၂၀၁၅ ခုနှစ် မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ဥရောပသမဂ္ဂ အီးယူလုပ်ငန်းအဖွဲ့ရဲ့ အကြံပြုချက်တွေကို ယူပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အကောင်းဆုံး အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းအဖွဲ့ အကြီးအကဲက ပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့အချိန် အလုံအလောက်ကျန်နေသေးတာကြောင့် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထိထိရောက်ရောက် လုပ်သွားဖို့လည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အီးယူလုပ်ငန်းအဖွဲ့ အကြီးအကဲက တိုက်တွန်းသွားပါတယ်။ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။
၂၀၁၅ ခုနှစ် မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ဥရောပသမဂ္ဂ အီးယူလုပ်ငန်းအဖွဲ့ဟာ မြန်မာနိုင်ငံအတွင်း သူတို့အဖွဲ့ရဲ့ အကြံပြုချက်တွေကို လက်တွေ့အကောင်အထည် ဖော်ဆောင်မှု အခြေအနေ ဘယ်လိုရှိနေသလဲဆိုတာ လေ့လာစမ်းစစ်ဖို့အတွက် မတ်လ ၁၄ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း လွှတ်တော်နှစ်ရပ်လုံးက အကြီးအကဲ တာဝန်ရှိသူတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပြင် နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံခဲ့ပြီး လာမယ့်ရွေးကောက်ပွဲမတိုင်ခင် ကြိုတင် ပြင်ဆင်မှုတွေကို လုပ်သွားနိုင်ဖို့ အကြံပြု ဆွေးနွေးခဲ့တဲ့အကြောင်း ဆွေးနွေးခဲ့တဲ့အကြောင်း ဒီလုပ်ငန်းအဖွဲ့ရဲ့ အကြီးအကဲ၊ ဥရောပ ပါလီမန် ဒုတိယဥက္ကဋ္ဌ မစ္စတာ Alexandar Graf Lambsdorff က ပြောပါတယ်။
“လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် တကယ့်ကို စိတ်အားထက်သန်စွာနဲ့ အားရုံစိုက် လုပ်ဆောင်နေတာကို ကျနော် တွေ့ရပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ရော၊ ရွေးကောက်ပွဲကော်မရှင်ရော၊ လွှတ်တော်နဲ့ပါ ကျနော် စကားပြောဖြစ်ခဲ့ပါတယ်။ အားလုံးက ဒီရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် လိုလားကြတယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။”
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့အတွက် ဦးစားပေးအကြံပြုချက်တွေထဲမှာတော့ - ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လူအများ ယုံကြည်စိတ်ချရတဲ့ ကော်မရှင်တရပ် ဖြစ်လာအောင် - လုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့၊ အထူးသဖြင့် မဲဆန္ဒရှင် မှတ်ပုံတင်စာရင်းကောက်ယူမှု၊ ကြိုတင်မဲပေးမှု၊ မဲဆွယ်စည်းရုံးမှု၊ ရွေးကောက်ပွဲ အငြင်းပွားမှု၊ မဲစာရင်း ထုတ်ပြန်မှု စတာတွေမှာ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့ တိုက်တွန်းသလို၊ လွှတ်တော်အနေနဲ့လည်း ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ဥပဒေတွေ ပြင်ဆင်ပြဌာန်းတာတွေ လုပ်သွားဖို့ အကြံပြုခဲ့တယ်လို့လည်း သူက ပြောပါတယ်။ တချိန်တည်းမှာလည်း လက်ရှိ လွှတ်တော်တွင်းမှာ အမျိုးသမီးပါဝင်မှု အားနည်းနေတာကို ထောက်ပြပြီး နိုင်ငံရေးပါတီတွေအနေနဲ့ အမျိုးသမီး ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ ပိုမို ထွက်ပေါ်လာအောင် အားပေးဆောင်ရွက်ဖို့ အကြံပြုထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လာမယ့်ရွေးကောက်ပွဲမတိုင်ခင် အချိန် ၁၉ လ ကျန်နေသေးသလို၊ ဒါဟာ လုံလောက်တဲ့ အချိန်တခုဖြစ်လို့ အကျိုးရှိရှိ အသုံးချစေချင်တယ်လို့လည်း မစ္စတာ လန်းဒေါ့က ပြောပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ အချိန်ကို အကျိုးရှိရှိအသုံးချဖို့ လိုပါတယ်။ လိုအပ်တဲ့ အသုံးစရိတ်နဲ့ လူ့အရင်းအမြစ်တွေ သုံးစွဲနိုင်အောင် အားစိုက် ဆောင်ရွက်ရပါမယ်။ သတင်းအချက်အလက်တွေကို ထိထိရောက်ရောက် မျှဝေပေးရပါလိမ့်မယ်။ ဒါကတော့ အရေးကြီးဆုံး ဆောင်ရွက်ရမယ့် အချက်သုံးချက်လို့ ယုံကြည်ပါတယ်။”
၂၀၁၅ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး နောက်ဆက်တွဲ လုပ်ငန်းစဉ်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ သူတို့အဖွဲ့ရဲ့ ခရီးစဉ် မကြာခင် ပြီးဆုံးမှာဖြစ်ပေမဲ့လည်း အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် ပေးနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ အထောက်အပံ့တွေကို ဆက်လက် ပေးအပ်သွားမှာဖြစ်သလို၊ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အကူအညီတွေ တောင်းခံလာရင်လည်း ပေးအပ်သွားမှာဖြစ်တယ်လို့လည်း မစ္စတာ လန်းဒေါ့က ပြောပါတယ်။