သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြွေးပြဿနာကြုံနေရတဲ့ ဂရိနိုင်ငံမှာ ဘဏ်တွေပိတ်


ဂရိနိုင်ငံမှာ ဒီကနေ့ တနင်္လာနေ့မှာ ဘဏ်တွေ အားလုံးပိတ်ထားသလို ငွေထုတ်စက် ATM တွေကိုလည်း ပိတ်ထားပါတယ်။

ဒါပေမဲ့ ပင်စင်လစာတွေကိုတော့ ထုတ်ယူနိုင်အောင် စီစဉ်ပေးထားတာပါ။ ပင်စင်စားတွေဟာ သူတို့ရဲ့ ငွေတွေကို ငွေထုတ်စက်တွေက ထုတ်နိုင်မယ်လို့ မျှော်လင့်ပြီး ဘဏ်ခွဲလေးတွေမှာ မနက်အစောကတည်းက တန်းစီနေကြပေမဲ့ ထုတ်လို့ မရကြပါဘူး။ ပင်စင်လစာတွေကို ဘယ်လိုပေးမယ်ဆိုတာကို တနင်္လာနေ့ နှောင်းပိုင်းမှာ ရှင်းပြဖို့ ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂရိနိုင်ငံရဲ့ ဘဏ္ဍာငွေကြေး အခက်အခဲဟာ ပိုမို ဆိုးရွားလာနေပြီး မနက်ဖြန် အင်္ဂါနေ့မှာ အကြွေး အချိန်မီ ပြန်ဆပ်ရမယ့် သတ်မှတ်ရက် နီးကပ်လာတာနဲ့အမျှ - ဥရောပရဲ့ ငွေကြေးအကူအညီ ဖြတ်တောက်တာခံရပြီး အကျပ်အတည်း ကြုံနေရတဲ့ ဂရိအနေနဲ့ ဒီကနေ့ တနင်္လာနေ့စလို့ သူ့ရဲ့ ဘဏ်တွေနဲ့ စတော့ ဈေးကွက်တွေကို ၆ ရက်ကြာ ပိတ်ထားဖို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

မကြာသေးခင် သီတင်းပတ်တွေတွင်း ဂရိနိုင်ငံမှာ ဘဏ်တွေကို ဆက်လက် ဖွင့်ထားနိုင်အောင် ဥရောပက အရေးပေါ် ငွေထုတ်ချေးပေးထားတဲ့ အစီအစဉ်ကို ဆက်မပေးတော့ဘူးလို့ ဥရောပ ဗဟိုဘဏ်က ကြေညာအပြီး နာရီပိုင်းအကြာမှာပဲ ဂရိဝန်ကြီးချုပ် Alexis Tsipras က တနင်္ဂနွေနေ့မှာ အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဂရိ စေ့စပ်ညှိနှိုင်းသူတွေနဲ့ ဥရောပ ကြွေးရှင်တွေကြား ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆွေးနွေးမှုတွေမှာ ဂရိဘက်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဥရောပက ငွေကြေးထောက်ပံ့မှု အစီအစဉ် ဆက်ထားရေးမှာ သဘောတူညီမှု မရဘဲ အဆုံးသတ်ခဲ့ပြီးတဲ့နောက် မစ္စတာ Tsipras က ခုလို ကြေညာသွားတာပါ။

ဒီသဘောတူညီချက် မရဘဲ ဂရိအစိုးရအနေနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကို ပေးရမယ့် အကြွေး ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံကို အင်္ဂါနေ့မှာ အချိန်မီ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။

တချိန်ထဲမှာပဲ ဂရိနိုင်ငံရဲ့ ငွေကြေးပြဿနာကို စိုးရိမ်မှုကနေ အာရှစတော့ရှယ်ယာဈေးတွေလည်း တနင်္လာနေ့မှာ ထိုးကျသွားခဲ့ပါတယ်။ ရှန်ဟိုင်းဈေးကွက်မှာ တရုတ်ရှယ်ယာတွေ အမြင့်ဆုံး ၇ ရာခိုင်နှုန်းကျော်အထိကို ထိုးကျခဲ့သလို ငွေရင်းချသူတွေ မစိုးရိမ်စေဖို့ စနေနေ့တုန်းက တရုတ်ဗဟိုဘဏ်က ကြိုးစားခဲ့တဲ့ကြားကပဲ ရှယ်ယာထုတ်ရောင်းသူတွေ ရှိခဲ့တာပါ။

Hang Sang ဈေးကွက်ကလည်း အကျနဲ့ ပိတ်သွားခဲ့သလို တောင်ကိုရီးယားနဲ့ သြစတြေးလျ ပင်မဈေးကွက်ကြီးတွေမှာလည်း ဈေးတွေထိုးကျခဲ့ပြီး ဂျပန်က Nikkei ကလည်း တနင်္လာနေ့မှာ ၃ ရာခိုင်နှုန်းလောက်အထိ ကျသွားခဲ့တာပါ။

XS
SM
MD
LG