သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကော်မရှင်အစီရင်ခံစာ ဖြစ်ရပ်မှန်ဖုံးကွယ်ဟု HRW တုန့်ပြန်


Wadanda 'yan sanda suka ceto a wata makarantar Islamiya a Kaduna
Wadanda 'yan sanda suka ceto a wata makarantar Islamiya a Kaduna

ရခိုင်ပြည်နယ် မောင်တောဒေသတွင်း မနှစ်အောက်တိုဘာလက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ရပ်နောက်ပိုင်းအခြေအနေတွေကို စုံစမ်းစစ်ဆေးတဲ့ အစိုးရကော်မရှင်ရဲ့ ကနဦးအစီရင်ခံစာပါ ထုတ်ပြန်ချက်တွေဟာ အဖြစ်မှန်ကို ဖုံးကွယ်တဲ့ အစိုးရရဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး နယူးယောက်အခြေစိုက် HRW Human Rights Watch လူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ ရေးသားပေးပို့ထားတဲ့ သတင်းကို မအိသန့်စင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်တွင်း အစိုးရက လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အစိုးရရဲ့ စုံစမ်းရေးအဖွဲ့က ငြင်းဆိုပြီးနောက်မှာ မွတ်ဆလင်အများစုနေထိုင်တဲ့ ရခိုင်ပြည်ထဲက ဒေသမှာ အရပ်သားတွေအပေါ် မတရားပြုကျင့်မှုတွေကို မြန်မာအစိုးရက ဖုံးကွယ်ဖို့ကြိုးစားတယ်လို့ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ပြောလိုက်ပါတယ်။

ရိုဟင်ဂျာရွာသားတွေကို ရဲက ရိုက်နက် ခြေနဲ့ကန်တဲ့ ရုပ်သံဖိုင်ထွက်ပေါ်လာတဲ့အပေါ် တာဝန်ရှိသူတွေက စုံစမ်းနေသေးတဲ့အချိန်မှာပဲ လုံခြုံရေးတပ်တွေက မတရားလုပ်ဆောင်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်တဲ့ ကြေညာစာကို ရခိုင်ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ စုံစမ်းရေးအဖွဲ့ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ဒီကော်မရှင်က ထင်ထားသလိုပဲ ဖုံးကွယ်ပြီး လုပ်ဆောင်နေတာ ပို ပေါ်လွင်လာတယ်လို့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှပိုင်း ဒေသ တာဝန်ခံ Phil Robertson က ပြောပါတယ်။

“ဒီအဖွဲ့အပေါ် ယုံကြည်မှုမရှိကြသလို အဖွဲ့ရဲ့ ကိုင်တွယ်ပုံကလည်း တရားမျှတမှုမရှိဘူးလို့ထင်ပါတယ်။ အစိုးရအတွက် အစိုးရကိုယ်တိုင် ဖွဲ့ထားတဲ့ ကော်မရှင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောက်ယှက်နေတာက ပြည်ပရန်စွယ်တွေဖြစ်ပြီး အကြမ်းဖက်သူတွေရဲ့ ရန်ကိုလည်း စိုးရိမ်နေရတယ်ဆိုတာကို နိုင်ငံတကာလူ့အဖွဲ့အစည်းအနေနဲ့အာရုံစိုက်လာအောင် အစိုးရက ကြိုးစားနေတဲ့ အစိုးရရဲ့ အာဘော်တွေကို ကော်မရှင်ရဲ့ အစီရင်ခံစာမှာ တွေ့နိုင်ပါတယ်။”

အောက်တိုဘာလ ၉ရက်နေ့တုန်းက နယ်စပ်လုံခြုံရေးစခန်းတွေကို လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်မြောက်ပိုင်းကို အစိုးရတပ်တွေ အများအပြား ဝင်ရောက်လာပါတယ်။

တိုက်ခိုက်သူတွေကို ရှာဖွေစဉ် အစိုးရတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်က ဒေသခံ မွတ်ဆလင်တွေနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေအပေါ် အစုအပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မဖမ်းဆီးတာ၊ မတရားပြုကျင့်တာ၊ အိမ်ခြေတွေ မီးရှို့တာတွေကို လုံခြုံရေးတပ်တွေက လုပ်ဆောင်ခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားပါတယ်။

မြန်မာအစိုးရကတော့ ဒီလို စွပ်စွဲချက်တွေကို ရတိပြတ် ငြင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် ရခိုင်မြောက်ပိုင်းဒေသကို အလွတ်တန်းသတင်းထောက်တွေနဲ့ကယ်ဆယ်ရေးလုပ်သားတွေ လွတ်လပ်စွာ သွားလာခွင့်တော့ ပိတ်ထားဆဲပါ။

နိုင်ငံတကာရဲ့ ဖိအားပေးမှုကြောင့် ဒေါ်အောင်ဆန်းဆုကြည်အစိုးရက တိုက်ခိုက်မှုနဲ့မတရားလုပ်ဆောင်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ကော်မရှင် ဖွဲ့ရေး ညွှန်ကြားခဲ့ပါတယ်။

မောင်တောဒေသမှာနေတဲ့ ဘင်္ဂါလီလူဦးရေ၊ မော်လဝီ အစ္စလာမ်စာပေပညာရှင်ဦးရေတိုးလာမှု၊ ဘုရားကျောင်းနဲ့ဘာသာရေးအဆောက်အအုံတွေ ရှိနေဆဲအခြေအနေကို ကြည့်ရင် ဒီဒေသမှာ လူမျိုးတုံးသတ်ဖြတ်တာနဲ့ဘာသာရေးဆိုင်ရာအကြမ်းဖက်မှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မမှန်ကန်ဘူးဆိုတာကို ပြနေတာပါလို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကတော့ ရိုဟင်ဂျာတွေက ဘင်္ဂါလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်လာနေသူတွေလို့မြင်ကြတဲ့အတွက် သူတို့ကို ဘင်္ဂါလီလို့သုံးနှုန်းခေါ်ကြပါတယ်။ လက်ရှိအစိုးရကတော့ ရခိုင်ပြည်နယ်တွင်းက မွတ်ဆလင်တွေလို့သုံးပါတယ်။

စစ်သားတွေက အဓမ္မပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဥပဒေကြောင်းအရ တရားစီရင်ဖို့တော့ ခိုင်မာတဲ့အထောက်အထား မရှိသေးဘူးလို့ကော်မရှင်က ပြောပါတယ်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေက ထောင်သောင်းချီတဲ့ သူတွေဆီ အကူအညီပေးနိုင်ခဲ့မှုကို အောက်တိုဘာလ ၉ရက်နောက်ပိုင်းမှာ ဖြတ်တောက်လိုက်တာကြောင့် စိုးရိမ်မှုတွေရှိနေပေမယ့်လည်း ဒီဒေသမှာ ငါးမျှားနိုင်ပြီး လယ်ယာလုပ်နိုင်တဲ့အတွက်ကြောင့်တော့ အာဟာရချို့တဲ့မှုတွေ မရှိဘူးလို့ကော်မရှင်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG