာဗျူဟာမှူးချုပ် Huang Haizhou က မြင်ပါတယ်။

တခြား ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေးဟာ ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ တရုတ်စီးပွားရေးဟာ ဆက်ပြီး ခိုင်မာ နေမှာပါလို့ Huang က ခန့်မှန်းပါတယ်။

Capital Corporation ရဲ့ မဟာဗျူဟာမှူးချုပ် Huang Haizhou ပြောတဲ့ တခြား ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေးက ကျဆင်းမှုနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ ဆိုတဲ့စကားဟာ ယူရိုငွေကြေးကို သုံးစွဲတဲ့ ဥရောပ ၁၇ နိုင်ငံအတွက် အထူးသဖြင့် မှန်နေတယ်လို့ ဆိုရမလားပါပဲ။

ယူရိုဇုံရဲ့ နိုဝင်ဘာလအတွက် အလုပ်လက်မဲ့နှုန်းဟာ အမြင့်မားဆုံးထိ ရောက်သွားတယ်ဆိုတာကို နောက်ဆုံးထွက်လာတဲ့ ကိန်းဂဏန်းတွေက ပြလိုက်တာနဲ့အတူ ၂၀၁၃ ခုနှစ်ကို သိပ်မကောင်းလှတဲ့ အလားအလာနဲ့ စတင်လိုက်ပါတယ်။

ယူရိုဇုံရဲ့ နိုဝင်ဘာလ အလုပ်လက်မဲ့နှုန်းဟာ ၁၁ ဒဿမ ၈ ရာခိုင်နှုန်းအထိ စံချိန်တင် တက်သွားတယ်ဆိုတာကို Eurostat အဖွဲ့ကထုတ်ပြန်တဲ့ ကိန်းဂဏန်းမှာ တွေ့ရတာပါ။ ဒါဟာဖြင့် အောက်တိုဘာလကထက်စာရင် သုည ဒဿမ တစ်ရာခိုင်နှုန်း၊ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကထက်စာရင် တစ်ရာခိုင်နှုန်းကျော် တက်သွားတာပါပဲ။

၂၀၁၃ ခုနှစ်ဟာ ယူရိုဇုံအတွက် ခက်ခဲတဲ့ နောက်ထပ် နှစ်တနှစ်ဖြစ်လိမ့်မယ်လို့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် တတ်သိပညာရှင်အဖွဲ့ Bruegel က ဒုတိယညွှန်ကြားရေးမှူး Guntram Wolff ကပြောပါတယ်။

“စီးပွားရေးအကျပ်အတည်း ဆက်ရှိနေဦးမယ်ဆိုတာကို ဒီအချက်က ရှင်းရှင်းလင်းလင်း ပြောလိုက်တယ်လို့ ကျနော်ထင်ပါတယ်။ အလုပ်လက်မဲ့ကိစ္စ၊ စီးပွားရေးလည်ပတ်မှုအခြေအနေ၊ အထွေထွေစီးပွားရေး အလားအလာတွေမှာ ပြဿနာကြီး ရှိနေသေးတယ်ဆိုတာက သိပ် သေချာပါတယ်။”

ဥရောပ ၁၇ နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ဒီနှစ်မှာ ဆက်တက်လိမ့်ဦးမယ်လို့ ေ့လလာသူတချို့က ခန့်မှန်းထားတာကြောင့် ယူရိုဇုံရဲ့ ပြဿနာတွေ ပြေလည်သွားမယ့်အရေးကတော့ အလှမ်းဝေးနေပါသေးတယ်။

တကမ္ဘာလုံးအနေနဲ့ အတူလက်တွဲပြီး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ပြည့်နှက်နေပြီး တနိုင်ငံချင်းစီမှာလည်း သီးခြားစိန်ခေါ်မှု အများအပြားရှိနေတဲ့ ဒီနေ့လိုအချိန်ကာလမှာ ကမ္ဘာ့ခေါင်းဆောင်တွေရော ကမ္ဘာသူကမ္ဘာသားတွေပါ အမြော်အမြင်ကြီးမားစွာ အဖြေရှာကြမှသာလျှင် နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် သာယာပျော်ရွှင်ဖွယ် ကမ္ဘာကြီးအဖြစ် အမွေအနှစ် ချန်ထားနိုင်ရစ်ခဲ့မှာပါဆိုတာကို တင်ပြရင်း ဒီကနေ့အစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG