သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ရှမ်းတောင်ပိုင်းတပ်ဖွဲ့ တွေ့ဆုံ


တနိုင်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်အောင် ကြိုးပမ်း သွားဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဌဒုဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်းအဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူ ညီပြီးနောက် မပြေလည်သေးတဲ့ စစ်ရေးအခြေအနေတွေနဲ့ အောက်ခြေတပ်တွေ ထိတွေ့တဲ့အနေအထား၊ နောက် နှစ်ဖက်နယ်မြေ သတ်မှတ်ရေးကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ RCCS/SSA တောင်ပိုင်းပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

စက်တင်ဘာလ ၈ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဝင်ကိုးဦးနဲ့ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ RCSS/SSA တောင်ပိုင်းနဲ့ အစိုးရတပ်တွေကြား ပဏာမအပစ်အခတ် ရပ်စဲရေး သဘောတူပြီးတဲ့နောက်ပိုင်း နယ်မြေအတွင်း နယ်ဘက်တပ်တွေ ထိတွေ့နေသေးတဲ့ စစ်ရေးခြေအနေတွေအပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေးရဖို့ အလေးအနက်ထား ဆွေးနွေးခဲ့ကြတယ်လို့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ အတွင်းရေးမှူး (၂) ၊SSA တောင်ပိုင်းတပ်၊ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဆွေးနွေးတဲ့အကြောင်းအရာကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးတဲ့နောက်ပိုင်းကနေ ဒီနှစ်အထိ မပြေလည်သေးတဲ့ ကိစ္စရပ်တွေ အားလုံးကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းနဲ့ ဒေသန္တရမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့တွေကတော့ RCSS နဲ့ ရယူထားတဲ့ အပစ်အခတ်ရပ်စဲရေးတွေကို ပြဿနာမရှိအောင်၊ ရှိနေတဲ့ ပြဿနာတွေကို လျှော့ချနိုင်အောင် လုပ်ဖို့အတွက် ကျနော်တို့နဲ့ လာရောက်တွေ့ဆုံခြင်းပဲ ဖြစ်ပါတယ်။ နောက်တချက်ကတော့ အစိုးရအစီအစဉ်နဲ့ပဲ လက်ရှိ cease fire ကိစ္စကို အကြမ်းဖျင်းလာပြီးတော့ ဆွေးနွေးကြည့်တာပါခင်ဗျ။”
ဒါ့အပြင် RCSS/SSA တောင်ပိုင်းအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း RCSS/SSA ပြောခွင့်ရဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။

“ကျနော်တို့ သဘောထားကတော့ လွန်ခဲ့တဲ့လတုန်းကဆိုရင်KNU နဲ့ RCSS ပူးပေါင်းပြီးတော့ တိုင်းရင်းသားများ ပြုစုရေးဆွဲထားတဲ့ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး မူဘောင်ပေါ်ကနေ Political Dialogue ကို ကျနော်တို့က တင်ပြတာဖြစ်ပါတယ်။ အဲဒီ ရှေ့မှောက် ထဲမှာ MPC က ထည့်နေကျ team ပေါ့နော်။ သူကတော့ မူအားဖြင့် သဘောတူပါတယ်။ ဒါပေမဲ့အသေးစိတ် ထပ်မံဆွေးနွေးဖို့အတွက် ဒီလထဲမှာပဲ ထပ်မံချိန်းထားပါတယ်။ အဲဒီ ပုံစံနဲ့ပဲ တိုင်းရင်းသားများ ပြုစုရေးဆွဲထားတဲ့ ဒီ ကျနော်တို့ မူဘောင်နဲ့ပဲ ကျနော်တို့သွားမှာ ဖြစ်ပါတယ်။”

RCSS/SSA တောင်ပိုင်းနဲ့ အစိုးရတပ်ကြား နှစ်ဘက်နယ်မြေသတ်မှတ်ရေးအပါအဝင် ငြိမ်းချမ်းရေးသဘောတူညီချက်တွေ မချိုးဖောက်ရေးနဲ့ ဒေသတွင်း စစ်ရေးတင်းမာမှုတွေရှိနေဆဲအခြေအနေတွေလည်း ပတ်သက်ပြီးလည်း ဆွေးနွေးဖြစ်ခဲ့တယ် လို့ သူကပြောပါတယ်။

“ဝန်ကြီး ဦးအောင်မင်းကတော့ တိုက်ပွဲတွေ လျှော့ချနိုင်ရေးအတွက် သူကြိုးစားပေးပါ့မယ်လို့ ပြောပါတယ်။ ကျနော်တို့ဘက်ကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့သူက လမ်းညွှန်မှုတွေ ပေးသွားပါတယ်။ နှစ်ဘက်စလုံးပြေလည်အောင်ပေါ့နော် ကျနော်တို့ကို အကျိုးဆောင် ပေးနေတဲ့ Myanmar Peace Center က လူကြီးတွေလည်း ပါတယ်/ ပညာရှင်တွေလည်းပါတယ်။ ပြီးတော့ ကျနော်တို့ ပြည်ထောင်စု ဝန်ကြီးတွေကလည်း ဒီကိစ္စကို ညှိနှိုင်းပေးမယ်၊ ဆောင်ရွက်ပေးမယ်၊ ဖြစ်ပျက်နေတဲ့ပြဿနာတွေ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ကျနော်တို့ ညှိနှိုင်းကြမလဲ၊ ဆွေးနွေးကြမလဲ ဆိုတာကိုတော့ သူတို့ကလည်း ထပ်မံပြီးတော့ တွေ့ဆုံဖို့ လိုအပ်ပါတယ်ဆိုပြီး အစဉ်အမြဲ တစိုက်မတ်မတ် team leader ချင်းတွေ တွေ့ဆုံပေးခြင်းအားဖြင့်သော်လည်းကောင်း၊ ကျနော်တို့တပ်မှူးနဲ့ ဗမာ့တပ်မတော်က တပ်မှူးတွေနဲ့ အမြဲတမ်း တွေ့ဆုံမှုတွေ လုပ်ပေးဖို့၊ ဆွေးနွေးကြဖို့၊ တိုင်ပင်ကြဖို့ သူတို့ကတော့ အဲလို လမ်းညွှန်မှုတွေ အကြံဉာဏ်ပြုမှုတွေ ပေးထားပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ စနေနေ့ သြဂုတ်လ ၃၁ရက်နေ့ က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ၁ဒေါက်တာစိုင်းမောက်ခမ်းနဲ့ RCSS/SSA တောင်ပိုင်းနဲ့ တွေ့ဆုံချိန်ကလည်း ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေး၊ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး အပါအဝင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။
အခုလက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အဓိကထားဆွေးနွေးနေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ စက်တင်ဘာလ ၈ရက်နေ့မှာလည်း ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကိုယ်စားလှယ်အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC တို့ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။
XS
SM
MD
LG