သုံးရလွယ်ကူစေသည့် Link များ

မနက်ဖြန် မတ်လ ၁၇ ရက်နေ့မှာအစိုးရ၀န်ကြီးဌာနစာရင်းကို ကြေညာဖို့ရှိပြီးတော့ အရင်ကထက် ၀န်ကြီးဌာနတွေကိုလျှော့ချသွားဖို့ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြောဆိုလိုက်ပါတယ်။ လာမယ့်သီတင်းပတ်အတွင်းအစိုးရအဖွဲ့အမည် စာရင်းကို ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်းNLD ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုင်ငံတော်သမ္မတနဲ့ ဒု သမ္မတတွေကို မတ်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ ရွေးချယ်ခဲ့ပြီးနောက် အစိုးရအဖွဲ့၊ နောက် ဒီအဖွဲ့မှာ ပါဝင်မယ့်သူစာရင်းကို ကြေညာဖို့ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရ ဒေါက်တာ ဇော်မြင့်မောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ မနက်ဖြန်မှာ ၀န်ကြီးဌာန ဘယ်၂ ခုရှိမယ် ၊ ၀န်ကြီးအရေအတွက် ဦးရေဘယ်လောက် ရှိမယ် ဆိုတာကတော့ လွှတ်တော်မှာတင်ဆွေးနွေးပါလိမ့်မယ်။ မနက်ဖြန်ကျတော့ ကြေညာမှာပါ။”

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူကနေ တင်ပြလာတဲ့ ပြည်ထောင်စုအစိုးရ၀န်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေကို ပြည်ထောင်စုလွှတ်တော်နာယက က မနက်ဖြန်မှာ လွှတ်တော်ကိုတင်ပြအတည်ပြုမှာပါ။ ဒါ့အပြင် လာမယ့်သီတင်းပတ်အတွင်းမှာ အစိုးရအဖွဲ့ ၀န်ကြီးစာရင်းတွေကို ကြေညာသွားဖို့ရှိနေပြီး ၀န်ကြီးဌာနတချို့ကို ပေါင်းစည်းသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။

“၂၄-၂၅ လောက်ပဲဖြစ်နိုင်ပါလိမ့်မယ်။ နောက်တပတ်ဖြစ်မယ်ပေါ့ဗျာ။ ပေါင်းလို့ရတဲ့ စက်မှု ၁ တို့ ၂ တို့ ရှိနေတာပေါ့ဗျာ။ အဲဒါတွေ ပေါင်းလို့ ရတာတွေပေါင်းမှာပေါ့ဗျာနော်။ ဥပမာ လျှပ်စစ်နဲ့ စွမ်းအင်ပေါင်းလို့ရတယ်။ အရင်တုန်း ကလည်း ဒါမျိုးရှိခဲ့တာကို အဲလိုပေါင်းလို့ရတဲ့ ၀န်ကြီးဌာနတွေပေါင်း မှာပေါ့။ ရည်ရွယ်ချက်ကတော့ ဘာလဲဆိုတော့ အစိုးရရဲ့အသုံးစရိတ်ကို လျှော့ချ ချင်တယ်။ သေးငယ်တဲ့အစိုးရ small government ပေါ့ဗျာ။ small government ဆိုတော့ government spending တွေ လျှော့ကျသွားမှာပေါ့။ အဓိကကတော့ ကျနော်တို့ government spending ကို လျှော့ချချင်လို့ ဒီရည်ရွယ်ချက်နဲ့ကို လျှော့တာပါ။”

အခုလို ၀န်ကြီးဌာနတွေကို တတ်နိုင်သမျှ စုစည်းပြီး အရေအတွက်လျှော့ချလိုက်တာဟာ ရေရှည်အလားအလာကောင်းပေမယ့် သတိနဲ့ ဆောင်ရွက်ဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

