မြေရှားသတ္တု အများအပြား တူးဖော်ထုတ်လုပ်နေတဲ့ တရုတ်နယ်စပ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မကြာသေးခင်က သိမ်းယူလိုက်လို့ မြေရှားတူးဖော်မှုက ရပ်တန့်သွားပေမဲ့ ရွှေလုပ်ငန်းတွေ အလွန်အကျွံ များလာနေတဲ့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ စိုးရိမ်နေပါတယ်။ လူနေရပ်ကွက်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာနေတာကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုတွေ ပိုဆိုးလာနေတယ်လို့လည်း သတိပေးနေကြတာပါ။ အထိန်းအကွပ်မရှိ ရွှေတူးဖော်နေတဲ့အတွက် ကချင်ပြည်နယ်ထဲ သဘာဝပတ်ဝန်းကျင်ပျက်စီးထိခိုက်နေတဲ့အခြေအနေ ရန်ကုန်သတင်းပေးပို့ထားပါတယ်။
အထိန်းအကွပ်မရှိ ရွှေတူးဖော်မှုတွေကြောင့် ကချင်ပြည်အနှံ့မှာ သစ်တောပြုန်းတီးတာ၊ မြေဆီလွှာပျက်စီးတာနဲ့ သောက်သုံးရေ အဆိပ်သင့်တာတွေ ဖြစ်ပွားနေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ပြောပါတယ်။ မြစ်တွေ၊ တောင်ကုန်းတွေနဲ့ လူနေရပ်ကွက်ထဲပါမချန် နေရာအနှံ့မှာ တူးဖော်နေကြတာပါ။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန်တဝိုက် ရေဝေရေလဲနေရာတွေမှာ စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြပါတယ်။ ဒီနေရာက ကမ္ဘာ့အရေးပါတဲ့ ရမ်ဆာ ရေတိမ်ဒေသ (Ramsar Site) အဖြစ် ၂၀၁၆တုန်းက ထည့်သွင်းခံထားရတာပါ။ ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ကြောင်း တလျှောက်မှာလည်း ရွှေတူးဖော်နေတဲ့ ဖောင်တွေ အများအပြားရှိနေပါတယ်။ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမူလုံကျေးရွာမှာတော့ ရွှေလုပ်ငန်းတွေက တဧကကို ကျပ်သိန်း၃၀၀ပေးပြီး မြေတွေလိုက်ဝယ်ကြပါတယ်။ အဲဒီနောက် စိုက်ပျိုးခြံနေရာတွေမှာ ရွှေကို ရှာဖွေကြပါတယ်။
ဒါတွေအားလုံးက စစ်ကောင်စီခန့်ထားတဲ့ ကချင်ပြည်နယ်ဝန်ကြီး ဦးခက်ထိန်နန်နဲ့ ပတ်သက်မှုတွေ ရှိနေတယ်လို့ တချို့က ပြောပါတယ်။ ဦးခက်ထိန်နန်နဲ့ မိသားစုဝင်တဦး ပိုင်ဆိုင်တဲ့ Jade Land ကုမ္ပဏီဟာ ရွှေတူးဖော်တာတွေကို အကြီးအကျယ် လုပ်ကိုင်နေတယ်လို့ Myanmar Resource Watch အဖွဲ့က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
ပူတာအိုခရိုင်ထဲက အခြေအနေကို ကချင်သဘာဝပတ်ဝန်းကျင်အဖွဲ့ KEG ရဲ့ ဒုတိယ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပြပါတယ်။
"အခု ပိုပြီးhotဖြစ်နေတာက ကောင်းမူလုံနားက နမ်ဘူယန်ရွာပေါ့ အဲဒီမှာ စစ်ကောင်စီက ခွင့်ပေးပြီးတော့ မြေဧကတွေကိုဝယ်ပြီး တူးနေတဲ့ဟာပေါ့။ ခွင့်ပြုထားတာကို ကြားသိရတယ်။ မြေတွေဝယ်တာက နေဖို့ထက် ရွှေတူးဖို့အတွက်ပဲ ဖြစ်နေတာပေါ့။ လူတွေကလည်း တခြားသော စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ရန် ခက်ခဲတာရယ် တခြားအခွင့်လမ်းလည်း မရှိနေတော့ သယံဇာတကိုပဲ မှီခိုပြီးတော့မှ စားဝတ်နေရေးကို ဖြေရှင်းတာပေါ့။"
မြေရှားသတ္တုကို အများအပြား တူးဖော်ထုတ်လုပ်နေတဲ့ တရုတ်နယ်စပ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မကြာသေးခင်က သိမ်းယူခဲ့ပါတယ်။ ပတ်ဝန်းကျင်ကို ထိခိုက်၊ ပျက်စီးစေတဲ့ မြေရှားတူးဖော်တွေလည်း ရပ်ဆိုင်းသွားပါတယ်။ ရွှေနဲ့ကျောက်စိမ်း တူးဖော်တာတွေကတော့ စစ်ကောင်စီ တစိတ်တပိုင်း ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ရှိနေတုန်း ဖြစ်ပါတယ်။
ဒေသခံတွေကတော့ သူတို့မြေတွေကို ရွှေလုပ်ငန်းတွေဆီကို ရောင်းချပြီး စစ်မဖြစ်တဲ့ နေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ ဒေသခံတဦးက အခုလိုပြောပြပါတယ်။
"စစ်အာဏာသိမ်းမှုကြောင့် ဘဝတွေက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားတဲ့ဟာပေါ့။ ဒေသခံတွေက နယ်မြေ၊ အိမ်ခြံမြေ အကုန်စွန့်လွှတ်ရတယ်၊ ဖယ်ရတယ်၊ ရောင်းစားရတာပေါ့။ တူးလာတဲ့အချိန်မှာ တချို့ကြတော့လည်း သူတို့အိမ်ပဲ ကျန်တော့မှာလေနော့ တူးရင်းတူးရင်းနဲ့ဆိုရင် အဲဒီဟာတွေက မရောင်းချင်ဘဲ ရောင်းလိုက်ရတယ်။ အိမ်လည်းပျောက်၊ မြေလည်းပျောက်၊ ဘဝလည်းဆုံး။ ရွှေတူးတာဖြစ်ဖြစ် ကျောက်တူးတာဖြစ်ဖြစ် နောက်ဆက်တွဲပြဿနာက မိသားစုတွေ တစုတစည်း မနေရတော့တာတွေ၊ မူးယစ်ဆေးဝါး ပြဿနာနဲ့ လူမှုရေးပြဿနာတွေ ရောပေါ့နော်။ အဆိုးရွားဆုံးကတော့ မြေပြိုတဲ့ကိစ္စတွေ ဖြစ်တာပေါ့နော်။"
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဗွီအိုအေက ဆက်သွယ်ထားဆဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေကတော့ ကချင်ပြည်နယ်အနှံ့ သတ္တုတူးဖော်မှုတွေကြောင့် ဧရာဝတီမြစ်ကို မှီခိုနေရတဲ့ လူမှုဘဝတွေ ခြိမ်းခြောက်ခံနေရတာကို သတိပေးနေပါတယ်။
Forum