ဂရိနိုင်ငံပါလီမန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ New Democracy ခေါင်းဆောင် Kyriakos Mitsotakis ဟာ ဝန်ကြီးချုပ်အဖြစ် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ကျမ်းကျိန်ပွဲအပြီးမှာ ဝန်ကြီးချုပ်သစ်က ရာထူးကနေ ဆင်းပေးမယ့် ဝန်ကြီးချုပ်ဟောင်း Alexis Tsipras ကို ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ လက်ဝဲဝါဒီ ဝန်ကြီးချုပ် Alexis Tsipras ကို Conservative ဝါဒီအတိုက်အခံ ခေါင်းဆောင် Mitsotakis က အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု Harvard တက္ကသိုလ် ဘွဲ့ရ အသက် ၅၁ နှစ်အရွယ် Mitsotakis ရဲ့ New Democracy ပါတီက အမတ်နေရာ ၃၀၀ ရှိတဲ့ ဂရိပါလီမန်မှာ အမတ်နေရာ ၁၅၈ ယောက်နဲ့ အများစု အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဂရိနိုင်ငံမှာ အပြောင်းအလဲတွေလုပ်ဖို့ ပြည်သူတွေက ခိုင်ခိုင်မာမာ လုပ်ပိုင်ခွင့် ပေးလိုက်တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ Mitsotakis က ပြောကြားခဲ့ပါတယ်။
ဂရိနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကနေ အလုပ်အကိုင်ကောင်းတွေ ဖန်တီးပေးမယ်၊ အခွန်လှျော့ချပေးမယ်၊ စီးပွားရေးလုပ်ငန်းတွေအတွက် အတားအဆီး ဖြစ်နေတာတွေကို ဖယ်ရှားပေးရေးမယ်လို့ ဝန်ကြီးချုပ်သစ် Mitsotakis က ကတိပြုခဲ့ပါတယ်။
ဂရိနိုင်ငံဟာ ကြီးမားတဲ့ ဘဏ္ဍာရေးအကြပ်အတည်းကြီး ကြုံခဲ့ရတဲ့အတွက် EU နိုင်ငံတွေအပြင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့က ဘဏ္ဍာရေးအရ ကျားကန်ပေးခဲ့ရပြီး၊ အခုမှ အကြပ်အတည်းကနေ ပြန်လည်နာလန်ထူကာစ ဖြစ်ပါတယ်။