သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းခံထားရဆဲ လုပ်ဖော်ကိုင်ဖက်တွေအတွက် Greste စိတ်မချမ်းသာ


Al Jazeera သတင်းထောက် Peter Greste
Al Jazeera သတင်းထောက် Peter Greste

အီဂျစ်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ Al Jazeera သတင်းထောက် Peter Greste က သူလွတ်မြောက်လာတဲ့အပေါ် စိတ်သက်သာရာ ရပေမယ့် အီဂျစ်အကျဉ်းထောင်ထဲမှာ ကျန်ခဲ့တဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အင်မတန် စိတ်မချမ်းမသာဖြစ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ကျနော်လွတ်မြောက်လာတဲ့အတွက် ဘယ်လောက် စိတ်သက်သာရာ ရသလည်းဆိုတာ ပြောမပြတတ်အောင်ပါပဲ၊ လွတ်မယ်လို့ မျှော်လင့်မထားပါဘူး၊ လွတ်မယ်ဆိုတာ မိနစ်ပိုင်းကျမှ ကြိုသိခဲ့ရတဲ့အတွက် သိပ်ကိုထူးခြားတဲ့စိတ်ခံစားမှုဖြစ်ရပါတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ ကျနော့်ရဲ့ လုပ်ဖော် ကိုင်ဖက်တွေကို ထောင်ထဲမှာ ထားခဲ့ရတဲ့အတွက်လည်း သိပ်ကို စိတ်မချမ်းမသာဖြစ်ရပါတယ်။ သူတို့အားလုံးလည်း လွတ်မြောက်သင့်ကြပါတယ်လို့ Australia သတင်းထောက် Peter Greste က Australia နိုင်ငံကို အသွား Cyprus နိုင်ငံအရောက်မှာ Al Jazeera သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူ့ကိုပြန်လွှတ်ပေးလိုက်တာဟာ အီဂျစ်အတွက် ကြီးမားတဲ့ အပြုသဘောဆောင်ခြေလှမ်းဖြစ်ပြီး နောက်ထပ် Al Jazeera သတင်းထောက် ၂ ယောက်ဖြစ်တဲ့ Baher Mohammed and Mohammed Fahmy တို့ကိုလည်း လွှတ်ပေးဖို့မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အီဂျစ်အစိုးရက Peter Greste ကို တနင်္ဂနွေနေ့က လွှတ်ပေးလိုက်ပြီး Australia နိုင်ငံကို ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ Peter Greste နဲ့အတူ Al Jazeera သတင်းထောက် ၂ ယောက်ဟာ အီဂျစ်မှာ မတရားအသင်းသတ်မှတ်ထားတဲ့ Muslim Brotherhood အဖွဲ့ကို အကူအညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အကြမ်းဖက်မှု ဆက်နွယ်တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ၇ နှစ်ချခံရပြီး Greste ထောင်ထဲမှာ ရက်ပေါင်း ၄၀၀ အကျဉ်းကျခဲ့ပါတယ်။ သူနဲ့အတူ ၂၀၁၃ ခုနှစ်ကတည်းက အဖမ်းခံရတဲ့ Canadian နိုင်ငံသား၊ အီဂျစ်လူမျိုး မိုဟာမက် ဖာမီ (Mohammed Fahmy) ကိုလည်း ရက်ပိုင်းအတွင်းမှာပဲ ကနေဒါနိုင်ငံကို ပြန်ပို့မယ်လို့ အီဂျစ်လုံခြုံရေးတာဝန်ရှိသူ တယောက်က ပြောခဲ့ပါတယ်။

ဒါပေမယ့် ထောင်ဒဏ် ၁၀ နှစ်ကျနေတဲ့ အီဂျစ်လူမျိုး Baher Mohammed နဲ့ ပတ်သက်လို့ ဘာသတင်းမှ မကြားရသေးပါဘူးရှင်။

XS
SM
MD
LG