“NLD ကတော့ သူ လျှော့ချတာကောင်းတာပေါ့ ။ ဒါပေမယ့် ချက်ချင်းလုပ်နိုင်ဖို့ နဲနဲခက်မယ်ထင်တယ်။ ရုတ်တရက်လုပ်ရခက်မယ်ထင်တယ်။အဲဒါကြောင့် ဖြေးဖြေးချင်းလျှော့ချရင်တော့ကောင်းတယ်။ ၆ လ ဒါမှမဟုတ် ၁ နှစ်အတွင်း လျှော့ချရင်တော့ကောင်းပါတယ်။ လုပ်နိုင်တဲ့လူကတော့ ကောင်းတာပေါ့။ တချို့ပညာရှင်အများစုက သူတို့ပညာလောက်ပဲ တက်တယ်လေ။ ဒီဘက်ကို သိပ်ကျွမ်းကျင်ချင်မှ ကျွမ်းကျင်မယ်။ နိုင်ငံရေးက နည်းနည်းလေး တကယ့်တကယ် သေချာ နားလည်တဲ့လူတွေ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့နော်။ ”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံအုပ်ချုပ်ရေး ယန္တယား စနစ်မှာ ယိုယွင်းမှုတွေရှိခဲ့တာကြောင့် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခြေအနေတွေ ပြန်တည့်မတ်လာအောင် စနစ်တကျနဲ့ လုပ်ဆောင်သွားဖို့လိုတယ်လို့လည်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က အခုလို ထောက်ပြပါတယ်။

“ဒီ ဥစ္စာက ခုနကပြောသလို ခန့်မယ့် ၀န်ကြီးတွေရယ်၊ ပြီးတော့မှ ဒီလူတွေရဲ့ အရည်အချင်းတွေရယ် နောက် NLD ကချမှတ်မယ့် မူဝါဒပေါ့နော်။ မူဝါဒကလည်း အရေးကြီးတယ်။ မူဝါဒက ခုနလိုမျိုးကိစ္စဆိုရင် အဂတိလိုက်စားမှု ဘာညာပေါ့နော်။ အဂတိလိုက်စားမှု ကိစ္စတွေကို ကိုင်တွယ်တဲ့ဆီမှာလည်း နည်းနည်းစနစ်ကျဖို့လည်းလိုတယ်။ မလောဖို့လည်းလိုတယ်။ ညင်သာဖို့လည်းလိုတယ်။ ဒါမျိုးတွေပေါ့နော် သူတို့ ပေါ်လစီ ကောင်းကောင်းတွေချရလိမ့်မယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့မှ ပြောလို့ရမှာပါ။ တကယ်လို့ NLD က တာဝန်ယူလိုက်ပြီးတော့မှ ကျနော်တို့ဆီမှာ ရုတ်တရက်ပြောင်းလဲသွားမယ်ဆိုတာမဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် သေချာတာ တခုကတော့ နှစ် ၅၀ ကျော်အတွင်း တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ အများစုက တိုင်းပြည်အကျိုးအတွက်ထက် ကိုယ်ကျိုးစီးပွားတွေက ပိုများနေတယ်လေ။ အဲဒါတွေထက်စာရင်တော့ ရည်ရွယ်ချက်တွေ ဦးတည်ချက်တွေ လုံးဝ ကွာခြားသွားမယ်ဆိုတော့ အရင်ခေတ်အခြေအနေတွေ အားလုံးထက်တော့ သာမှာ ကတော့ သေချာပေါက် ပြောနိုင်ပါတယ်။”

ပြည်သူ့လွှတ်တော်မှာ မတ်လ ၁၃ ရက်နေ့က ကျင်းပတဲ့အစည်းအဝေးကနေ ဦးထင်ကျော်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော် သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ ကနေ သမ္မတလောင်းအဖြစ် မတ်လ ၁၄ ရက်နေ့က မဲခွဲအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အနှစ် ၅၀ ကျော်အတွင်း မြန်မာ့သမိုင်းမှာ ပထမဆုံး အရပ်သားသမ္မတ အဖြစ် မှတ်တမ်းတင်ရမယ့် အသက် ၇၀ အရွယ် ဦးထင်ကျော်ဟာ မကြာမှီပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို ဦးဆောင်မှုပေးသွားမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG