ဥရောပ ပါလီမန် အတွက် အခရာကျတဲ့ ရွေးကောက်ပွဲ နောက်ဆုံးနေ့ ဖြစ်တဲ့ မနေ့ တနင်္ဂနွေနေ့မှာတော့ ဥရောပ နိုင်ငံ ၂၁ နိုင်ငံက မဲဆန္ဒရှင်တွေ မဲပေးခဲ့ကြပါတယ်။ လွှတ်တော် အမတ်နေရာ ၇၅၁ နေရာကို ရွေးကောက်မယ့် ၄ ရက်ကြာ မဲပေးမှုတွေကိုတော့ မဲဆန္ဒရှင် ၄၂၆ သန်းရှိတဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ခဲ့တာပါ။
ဥရောပ ပါလီမန် အတွက် ပထမဆုံး နိုင်ငံတကာ မဲပေးပွဲတွေ စခဲ့တဲ့ ၁၉၇၉ ခုနှစ် နောက်ပိုင်း အခု ရွေးကောက်ပွဲက အရေးကြီးဆုံးလို့လည်း ရှုမြင်ထားကြပါတယ်။ Brussels နဲ့ Strasbourg က ပါလီမန်တွေကိုတော့ အဓိက ပါတီကြီးတွေက ဆက်ပြီး ထိန်းချုပ်ထားမယ်လို့ မျှော်လင့်ထားကြပေမယ်လို့လည်း လက်ရှိ ရွေးကောက်ပွဲမှာတော့ လက်ယာဝါဒီ အမျိုးသားရေး သမားတွေကတော့ ဥရောပထဲကို ရွှေ့ပြောင်းဝင်ရောက်မှု လျှော့ချရေး EU ရဲ့ မူဝါဒတွေကို ပြင်ဆင်နိုင်မယ့် ကိုယ်စားလှယ်တွေ ရွေးကောက်ခံရဖို့ မျှော်လင့်နေကြပြီး အောင်မြင်မှုရမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
ရွှေ့ပြောင်းဝင်ရောက်မှုကို ဆန့်ကျင်တဲ့ သဘောထားတင်းမာတဲ့ အမျိုးသားရေးဝါဒီ အီတလီ ပြည်ထဲရေးဝန်ကြီး Matteo Salvini ကတော့ သူ့ရဲ့ လက်ယာဝါဒီ League ပါတီ အနိုင်ရရင် ဥရောပမှာ အားလုံး ပြောင်းလဲသွားမယ်လို့ ပြောဆိုပါတယ်။ တနင်္ဂနွေနေ့နှောင်းပိုင်းမှာတော့ ဂျာမနီနဲ့ ဂရိ နိုင်ငံတွေမှာ မဲပေးပြီး ထွက်လာသူတွေကို ကောက်ခံတဲ့ စစ်တမ်း အရတော့ လက်ဝဲ၊ လက်ယာ မယိမ်းတဲ့ ဗဟိုဝါဒီ ပါတီတွေ ဥရောပ လွှတ်တော်သစ်မှာ အမတ်နေရာတွေ ဆုံးရှုံးမယ့် အခြေအနေတွေ ရှိနေပါတယ်။
မဲပေးပြီး ထွက်လာသူတွေကို ကောက်ယူတဲ့ စစ်တမ်းတွေ အရတော့ ဂျာမနီမှာ သဘာဝပတ်ဝန်းကျင်အရေး အလေးပေးတဲ့ Green ပါတီက အောင်မြင်မှုရနေပြီး ၀န်ကြီးချုပ် Angela Merkel ရဲ့ ကွန်ဆာဗေးတစ်တွေရဲ့နောက် ဒုတိယနေရာကို လိုက်နေပါတယ်။