သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ AI တောင်းဆို


(Credit: AI Website)
(Credit: AI Website)

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် တလတိတိ အလိုဖြစ်တဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာပဲ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထား တဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာအာဏာပိုင်တွေဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးထောင်ချပြီး နှိမ်နင်းနေတာ တွေ့ရတဲ့အတွက် ဒါတွေကို ရပ်ဆိုင်းပေးဖို့ Amnesty International အဖွဲ့ကြီးက မြန်မာအစိုးရကို တောင်းဆိုလိုက်တာပါ။ အခု အဖမ်းခံနေရသူတွေဟာ မြန်မာ့အနာဂတ်ကို ပုံဖော်ရာမှာ သိပ်ကို အရေးပါတာမို့ အခုလို တောင်းဆိုရတာလို့ Amnesty International အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Laura Haigh က ဗွီအိုအေကို ပြောပါတယ်။

“နိုဝင်ဘာလမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ တကယ့်ကြီးမားတဲ့ မှတ်တိုင်တရပ်ကို စိုက်ထူတော့မှာ ဖြစ်သလို ဒါဟာ မြန်မာ့အနာဂတ် ပုံဖော်ရာမှာ သိပ်ကို အရေးပါပါတယ်။ တချိန်ထဲမှာပဲ လူ့အခွင့်အရေး လုပ်နေသူတွေနဲ့ သူတို့အတွက် လိုက်ပါဆောင်ရွက် ပေးနေသူတွေဟာလည်း မြန်မာ့အနာဂတ်ကို ပုံဖော်ရာမှာ သိပ်ကို အရေးပါသူတွေပါ။ တကယ်လု့ိ သူတို့တွေ ထောင်ထဲကို ရောက်နေမယ်ဆိုရင် ဒီအခွင့်အရေးကို သူတို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။ သူတို့လုပ်ရပ်တွေအတွက် အဖမ်းခံရ၊ ထောင်အချ ခံနေရမယ်ဆိုရင် သူတို့ ဘာမှလုပ်နိုင်မှာ မဟုတ်တဲ့အတွက် အစိုးရအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးလှုပ်ရှားခွင့်တွေကို လေးစားဖို့ လိုသလို မကြာသေးခင်က ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း အမြန် ပြန်လွှတ်ပေးဖို့ လိုပါတယ်။”

ဒီလို အဖမ်းဆီးခံနေရမယ်ဆိုရင် ပြည်သူအားလုံးရဲ့ အသံကို ဒီရွေးကောက်ပွဲက ထင်ဟပ်စေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ အခု လက်ရှို နိုင်ငံရေးအကျဉ်းသား ၉၁ ယောက်ထက်မနဲ ရှိနေပါတယ်။ ဒီ့ထက်လည်း ပိုပြီး များနိုင်ပါတယ်။ ဒီအထဲမှာ ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဖြိုးဖြိုးအောင်လို လူတွေ ပါနေပါတယ်။ သူမဟာ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမှာ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုသူတွေကို ရဲက အကြမ်းဖက် နှိမ်နင်းရင်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့သူကို ထောင်ဒဏ် ၉ နှစ် ချထားတာ ခံနေရတာပါ။ ဒါ့အပြင် အင်းစိန်ထောင်ထဲမှာလည်း လူ့အခွင့်အရေး တောင်းဆိုဆန္ဒပြသူ နော်အုံးလှ အဖမ်းခံနေပါတယ်။”

တက်ကြွလှုပ်ရှားသူ အများစုဟာ ဖိနှိပ်မှုတွေ အခုထိ ခံနေကြရဆဲဖြစ်ပြီး၊ နောက်ယောင်ခံ အလိုက်ခံရတာ၊ အစည်းအဝေးတက်ရင် ဓါတ်ပုံရိုက်ယူသွားတာနဲ့ အိမ်တွေ အလုပ်ဌာနတွေမှာ ညအချိန် ဝင်အရှာခံရတာလို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာတွေအပြင် မိသားစုဝင်တွေပါ အခြိမ်းခြောက်ခံရတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာအာဏာပိုင်တွေဟာ အစိုးရကို ဝေဖန်သူတွေကို ဖမ်းဆီးထောင်ချနိုင်အောင် တရားမဝင် စုဝေးမှု၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမှု၊ ဘာသာရေး စော်ကားမှုလိုမျိုး ဥပဒေတွေ အမျိုးမျိုး ထုတ်ထားပြီး ဒီဥပဒေတွေနဲ့ အပြစ်ပေးနေတာမျိုးလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှု တခုမှ မလုပ်ဖူးလို့ ပြောနေတာမို့ Amnesty International အဖွဲ့က အခုလို တောင်းဆိုနေရတာလို့ မြန်မာ့အရေး သုတေသီ Laura Haigh က ပြောပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေအတွက် ဖမ်းဆီးထားသူ တယောက်မှ မရှိဘူးလို့ အစိုးရက ပြောပါတယ်။ ဒါဟာ တကယ်တော့ ညာတာပါ။ တကယ်ဆို အစိုးရက လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှှုတွေ လုပ်ပါ့မယ်လို့ ကတိပေးထားပြီး ရွေးကောက်ပွဲကျင်းပပေးဖို့ လုပ်နေတဲ့အချိန်မို့ အခုလို ကိုယ့်ယုံကြည်မှုအတွက် ကိုယ်ထုတ်ဖော် ပြောဆိုသူတွေရဲ့ ရပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ဖမ်းဆီးမထားဘဲ လွှတ်ပေးရမှာ ဖြစ်ပါတယ်။”

ဖမ်းဆီး အထိန်းသိမ်းခံနေရတဲ့ ကျောင်းသားကျောင်းသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လာမယ့် အောက်တိုဘာလ ၁၅ ရက်မတိုင်ခင် ပြန်လွှတ်ပေးဖို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG