သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ရွေးကောက်ပွဲ အကဲခတ်ဖို့ EU ကိုယ်စားလှယ်တွေ စတင် ထွက်ခွာ


EU EOM ရဲ့ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff နဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့။ (နိုဝင်ဘာ ၅၊ ၂၀၁၅)
EU EOM ရဲ့ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff နဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့။ (နိုဝင်ဘာ ၅၊ ၂၀၁၅)

မြန်မာနိုင်ငံ ရွေးကောက်ပွဲကို စောင့်ကြည့်သွားမယ့် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EU EOM ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့ကနေ ကာလတိုလေ့လာသူ ၆၂ ဦးဟာ တိုင်းနဲ့ပြည်နယ် အားလုံးကို လေ့လာဖို့ ဒီကနေ့မှာပဲ ရန်ကုန်မြို့ကနေ ထွက်ခွာသွားကြပါပြီ။ ဒီအဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲနေ့မှာ နိုင်ငံအနှံ့ မဲရုံတွေကို လေ့လာနိုင်မှာဖြစ်သလို စစ်တပ်အတွင်းက မဲရုံတွေမှာလည်း အသေးစိတ် စောင့်ကြည့်သွားမှာဖြစ်ပြီးတော့ ရွေးကောက်ပွဲနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ ဒီအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထော်က ကိုထက်အောင်က ပြောပြပေးမှာပါ။

နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ကနေ ကာလတို လေ့လာသူ ၆၁ ယောက်ဟာ ဒီကနေ့မှာပဲ နိုင်ငံအနှံ့ကို သွားရောက်လေ့လာနေကြပါပြီ။ ဒီအဖွဲ့ဝင်တွေဟာ အရင်ရောက်ရှိနေပြီးသားဖြစ်တဲ့ ကာလရှည်လေ့လာသူတွေနဲ့ ပူးတွဲပြီးတော့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသွားမှာဖြစ်တယ်လို့ EU EOM ရဲ့ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က ပြောပါတယ်။

"ကျန်နော် ဒီကာလတို လေ့လာမယ့် လူ ၆၀ ကျော်ကို ဘယ်နေရာသွားရမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တစ်ခေါက်က လေ့လာစောင့်ကြည့်နေတဲ့ ကာလရှည်အဖွဲ့တွေထဲမှာ ကာလတိုစောင့်ကြည့်မယ့်အဖွဲ့ ၃ ဖွဲ့ပါဝင်ပါတယ်။ ကာလတို အဖွဲ့တစ်ဖွဲ့မှာ ပုံမှန်အားဖြင့်တော့ ၂ ဦးပါဝင်ပါတယ်။ ဒီအဖွဲ့ဝင်တွေ အားလုံးဟာ ဥရောပတစ်လွှားနိုင်ငံတွေက ဖြစ်ပြီးတော့ ဘယ်သူက ဘယ်သွားရမယ် ဆိုတာ ကန့်သတ်မထားပါဘူး။ ဒီအဖွဲ့ဝင်တွေဟာ ကာလရှည်အဖွဲ့ဝင်တွေနဲ့ ပူးတွဲပြီးတော့ ဒီရွေးကောက်ပွဲကို တိုင်းနဲ့ပြည်နယ် အားလုံးမှာ စောင့်ကြည့်လေ့လာသွားမှာပါ။

ဥရောပသမဂ္ဂရွေးကောက်ပွဲအဖွဲ့ဟာ ရွေးကောက်ပွဲနေ့မှာ ကြိုတင်မဲရေတွက်မှုတွေနဲ့ စစ်တပ်တွေထဲက မဲရုံတွေကိုလည်း အသေးစိတ် လေ့လာသွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

"ကျန်နော်တို့အဖွဲ့ဟာ ရွေးကောက်ပွဲ တစ်ခုလုံးကို လေ့လာ သွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သဘောတူချက်ရထားတာက ကျနော်တို့ဟာ ကြိုတင်မဲပေးမှုတွေကို လည်း လေ့လာနိုင် မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်တပ်ဧရိယာထဲမှာရှိတဲ့ မဲပေးမှုတွေကိုလည်း အသေးစိတ် လေ့လာသွားမှာပါ။ အချိန်ယူပြီး အဲဒီ့မဲရုံတွေကို လေ့လာနိုင် မှာဖြစ်တဲ့အတွက် မဲပေးတာတွေဟာ ဘယ်လိုပုံစံဖြစ်နေလည်း ဆိုတာတွေကို ကျနော်တို့ သေချာပေါက် သိရှိနိုင်မှာပါ။

ဒီကာလတို အဖွဲ့ဝင်တွေကို တိုင်းနဲ့ပြည်နယ်အားလုံးကို မစေလွှတ် ခင်မှာ မြန်မာနိုင်ငံ ရဲ့ ရွေးကောက်ပွဲဆိုင်ရာ သမိုင်းအကြောင်းအရင်းတွေ၊ မဲပေးပုံ မဲပေးနည်း အဆင့်ဆင့်နဲ့ နိုင်ငံရေး အခြေအနေတွေကို ရန်ကုန်မြို့မှာ ၂ ရက်တာ ရှင်းလင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအဖဲွဲ့ဝင်တွေ ဟာ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်တဲ့အခါမှာ ဘယ်လိုစိန်ခေါ်ချက်တွေနဲ့ ကြုံတွေ့ရနိုင်လဲဆိုတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့သီးသန့်အမေးကိုတော့

"ရွေးကောက်ပွဲတိုင်းကို လေ့လောစောင့်ကြည့်တဲ့အခါမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပါပဲ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းတွေကို တိကျမှန်ကန်အောင် ဘယ်လိုလုပ်ဆောင်လဲဆိုတာကိုလည်း ကျနော်တို့တွေ ရှင်းရှင်းလင်းလင်း လေ့လာသွားရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့အဖွဲ့ဟာ ရွေးကောက်ပွဲနေ့မှာ မဲပေးပြီးလို့ မဲရုံပိတ်တဲ့အခါမှာ မဲပြား ရေတွက်တာကိုလည်း စောင့်ကြည့်ရမှာပါ။ နောက်ပြီးတော့ အဲဒီ့နေ့မှာဆိုရင် မဲရုံမဖွင့်ခင် မနက် ၆ နာရီကတည်းက မဲရုံတွေမှာ ကျနော်တို့တွေ ရှိနေရမယ်၊ မဲပေးနေတဲ့ နေ့ခင်းပိုင်းတွေမှာကော မဲရုံပိတ်တဲ့ အချိန်ထိ စောင့်ကြည့်နေရုံမကပဲ ညပိုင်းထိအောင် မဲပြားရေတွက်တာတွေကို စောင့်ကြည့်လေ့လာနေမှာဆိုတော့ အဲဒီ့နေ့က ကျနော်တို့တွေအတွက် တကယ့်ကို ဖိအားများတဲ့ ရက်ရှည် တစ်ရက်ပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အဖွဲ့ဝင်တွေဟာ အဲဒီ့စိန်ခေါ်ချက်တွေ အားလုံးကို စောင့်ကြည့်လေ့လာသွားမှာဖြစ်ပါတယ်။

EU EOM အဖဲ့ွဟာ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို စောင့်ကြည့်လေ့လာ သွားမှာဖြစ်ပေမယ်လို့ မဲပေးတဲ့ လုပ်ငန်းစဉ်တွေကို စွက်ဖက်သွားမှာမဟုတ်ပဲ မဲပေးပုံမဲပေးနည်း စနစ် ဘယ်လိုလုပ်ဆောင်တယ်ဆိုတာကို ကြည့်ရှု့ပြီး မှတ်တမ်းတင်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာပြီးမှ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာလူထုတွေရဲ့ စိတ်ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်တယ်လို့ Alexander Graf Lambsdorff က ဖွင့်ဟပါတယ်။

"ဒီရွေးကောက်ပွဲမှာ အားလုံးပါဝင်တဲ့ အထွေထွေရွေးကောက်ပွဲဖြစ်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အရေးကြီးဆုံး ကတော့ ရွေးကောက်ပွဲရလဒ်ဟာ မြန်မာပြည်သူတွေရဲ့စိတ်ဆန္ဒနဲ့ တစ်ထပ်တည်း ကျဖို့ပါပဲ။ ကျနော့်အထင် ဒီတနင်္ဂနွေနေ့မှာကျင်းပတဲ့ ရွေးကောက်ပွဲ ရလာဒ်ဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားရောက်တဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။"

EU EOM အဖွဲ့ရဲ့ လေ့လာသုံးသပ်ချက်ထဲမှာ ဥပဒေမူဘောင်တွေ၊ ရွေးကောက်ပွဲ စီမံအုပ်ချုပ်ပုံလုပ်ငန်းအဆင့်ဆင့်နဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေအပါအဝင် မီဒီယာသမားတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေ၊ မဲပေးတာ၊ မဲရေတွက်တွေနဲ့ မဲစာရင်းသွင်းတဲ့ ရလဒ်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သတ်လို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ စတဲ့ အချက်အလက်တွေ ပါဝင်မှာဖြစ်ပါတယ်။

နောက်ပြီး ရွေးကောက်ပွဲနေ့မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကို ရွေးကောက်ပွဲအပြီး ၂ ရက်အကြာမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမှာလည်း ဖြစ် ပါတယ်။ နောက်ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် နည်းစနစ်ပိုင်းဆိုင်ရာ အကြံပြုချက်တွေပါဝင်မယ့် အပြီးသတ် အစီရင်ခံစာကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG