သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အဖွဲ့ တိုက်ခိုက်ခံရမှု မြန်မာတဦးအား မလေးရှားရဲဖမ်းဆီး


ရခိုင်ခေါင်းဆောင်များဖြစ်ကြတဲ့ ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တို့ မလေးရှာမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာစဉ်။ (ရခိုင် CJFB)
ရခိုင်ခေါင်းဆောင်များဖြစ်ကြတဲ့ ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တို့ မလေးရှာမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာစဉ်။ (ရခိုင် CJFB)
ပြီးခဲ့တဲ့လတုန်းက မလေးရှားနိုင်ငံကို မြန်မာပြည်က ရောက်ရှိခဲ့တဲ့ ရခိုင်ခေါင်းဆောင်တွေကို သေနက်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ မသင်္ကာသူ မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထားပြီဖြစ်ပါတယ်။ အမှုမှန်ပေါ်ပေါက်ရေး နောက်ဆက်တွဲ စုံစမ်းဖော်ထုတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မလေးရှားရဲချုပ်က သတင်းမီဒီယာကိုပြောပါတယ်။ မလေးရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်ပေးနေတဲ့အပေါ် ကျေနပ်အားရမှုရှိပါတယ်လို့လည်း မလေးရှားသွားစဉ်က တိုက်ခိုက်ခံခဲ့ရသူများအနက် တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကလည်း ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့က မလေးရှားနိုင်ငံ Bukit Bingtan မှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင်အဖွဲ့ကို သေနက်နဲ့ပစ်ခတ်လုပ်ကြံမှုမှာ ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိပြီလို့ အမှုကို စုံစမ်းထောက်လှမ်းနေတဲ့ မလေးရှားရဲတပ်ဖွ့ဲက ပြောကြားလိုက်ပါတယ်။ ရဲချုပ် Tan Sri Khalid Abu Bakar က လုပ်ကြံမှုနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို လတ်တလောမှာပဲ ဖမ်းဆီးလိုက်နိုင်တာလို့ သတင်းမီဒီယာတွေကိုပြောဆိုပါတယ်။ ဒီဖမ်းဆီးမှုအပြီး အမည်မဖော်သေးတဲ့ မြန်မာနိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားအချို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်လက် စုံစမ်းထောက်လှမ်းဖော်ထုတ်နေတယ်လို့ မလေးရှားရဲတာဝန်ရှိသူတွေက ပြောပါတယ်။

မလေးရှားရဲတာဝန်ရှိသူတွေဘက်က အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်နေမှုနဲ့ပတ်သက်လို့ မလေးရှားသွားစဉ်က တိုက်ခိုက်ခံခဲ့ရသူများအနက် တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒေါက်တာအေးမောင်ကလည်း အမှုနဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းမှုတွေကို ကြားသိရပေမယ့် ဖမ်းဆီးထားတဲ့မြန်မာနိုင်ငံသားနဲ့ပတ်သက်လို့ သတင်းအတိအကျမသိရသေးဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“စစ်ဆေးနေတာကိုတော့ confirm လုပ်ပါတယ်။ ကျနော်တို့နဲ့ဆက်သွယ်ပြီးကာမှ အခုနက ဖမ်းထားတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်လို့ ရခိုင်လား၊ သို့မဟုတ် ဗမာတိုင်းရင်းသားလား၊ သို့မဟုတ် တခြားတိုင်းရင်းသားလားပေါ့၊ သို့မဟုတ် ဗမာမဟုတ်တဲ့ တခြားပုဂ္ဂိုလ်များလားဆိုတာ ကျနော်တို့ Confirm လုပ်ပါမယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ က စလို့ မလေးရှားရောက် ရခိုင်လူမူအဖွဲ့အစည်းတွေရဲ့ဖိတ်ကြားချက်နဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်နဲ့ ရခိုင်လူမူကွန်ယက်က တာဝန်ရှိသူတွေ မလေးရှားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီခွဲခန့်မှာ မလေးရှားနိုင်ငံ Jalan Alor အရပ် Low Yat ပလာဇာကအပြန်မှာ ဒေါက်တာအေးမောင်နဲ့ ဦးအေးသာအောင်တို့ စီးနင်းလာတဲ့ မော်တော်ကားကို အမည်မသိ ဆိုင်ကယ်စီးလူတချို့က နောက်ကနေလိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံတာခံခဲ့ရတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံတွင်းမှာ ရခိုင်ခေါင်းဆောင်အဖွဲ့ ပစ်ခတ်လုပ်ကြံခံရပြီးနောက်မှာတော့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မလေးရှား ရဲလုံခြုံရေးတာဝန်ရှိသူတွေက သူတို့အဖွဲ့ကို အထူးလုံခြုံရေးယူထားပေးပြီး လေဆိပ်အထိ လုံခြုံရေးယူ ပို့ဆောင်ပေးခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ အမှုဖွင့်ထားပြီးနောက် မလေးရှားနိုင်ငံနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေပူးပေါင်းပြီး အမှုမှန် ပေါ်ပေါက်ရေး မလေးရှား-မြန်မာနှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မှုတွေကို အားရကျေနပ်မိပါတယ်လို့လည်း ဒေါက်တာအေးမောင်ကပြောပါတယ်။

“ကျနော်တို့ကတော့ အားရပါတယ်။ ကျနော်တို့နိုင်ငံပြင်ပကလာတဲ့ အင်အားစုတွေက ဖြစ်စဉ်တစ်ခုကို ဖြစ်ပွားအောင် ဆောင်ရွက်တယ်လို့ သုံးသပ်ပါတယ်။ အဲဒါကြောင့် ဒီလိုဖြစ်စဉ်မျိုး သူတို့နိုင်ငံမှာ နောင်ဖြစ်လာမှာကို အင်မတန်စိုးရိမ်ပါတယ်။ အဲဒါကြောင့် တိတိကျကျ ဖော်ထုတ်ပြီးကာမှ လွှတ်တော်အမတ်ပဲဖြစ်ဖြစ်၊ တခြား သံတမန်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ လူမှုရေးအဖွဲ့အစည်းခေါင်းဆောင်တွေပဲဖြစ်ဖြစ် မလေးရှားကိုလာတဲ့အခါမှာ ဒါမျိုးမဖြစ်အောင် ဘယ်လိုစီစဉ်ရင်ကောင်းမလဲဆိုတာ သူတို့ Strategic ပီပီသသလေး ပုံဖော်နိုင်အောင် ကြိုးစားနေတယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် ကျေးဇူးလည်းတင်ပါတယ်။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း မူဆလင်နဲ့ဗုဒဘာသာ မတူကွဲပြားတဲ့ အုပ်စုတွေကြား ဘာသာရေးဆန်တဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ အခုလို မလေးရှားနိုင်ငံတွင်းမှာ တိုက်ခိုက်သတ်ဖြတ်မှုတချို့နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ မြန်မာသံရုံးကို တိုက်ခိုက်ရန်ကြံစည်မှုအပါအဝင် အကျဉ်းထောင်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG