သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယုံကြည်မှု တည်ဆောက်ရေး မြန်မာအစိုးရနဲ့ KIO ဆွေးနွေးမည်


အောက်တိုဘာလ ၁၀၊ ၂၀၁၃ ခုနှစ်က ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ မြစ်ကြီးနားမြို့မှာတွေ့ဆုံကြစဉ်။
အောက်တိုဘာလ ၁၀၊ ၂၀၁၃ ခုနှစ်က ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ မြစ်ကြီးနားမြို့မှာတွေ့ဆုံကြစဉ်။
အပစ်အခတ်ရပ်စဲရေး၊ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်ရေးနဲ့ပတ်သက်လို့ သုံးသပ်ဆွေးနွေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမှာ မကြာခင် တွေ့ဆုံဖို့ ရှိပါတယ်။ KIO ဘက်က နှစ်ဖက်ဆွေးနွေးရေးကမ်းလှမ်းချက်ကို မြန်မာအစိုးရဘက်ကလည်း တုံ့ပြန်လိုက်တာပါ။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေနဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ ဘာကြောင့် ကမ်းလှမ်းခဲ့ရသလဲဆိုတာကိုတော့ ကေအိုင်အိုအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်ရေးမှူးတဦးဖြစ်သူ ဦးဒေါင်ခါးက ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

“ကျနော်တို့ KIO ကျတော့ ဝန်ကြီးဦးအောင်မင်းအနေနဲ့ စဆွေးနွေးတဲ့အချိန်မှာ၊ ၁ နှစ်ပြည့်တဲ့အချိန်မှာ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ပါတယ်။ အခု ဒီတခေါက်ရဲ့ကမ်းလှမ်းချက်ဟာ Review on the Process ပဲ။ KIO ကျတော့ ၂ ရက်နေ့ကို ကမ်းလှမ်းထားတယ်။ ဒါပေမယ့် အစိုးရဘက်ကနေ အကြောင်းကြောင်းကြောင့် ၁၃ ရက်နေ့ကို ပြန်ကမ်းလှမ်းတယ်။ အဲဒီအပေါ်မှာ အတည်မပြုရသေးဘူး။ ဒီကနေ့မှ အစည်းအဝေးလုပ်နေတယ်ဆိုတော့ ဗဟိုဌာနချုပ်က အစည်းအဝေးဆုံးဖြတ်ချက်ကို ကျနော် မသိရသေးဘူး။”

ကေအိုင်အိုဘက်က ကမ်းလှမ်းတဲ့စာကို ဧပြီလ (၂၉) ရက်နေ့က လက်ခံရရှိခဲ့ပြီး မနေ့ကအကြောင်းပြန်ကြားခဲ့တယ်လို့ အစိုးရရဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ရဲ့ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကပဲ ဝန်ကြီးဦးအောင်မင်းက KIO နဲ့ ရက်ညှိနှိုင်းအနေနဲ့ ကျနော်တို့ စာပြန်ထားပါတယ်ခင်ဗျ။ ဝန်ကြီးအနေနဲ့တော့ ၁၀ ရက်နေ့မှာတော့ ကျနော်တို့ ဒီဘက်မှာ အာဆီယံ summit တွေ ရှိတဲ့အတွက် ၁၂ ရက်နေ့နောက်ပိုင်းကို ပြန်ပြီးတော့ ကမ်းလှမ်းထားပါတယ်ခင်ဗျ။ အဲဒါကို ကေအိုင်အိုဘက်က အကြောင်းပြန်တာကို ဝန်ကြီးဦးအောင်မင်း စောင့်နေပါတယ်။”

KIO ဘက်ကလည်း တဖက်နဲ့တဖက်ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားကြောင်း ဦးဒေါင်ခါးက ပြောပါတယ်။

“ဝန်ကြီးဦးအောင်မင်းနဲ့ ဆွေးနွေးနေတာက ၁ နှစ်ပြည့်သွားပါပြီ။ ဆိုတော့ နှစ်နှစ်ပြည့်သွားပေမယ့်လည်း ကျနော်တို့ကြားထဲမှာ ယုံကြည်မှုတည်ဆောက်တဲ့အပိုင်း၊ ပြီးရင် အောက်ခြေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ဟာတွေ အစစအရာရာကို ပြန်လည်သုံးသပ်ဖို့အတွက်ပါ။ မေ ၁၀ ရက်နေ့ဟာ မြစ်ကြီးနားမှာ အစည်းအဝေးလုပ်တာ ၁ နှစ်ပြည့်သွားပြီ။ အဲဒီအပေါ်မှာ အခြေခံပြီး ကမ်းလှမ်းခြင်းဖြစ်ပါတယ်။”

အခုလာမယ့် ေမေလ (၁၉) နဲ့ (၂၀) မှာ မြန်မာ့ငြိမ်းချမ်းရေးစင်တာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နဲ့ သဘောတူစာချုပ်ချုပ်နိုင်ဖို့၊ ဆွေးနွေးပွဲကျင်းပဖို့ နှစ်ဘက် သဘောတူညီချက်ရထားပြီးပြီလို့လည်း ဦးလှမောင်ရွှေကပြောပါတယ်။ မြန်မာအစိုးရဘက်ကတော့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲတွေဖြစ်မြောက်အောင် ဆက်လက် အကောင်အထည်ဖေါ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ၂၀၁၁ ခုမှာ ပဋိပက္ခတွေ ပြန်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရှေ့မှာလည်း ဒု-ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်တို့၊ ဥက္ကဋ္ဌ ဦးအောင်သောင်းတို့လည်း အစောပိုင်းကတည်းက သွားပြီးတော့ ဆက်သွယ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာရော ကျနော်တို့ အစိုးရဘက်က ဒု-ဥက္ကဋ္ဌဆောင်ရွက်တဲ့ ဝန်ကြီးဦးအောင်မင်းအနေနဲ့ ၇ ကြိမ်တိတိ အပြင်မှာလိုက်ပြီးတော့ စားပွဲဝိုင်းရောက်အောင်လို့ ကျနော်တို့ ဆောင်ရွက်ခဲ့ရတာပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ မြစ်ကြီးနားမှာ ၂ ကြိမ်၊ တရားဝင်အစည်းအဝေးတွေလုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခု မြစ်ကြီးနားမှာတွေ့မယ့်ပွဲကတော့ တတိယအကြိမ်ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ကျနော်တို့ဘက်က မှတ်ယူတာတော့ ငြိမ်းချမ်းရေးဆိုတာဟာ ယုံကြည်မှုတည်ဆောက်ပြီးတော့ အပြန်အလှန်ညှိနှိုင်းရမယ့် သဘောသဘာဝဖြစ်တဲ့အတွက် ဆွေးနွေးပွဲတွေ ရှိနေဖို့လိုပါတယ်။ အခုလည်း ကေအိုင်အိုဘက်က အဆိုပြုတာကို ဝန်ကြီးဦးအောင်မင်းတို့အနေနဲ့ သဘောတူပြီးတော့ ဒါကို ရက်ညှိခြင်းဖြစ်တယ်။ ကျနော်တို့ နောက်ဆုံးတွေ့ခဲ့တာက အောက်တိုဘာလမှာ တွေ့ခဲ့ပါတယ်။ အောက်တိုဘာလကနေ အခုအထိ ကြားထဲမှာလည်း ပြန်လည်ပြီးတော့ ၂ ဘက် သုံးသပ်စရာရှိတာတွေလည်း သုံးသပ်ဖို့ တခုပါပါလိမ့်မယ်။ နောက်တခုကလည်း ဆွေးနွေးမယ့် အစီအစဉ်က နှစ်ဘက်ခေါင်းဆောင်တွေမှာတော့ ဆက်ပြီးတော့ ညှိနှိုင်းနေပါတယ်။”

KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေရဲ့ မကြာခင်ကျင်းပမယ့်ဆွေးနွေးပွဲကို NCCT တိုင်းရင်းသားကိုယ်စားလှယ်တွေအပါအဝင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဗီယားနဲ့ တရုတ်အစိုးရကိုယ်စားလှယ်တွေကို လေ့လာသူတွေအဖြစ် ဖိတ်ကြားသွားမှာဖြစ်တယ်လို့ KIO က ပြောပါတယ်။
XS
SM
MD
LG